Wednesday, January 20, 2016

ဂုဏ်ပြုထိုက်သော ရဲရင့်နှလုံးသား ပါရမီဖြည့်ဖက်များ အပိုင်း(၁)



မြန်မာ့တပ်မတော်ရဲ့ သမိုင်းတစ်လျှောက်မှာ သူရမချစ်ပိုလို ရဲစွမ်းသတ္တိနဲ့ နှလုံးရည်ပြည့်ဝတဲ့ ပါရမီဖြည့်ဖက် တစ်ဦးပေါ်ထွက်ခဲ့သလို ဒီဘက်ခေတ်မှာလည်း ရဲစွမ်းသတ္တိရှိတဲ့ ပါရမီဖြည့်ဖက်ရဲမေတွေ ထပ်မံပေါ်ထွက်လာခဲ့ ပြီ ဖြစ်ပါတယ်။
မိန်းမသားပင် ဖြစ်လင့်ကစား တပ်မတော်သားတစ်ယောက်ရဲ့ ဇနီး မယားဘ၀ခံယူပြီးချိန်မှာ တော့ မောင်တစ်ထမ်းမယ်တစ်ရွက်ထုံးကို နှလုံးမူခဲ့ကြတယ်။ ခင်ပွန်းသည်နဲ့အတူ ပန်းခင်းလမ်းကို လျှောက်ရ ချိန်မှာ ရယ်မောပျော်ရွှင်ကြည်နူးခဲ့ပေမယ့် ဆူးခင်းလမ်းကို ဖြတ်သန်းဖို့ကြုံလာရင်လည်း စိတ်ပျက်အားငယ် မနေဘဲ ရင်ဆိုင်ကျော်လွှားရဲတဲ့ စိတ်ထားမျိုးလည်း မွေးမြူတတ်ခဲ့ပါတယ်။ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု မရှိတဲ့ နေရာဒေသတွေမှာ တာဝန်ထမ်းဆောင်ရတဲ့ တပ်မတော်သားတွေရဲ့ ဇနီးမယားတွေကတော့ သေနတ်သံ၊ ဗုံးသံ၊ မိုင်းကွဲသံများနဲ့ ယဉ်ပါးနေကြပြီဖြစ်သလို တိုက်ပွဲဟူသောအသံကလည်း သူမတို့အတွက် ကြားနေကျ ဘာသာစကားတစ်ခုလိုဖြစ်နေပါပြီ။

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ပါဝင်ဆောင်ရွက်တဲ့နေရာမှာ တပ်မတော်အနေနဲ့ ဆွေးနွေးညှိနှိုင်းခြင်းနဲ့ အဖြေရှာနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့နယ်မြေဒေသတွေမှာ ဆွေးနွေးအဖြေရှာလို့မရဘဲ တိုက်ပွဲတွေ ဖြစ်ပွားလျက် ရှိပါတယ်။ တိုက်ပွဲတွေဆီ တပ်မတော်သားတွေ သွားရောက်ရင်ဆိုင်တိုက်ခိုက်နေချိန် နောက်တန်းမှာတော့ နောက်ချန်အင်အားအနည်းစုနဲ့ ရဲမေမိသားစုတွေသာ ကျန်ရစ်ခဲ့ရပါတယ်။ ဒါကို ရန်သူက အခွင့်ကောင်းယူပြီး နောက်တန်းဌာနချုပ်တွေကို ၀င်ရောက်သိမ်းပိုက်ဖို့ လုပ်လာကြတယ်။ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ခံရရင် အရင်ဦးဆုံး နောက်ချန်စစ်သည်တွေနဲ့ ရဲမေမိသားစုဝင်တွေ ရန်သူ့လက်ထဲ ရောက်ရတော့ မယ်။

သူတို့လုပ်သမျှခံရတော့မယ်။ အဆုံးစွန်ဆုံးပြောရရင် နောက်တန်းမှာကျန်ရစ်ခဲ့တဲ့ စစ်သည်၊ ရဲမေတွေရဲ့ ဘ၀ဟာ မတွေးဝံ့စရာပါ။ နောက်ပြီးတော့ တပ်ရင်းရဲ့ဂုဏ်သိက္ခာ တစ်စစီပျက်စီးသွားရတော့မှာ။ အစဉ်အဆက် တာဝန်ကျေပွန်ခဲ့ကြတဲ့ အရာရှိ၊ စစ်သည်၊ ရဲမေတွေရဲ့မျက်နှာကို အိုးမဲသုတ်သလို ဖြစ်ရတော့မှာ။ အမည်းစက် ကြီးထင်ကျန်ရစ်ခဲ့မှာကို မလိုလားပါဘူး။ တပ်ရင်းကို ရန်သူ့လက်ထဲမပါရှိအောင် ကာကွယ်ရန်မှာ အဲဒီတပ်မှာ နေထိုင်တဲ့ အရာရှိ၊ စစ်သည်တွေမှာသာ တာဝန်ရှိတာမဟုတ်ဘဲ ရဲမေတွေမှာလည်း တာဝန်ရှိတယ်လို့ ခံယူပါ တယ်။ ဒါ့ကြောင့် တပ်ရင်းကိုသိမ်းပိုက်ဖို့ ကျူးကျော်လာတဲ့ ရန်သူတွေကို ပါရမီဖြည့်ဖက်ရဲမေတွေက မိန်းမသား ဟူသောစိတ်ကို မေ့ဖျောက်ကာ သတ္တိကို ရှေ့တန်းတင်ပြီး ပြန်လည်တိုက်ခိုက်ခဲ့ကြတယ်။

ပါရမီဖြည့်ဖက်ရဲမေများရဲ့ စွမ်းရည်သတ္တိနဲ့ နှလုံးရည်ရှိမှုကို အသိအမှတ်ပြုသောအားဖြင့် ၂၀၁၆ ခု၊ ဇန်န၀ါရီလ ၄ ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်နဲ့ ဂုဏ်ထူးဆောင်လက်မှတ်တို့ကို ရဲမေ ၂၁ ဦးအား ချီးမြှင့်အပ်နှင်းခဲ့တာ တွေ့ရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတိုက်ပွဲတွေ မှာ မိမိတပ်ရင်းဌာနချုပ်တွေကို MNDAA သောင်းကျန်းသူအဖွဲ့မှ အင်အားအလုံးအရင်းနဲ့ ၀င်ရောက်တိုက်ခိုက် စဉ် အသက်ကို ပဓာနမထားဘဲ တပ်ရင်းဌာနချုပ်တွေကို ရန်သူ့လက်ထဲမကျရောက်အောင် ကာကွယ်ပေးတဲ့ ရဲမေ ၁၃ ဦး၊ ကချင်ပြည်နယ် မံစီမြို့အခြေစိုက် တပ်ရင်းဌာနချုပ်အား KIA အဖွဲ့မှ လာရောက်တိုက်ခိုက်စဉ် တပ်ရင်းဌာနချုပ်ကို ကာကွယ်ပေးခဲ့တဲ့ ရဲမေ ၅ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ် ၀ိန်းကောင်ရွာ အခြေစိုက် တပ်ရင်းဌာနချုပ်ကို SSPP/SSA အဖွဲ့မှ လာရောက်တိုက်ခိုက်စဉ် ကာကွယ်ပေးခဲ့တဲ့ ရဲမေ ၃ ဦး၊ စုစုပေါင်း ၂၁ ဦးတို့ ရရှိခဲ့ခြင်းဖြစ်ပါတယ်။

ပြောမယုံကြုံမှသိဆိုသလို ရဲမေတွေရဲ့စွမ်းဆောင်မှုတွေဟာ အံ့သြလောက်စရာ၊ ချီးကျူးလောက်စရာ၊ ဂုဏ်ပြု ထိုက်စရာ ဖြစ်ပါတယ်။ သူတို့ဘာကြောင့် ခုလို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိခဲ့သလဲဆိုတာ သူတို့ရဲ့စွမ်းဆောင် မှုပုံရိပ်တွေက သက်သေပြနေပါတယ်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်ကာ လောက်ကိုင်ဒေသအား MNDAA သောင်းကျန်းသူအဖွဲ့က သိမ်းပိုက်ဖို့ ကျူးကျော်လာတဲ့အချိန်ဖြစ်ပါတယ်။ ဒီတော့နယ်မြေခံတပ်တွေက ရှေ့တန်းစစ်မျက်နှာ အသီးသီးကို ထွက်ခွာဖို့အသင့်ပြင်နေကြရတယ်။ MNDAA သောင်းကျန်းသူအဖွဲ့ကို ဦးဆောင်တဲ့ဖုန်ကြားရှင်ဟာ မိန်းမလို ဥာဏ်နီဥာဏ်နက်များတယ်။ ရှေ့တန်းမထွက်ခင် ကုန်းကြမ်းမှာ အခြေစိုက်တဲ့ ခလရ(-)ကို အင်အားအလုံး အရင်းနဲ့ တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားလာခဲ့တယ်။ အဲဒီအချိန်က MNDAA သောင်းကျန်းသူအဖွဲ့ဟာ ဒေသအခေါ် မာလုရွှေကျေးရွာနဲ့ လော်ကော်ကျိုင်းအနီးတစ်ဝိုက်မှာ အင်အား ၁၀၀ လောက်နဲ့ တောင်ကြော တစ်လျှောက်ပစ်ကျင်းတွေ၊ ဘန်ကာတွေတူးပြီး ရင်ဆိုင်တပ်စွဲထားတဲ့အချိန် ဖြစ်ပါတယ်။

အင်အားသာလွန်တဲ့ MNDAA အဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ပြန်လည်ပစ်ခတ်တိုက်ခိုက်ရင်း တပ်ရင်းမှူး ဒဏ်ရာရသွားတယ်။ တပ်ရင်းမှူး ဒဏ်ရာရသွားတော့ အရာရှိ၊ စစ်သည်တွေ ယမ်းပုံမီးကျဒေါသအိုးပေါက်ကွဲကြတော့တယ်။ “သေရင် သေပါစေ၊ ပစ်စမ်းကွာ၊ ဒီခွေးမသားတွေကို တရစပ်ပြန်ပစ်စမ်း” ဆိုတဲ့ တပ်ရင်းမှူးအမိန့်သံဟာ ဒဏ်ရာရနေပေ မယ့် မြည်ဟည်းစွာ ထွက်ပေါ်လာပါတယ်။ အိမ်ထောင်သည်လိုင်းတွေမှာတော့ ရဲမေတွေဟာ မိမိတို့ရဲ့ သားသမီးတွေကို ရင်ခွင်ထဲထွေးပွေ့ပြီး အခြေအနေကို စောင့်ကြည့်နေကြတယ်။ သေနတ်သံ၊ ဗုံးသံတွေက ကြောက်မက်ဖွယ် ကျယ်လောင်လာတော့ ကလေးတွေက အလန့်တကြား ငိုယိုကြတော့တာပေါ့။ အဲဒီ အချိန်ဟာ ကမ္ဘာပျက်မတတ်ပါပဲ။ ခင်ပွန်းသည်က ရန်သူနဲ့ရင်ဆိုင်တိုက်နေတာက သေသလား၊ ရှင်သလား မပြောတတ်။ ကလေးတွေရဲ့ ငိုယိုအော်ဟစ်သံတွေကိုလည်း သူမတို့ မနှစ်သိမ့်ပေးနိုင်ဖြစ်နေရတာပေါ့။

“တပ်ရင်းမှူးကို ထိသွားပြီ၊ အရာရှိ စစ်သည်တွေလည်း တောင့်ခံနေရတယ်၊ ငါတို့ အိမ်ထဲမှာ အောင်းနေလို့ မရဘူး၊ ငါတို့ တတ်နိုင်တဲ့ဘက်က ကူညီရမယ်” ဆိုပြီး ရဲမေတစ်ဦးရဲ့ အော်ဟစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာတယ်။ အံကိုတင်းတင်းကြိတ်၊ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ လိုင်းခန်းအသီးသီးကနေ ပြေးထွက်လာကြတယ်။ ထမီကပိုကရိုနဲ့မဖြစ်ဘူးဆိုတာ သိသိချင်း လိုင်းခန်းထဲပြန်ပြေးဝင်ကြတယ်။ သေနတ်သံတွေကလည်း တဒိုင်းဒိုင်းနဲ့ ဆူညံနေပြီ။ နို့စို့အရွယ်ကလေးတွေကလည်း ကြောက်လန့်ပြီး ငိုယိုနေ ကြလေရဲ့။ မိခင်ဆီကိုပြေးလာပြီး ချီခိုင်းနေလေရဲ့။ ဒါပေမယ့် ယူနီဖောင်းဝတ်၊ အီကွေးမင့်ပတ်၊ တောစီးဖိနပ်စီး၊ တောဆောင်းဦးထုပ်ဆောင်းပြီး သားငယ်၊ သမီးငယ်တို့အား အနမ်းခပ်ဖွဖွပေးဖြစ်တယ်။ ရင်ထဲမှာတော့ ဗလောင်ဆူနေတယ်။

ဗဟိုကင်းဆီကို ပြေးရမလား၊ သားငယ်ကိုပွေ့ချီပြီး အငိုတိတ်အောင် နို့ချိုတိုက်ကျွေးရ မလား စဉ်းစားကြည့်တယ်။ နောက်ဆုံးတော့ ဗဟိုကင်းဆီသို့ မာန်ပါတဲ့ ခြေလှမ်းကျဲများနဲ့ ပြေးလာခဲ့ကြ တော့တယ်။ ဗဟိုကင်းကနေ သေနတ်ထုတ်ပြီးတာနဲ့ ဆက်သွယ်ရေးမြောင်းဆီ အပြေးအလွှားပြေးလာခဲ့ကြ တယ်။ ဆက်သွယ်ရေးမြောင်းထဲ ခုန်ဝင်ပြီး ပစ်ကျင်းအသီးသီးမှာ နေရာယူလိုက်ကြတယ်။ “လာစမ်းဟဲ့ ဖုန်ကြားရှင်အဖွဲ့”လို့ အော်ဟစ်ကာ စစ်သည်များနဲ့ အတူတရစပ် ပစ်ခတ်ကြတော့တယ်။ ရဲမေတချို့ကတော့ ကိုယ်ကျွမ်းကျင်တဲ့ ဘာသာစကားနဲ့ MNDAA သောင်းကျန်းသူအဖွဲ့ရဲ့ ပြောဆိုဆက်သွယ်မှုတွေကို တပ်ရင်း ဆက်သွယ်ရေးတပ်ခွဲက ဖမ်းယူရရှိတဲ့အခါ မှန်ကန်စွာဘာသာပြန်ပေးခဲ့ကြတယ်။ အဲဒီလို ကြိုတင် သတင်းရရှိမှု မှန်ကန်တာကြောင့် MNDAA အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ၊ ချီတက်လာတဲ့လမ်းကြောင်းတွေကို သိရှိပြီး တပ်မတော်စစ်ကြောင်းတွေက ထိထိရောက်ရောက် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်။ ညံခွမ်းမှာရှိတဲ့ ခလရ(-)ကို MNDAA သောင်းကျန်းသူအဖွဲ့ အင်အားအလုံးအရင်းနဲ့ လာဝိုင်းတော့လည်း ဒီအတိုင်းပဲ ရဲမေတွေက တာဝန် ကျေပွန်ခဲ့ကြတယ်။ သေနတ်သံတွေ စဲသွားပြီ၊ ကလေးငိုသံတွေ တိတ်သွားပြီ။ တပ်ရင်းရဲ့ ဂုဏ်သိက္ခာကိုလည်း ကယ်တင်နိုင်ခဲ့ပြီ။ ချီးကျူးထိုက်သော ပါရမီဖြည့်ဖက်များပါပေ။ သားသမီးကိုပစ်၊ အသက်သေရမှာကိုပင် မတွန့်ဆုတ်ခဲ့ကြတဲ့ ရဲမေတွေရဲ့စွမ်းဆောင်မှုတွေကို တပ်မတော်ကလည်း အသိအမှတ်ပြုခဲ့ပါတယ်။

အပိုင်း(၂)အား ဆက်လက်ဖော်ပြပေးပါမည်။

‪#‎ဇော်အောင်‬
Myanmar Military News

No comments:

Post a Comment

My Blog List