Wednesday, February 17, 2016

ဘန်ကောက်နတ်ကွန်း ဗုံးခွဲမှုတွင် ထိုင်းရဲတပ်ဖွဲ့ နှိပ်စက်သဖြင့် အပြစ်ဝန်ခံခဲ့ရခြင်းဟု သံယယ တရားခံများဆို


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှု၏ သံသယ တရားခံများက မိမိတို့တွင် အမှန်တကယ် အပြစ်မရှိကြောင်းနှင့် ထိုင်းရဲများ၏ နှိပ်စက်ညှင်းပန်းမှုကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ လူပေါင်း ၂၀ မျှ အသက်ဆုံးရှုံးစေခဲ့သည့် ယမန်နှစ် ဗုံးကွဲမှုနှင့် ပတ်သက်ပြီး ဘီလယ်လ် မိုဟာမက်နှင့် ယူဆူဖူ မီရိုင်လီတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လူအမြောက်အမြား သတ်ဖြတ်မှု၊ စစ်လက်နက် ပစ္စည်းများ ကိုင်တွယ် အသုံးပြုမှုများဖြင့် တရားစွဲဆိုခဲ့သည်။ 
ဩဂုတ် ၁၇ ရက် ဗုံးခွဲမှုနှင့် ပတ်သက်၍ လုံခြုံရေး ကင်မရာ မှတ်တမ်းများကို အခြေခံကာ ထိုတရားခံ နှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဟု ထိုင်းရဲတပ်ဖွဲ့က ကြေညာသည်။

ယမန်နှစ် ဩဂုတ် ၁၇ ရက်က ဖြစ်ပွားခဲ့သော ဗုံးခွဲမှုနှင့် ပတ်သက်၍ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပြီး သံသယ တရားခံ နှစ်ဦးကို ဧပြီလကုန်ပိုင်းတွင် နောက်တစ်ကြိမ် ရုံးထုတ်ရန် စီစဉ်နေသည်။ ၎င်းတို့ နှစ်ဦးက ရဲများ၏ အပြင်းအထန် ဖိအားပေး နှိပ်စက်မှုများကြောင့် စွဲချက်များကို ဝန်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး တရားခံ ရှေ့နေအဖွဲ့က ယင်းအတွက် သက်သေများကို တရားရုံးတွင် တင်သွင်းသွားရန် စီစဉ်နေကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့သည် တရားခံအဖြစ် ၎င်းတို့ သတ်မှတ်သူများကို ဖိအားပေး နှိပ်စက်ကာ ဝန်ခံထွက်ဆိုစေတတ်ကြောင်း စွပ်စွဲမှုများအတွက် ယခင်ကတည်းက နာမည်ပျက်များစွာ ရှိနေခဲ့သည်။ တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ဟွိုက်မျိုးနွယ်စုဝင်များ ဖြစ်ကြသော သံသယ တရားခံ နှစ်ဦးက ဘန်ကောက်၏ လူသိအများဆုံး ဟိန္ဒူနတ်ကွန်းကို ဗုံးခွဲခဲ့ခြင်းသည် မိမိတို့ လုံးဝ မဟုတ်ကြောင်း တရားခံ ရှေ့နေအဖွဲ့ကို ပြောကြားခဲ့သည်။

ဘီလယ်လ်၏ ရှေ့နေဖြစ်သူ ရှူချတ်ကန်ပိုင်က မိမိ၏ အမှုသည်ရော၊ အခြား စွပ်စွဲခံ သံသယ တရားခံပါ အလားတူ အခြေအနေများကြောင့် အပြစ်ဝန်ခံခဲ့ရခြင်းဟု ထွက်ဆိုထားကြောင်း CNNသို့ ပြောကြားခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့က ယူဆူဖူသည် ဗုံးကို မိုဘိုင်းဖုန်း တစ်လုံး အသုံးပြုကာ အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ဘီလယ်လ်ကိုမူ ကြံရာပါအဖြစ် ဖမ်းဆီးခဲ့သည်။

ဖေဖော်ဝါရီ ၁၆ ရက် တရားခွင်တွင်မူ ထိတ်လန့်နေဟန်ရှိသည့် ယူဆူဖူက မိမိသည် တက္ကသိုလ် ကျောင်းသား တစ်ဦးမျှသာဖြစ်ပြီး အကြမ်းဖက်သမား တစ်ဦးမဟုတ်ကြောင်း၊ မိမိသည် အပြစ်ကင်းစင်သူ တစ်ဦးဖြစ်ကြောင်း တရားသူကြီးထံ လျှောက်လဲ ပြောကြားခဲ့သည်။ ထို့အပြင် ၆ လကြာမျှ ထိန်းသိမ်းခံထားရမှုကို စိတ်ပျက်ကြောင်းနှင့် တရားဥပဒေအရ ယင်းကိစ္စ အတွက် ဖြေရှင်းမှုတစ်ခု ရရှိလိုကြောင်းလည်း ၎င်းက လျှောက်လဲသွား ခဲ့သည်။

Ref: CNN
7Day News Journal

No comments:

Post a Comment

My Blog List