Wednesday, January 20, 2016

"ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံအား ပြင်ဆင်ပြီး facebook တွင်ဖြန့်ဝေ ခဲ့သည့်အမှု တရားလိုပြ သက်သေ စတင်စစ်ဆေး"


ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံအား Photoshop ဖြင့်ပြင်ဆင်ထားသည့် ပုံကို Facebook တွင် ဖြန့်ဝေခဲ့သည် ဟုဆိုကာ တရားစွဲခံရသည့် ကန်ကြီး ထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယအတွင်းရေးမှူး ဦးသန်းထွန်း အမှုအား ဇန်န၀ါရီလ ၁၉ ရက်နေ့ ရုံးချိန်းတွင် တရားလိုပြသက်သေကို စတင်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
(၅)ကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြ သက်သေ အမှတ် ၁ ဖြစ်သော ဦးရဲဝေအာင်ကို စတင်စစ်ဆေးခဲ့ပြီး ၎င်းမှ မိမိကိုယ်တိုင် မြို့နယ်လူမှု အသင်း၏ ခေါင်းဆောင်ဖြစ်နေ၍ လူမှုရေးလုပ်ငန်းများနှင့် ပတ်သက်ပြီးဦးသန်းထွန်းနှင့် အတူတွဲ၍ ပြောဆိုလုပ်ကိုင်ခဲ့ဘူးသောကြောင့် သူသူ အကောင့်မှာ ဦးသန်းထွန်း၏ အကောင့်ဖြစ်ကြောင်း ကန်ကြီးထောင့်မြို့နယ် တရားရုံးတွင် ထွက်ဆိုခဲ့သည်။

“တစ်ဖက်ရှေ့နေအနေနဲ့ ဒီရုံးချိန်မှာ ဦးသန်းထွန်း အပြစ်မရှိကြောင်း သက်သေထူနိုင်ဖို့ ယေဘုယျဆန်တဲ့ အဓိပ္ပါယ် လိုသလို စွဲယူနိုင်တဲ့ မေးခွန်း မျိုးတွေကို မေးခဲ့ပါတယ်။ ဥပမာ မည်သူမဆို ဦးသန်းထွန်း ဓါတ်ပုံကို ရယူနိုင်ပြီး အကောင့်တစ်ခုအဖြစ် ဖန်တီးနိုင်တယ်ဆိုတာ ဟုတ်သလား မဟုတ်ဘူးလားဆို တဲ့မေးခွန်းမျိုးပေါ့။ ဒီလိုမေးခွန်းက ဘယ်သူမေးမေး ဟုတ်ပါတယ်လို့ပဲဖြေရမယ့် မေးခွန်းမျိုးပါ။ အဲဒီလို မေးခွန်းမျိုးတွေမေးပြီး အပြစ်ကိုပုန်းကွယ်ဖို့ကြိုးစားနေဟန်ရှိတယ်။” ဟု တရားရုံးတွင် ထွက်ဆို ခဲ့သည့် တရားလိုပြ သက်သေ ဦးရဲဝေအောင်က ပြောသည်။

ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ တွဲဘက်အတွင်းရေမှူး ဦးသန်းထွန်းမှာ စက်တင်ဘာ(၂) ရက်နေ့ ညနေ (၆း၄၂)နာရီခန့်က ၎င်းသုံးစွဲနေသည့် Thu Thu အမည်ရှိ Facebook အကောင့်တွင် အဆိုပါ ဓါတ်ပုံများအား တင်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို အမှုဖွင့် မတိုင်ကြားခင်က Thu Thu မှာ မိမိအကောင့် ဖြစ်၍ မိမိမှာတာဝန်ရှိ သည်ဟု ဦးသန်းထွန်းက မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှုးနှင့် မြို့နယ်ရွေးကောက်ပွဲ အငြင်းပွားမှု ဖျန်ဖြေရေးအဖွဲ့ ခေါင်းဆောင်တို့ရှေ့တွင် ပြောဆိုဝန်ခံခဲ့ပြီး မြို့ခံ လူငယ်များ၏ တောင်းဆိုသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်၏ ဓါတ်ပုံ ရှေ့တွင် မြန်မာ့ရိုးရာဓလေ့ အတိုင်းဝန်ချ တောင်းပန်မည်ဟု မြို့၏ ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်များ ရှေ့တွင် ပြောဆိုခဲ့သော်လည်း ၎င်းမှ တောင်း ပန်ဝန်ချ ရန် ကတိပျက်ကွက်သဖြင့် ဥပဒေကြောင်းအရ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း အမှုဖွင့် တိုင်ကြားခဲ့သူ ကိုစည်သူအောင်က ပြောသည်။

“ဒီအမှုက အရမ်းအရေးကြီးပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ညစ်ညမ်းဓါတ်ပုံ ညစ်ညမ်းတဲ့ လိင်မှုကိစ္စ အရေးအသား အွန်လိုင်းကနေ ဖြန့်ဝေခဲ့တာ ဖြစ်တယ်။ လူထုခေါင်းဆောင်ကို ဒီလို စော်ကားတာကလည်း ကျွန်မတို့ တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ တစ်ဖက်ကကြည့်ရင်လည်း အမျိုးသမီးတစ်ဦးကို ဒီလို ပြုမူတာကလည်း မိခင်အမျိုးထု တစ်ရပ်လုံးကို ပြုမူတာနဲ့အတူတူပါပဲ။” ဟု တရားလို၏ ရှေ့နေ ဒေါ်သင်းသင်းနွယ်က ပြောသည်။

ထို့ကြောင့် မြန်မာပြည်တွင် နောက်ထပ် ယခုကဲ့သို့ အဖြစ်အပျက် မျိုးထပ်မဖြစ်ရေးအတွက် အမှန်တရား ပေါ်ပေါက်ရေးကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တစ်ဖက်ရှေ့နေအနေဖြင့်လည်း ၎င်း၏ အမှုသည် အပြစ်သက်သာအောင် ကြိုးစားခြင်းသည် ရှေ့နေတစ်ဦး၏ တာဝန်နှင့် အခွင့်အရေးပင်ဖြစ်ကြောင်း ၎င်းက ဆက် ပြောသည်။

အဆိုပါ အမှုမှာ ဒီဇင်ဘာ(၂) ရက်နေ့မှ စတင်၍ အီလက်ထရောနစ်နှင့် ဆက်သွယ်ရေးဆိုင်ရာဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆို ကြားနာလျှက် ရှိသော အမှုဖြစ်ပြီး အဆိုပါ အမှု၏တရားလိုပြ သက်သေ (၅)ဦး အား ဆက်လက်စစ်ဆေးနိုင်ရန်အတွက် ဇန်န၀ါရီလ(၂၈) ရက်နေ့တွင် ထပ်မံချိန်းဆိုလိုက်သည်။

News - MMK
Yangon Media Group

No comments:

Post a Comment

My Blog List