Wednesday, January 20, 2016

နယူးဇီလန်မှာ လင်းလက်လာသည့် ချင်းကြယ်ပွင့်


နယူးဇီလန်နိုင်ငံတွင် ပြောင်းရွှေ့အခြေချ နေထိုင်သူ မြန်မာနိုင်ငံသားဖွား ချင်းလူငယ်တစ်ဦးဖြစ်သည့် လယ်စင်ဇာသည် ကန်တာဘူရီတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီး နယူးဇီလန် ချင်းအသိုင်းအ၀ိုင်းတွင် ပထမဆုံး အင်ဂျင်နီယာဘွဲ့ ရသူ ဖြစ်လာခဲ့သည်။
အသက် ၂၄ နှစ်ရှိ လယ်စင်ဇာက “နယူးဇီလန်မှာတော့ ကျွန်တော် ပထမဆုံးပဲ ထင်တယ်” ဟု ဂုဏ်ယူစွာ ပြောကြားခဲ့သည်။ လယ်စင်ဇာသည် အသက် ၁၄ နှစ်အရွယ် ၂၀၀၆ တွင် မြန်မာနိုင်ငံမှ နယူးဇီလန်နိုင်ငံ ၊ နယ်လ်ဆင် မြို့သို့ ပြောင်းရွှေ့ လာခဲ့ပြီး နယ်လ်ဆင်ကောလိပ်တွင် ပညာသင်ကြားခဲ့သည်။

ကောလိပ်တွင် စာကြိုးစားသူတစ်ဦး ဖြစ်ကြောင်း နေအိမ်ရှိ ဆုတံဆိပ်များက သက်သေပြနေပြီး တက္ကသိုလ်တွင်လည်း အလားတူ ဆက်လက် ကြိုးစားခဲ့သည်ဟု ဆိုသည်။ မိခင်ဖြစ်သူ ဆူစင်ဇာက “သူ တက္ကသိုလ်ကနေ အိမ်ကို ခဏပြန်လာတော့ မုတ်ဆိတ်မွေးတွေ ရှည်နေတယ်။ ဘာလို့ မုတ်ဆိတ်မွေး အရှည်ထားတာလဲလို့ မေးတော့ စာကြည့်နေတာနဲ့ မရိတ်အားလို့လို့ ပြန်ဖြေတယ်” ဟု ရယ်ရင်းပြောပြသည်။

သူ့အတွက် ကျွန်မတို့ ဂုဏ်ယူပါတယ်။ ကျွန်မတို့ အသိုင်းအ၀ိုင်းက ဂုဏ်ယူပါတယ်” ဟု မိခင်ဖြစ်သူ ဆူစင်ဇာက ဆိုသည်။

လယ်စင်ဇာက သင်္ချာ၊ ရူပဗေဒ နှင့် ဓာတုဗေဒ ဘာသာရပ်များကို နှစ်ခြိုက်သဖြင့် အင်ဂျင်နီယာ ဘာသာရပ်ကို သင်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ နယူးဇီလန် နိုင်ငံသို့ ရောက်ရှိလာပြီး တက္ကသိုလ် တက်ရန် ကြိုးစားရာတွင် အကြီးမားဆုံး စိန်ခေါ်မှုမှာ အင်္ဂလိပ်ဘာသာစကား တိုးတက်ကောင်းမွန်စေရန် ကြိုးစားရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒါက ကြီးမားတဲ့ ပြောင်းလဲမှုပါ။ အင်္ဂလိပ်ဘာသာက ကျွန်တော့်အတွက် တတိယဘာသာစကားပါ။ ချင်းက မိခင်ဘာသာစကားဖြစ်ပြီး ဗမာဘာသာက ဒုတိယဘာသာ စကားပါ။ အင်ဂျင်နီယာဘာသာရပ်က အင်္ဂလိပ်စာ လိုအပ်ချက်များတဲ့အတွက် ကျွန်တော့် အတွက် အဓိက စိန်ခေါ်မှုဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ အဆင်ပြေနေပါပြီ” ဟု လယ်စင်ဇာက ဆိုသည်။
နိုင်ငံပြောင်းရွှေ့ နေထိုင်ရာတွင် အဓိက အပြောင်းအလဲမှာ အစားအစာနှင့် ရာသီဥတုဖြစ်ပြီး အကြီးမားဆုံး ကွာခြားမှုမှာ ပညာရေးစနစ်ဖြစ်သည်ဟု ယင်းက ဆိုသည်။

“မြန်မာနိုင်ငံမှာ ဆရာတွေက စာမျက်နှာတွေ အများကြီးပေးကာ အလွတ်ကျက် ခိုင်းပြီးနောက် နောက်နေ့နံနက်မှာ ပြန်မေးတတ်ပါတယ်။ ကျွန်တော်တို့ ကြိုးစား ကျက်မှတ်ပေမယ့် ရက်သတ္တပတ် အနည်းငယ်ကြာရင် မေ့သွားပါတယ်” ဟု လယ်စင်ဇာ က ပြောကြားခဲ့သည်။ နယူးဇီလန်ရှိ ပညာရေးစနစ်မှာမူ ကွဲပြားခြားနားပြီး “ကားတစ်စီး ရွေ့နေတာကြည့်ပြီး တွန်းအားပုံစံတွေ စဉ်းစားမယ်၊ အလေးချိန် ဗဟိုချက်ကို စဉ်းစားမယ်ပေါ့။ အားလုံး အလွတ်ကျက်စရာမလိုဘဲ ပြသ၁နာကိုပဲ စဉ်းစားပြီး အဖြေရှာ ရတာပါ” ဟု ပြောကြားသည်။

နယ်လ်ဆင်မြို့ Fulton Hogan ကုမ္ပဏီတွင် လက်ရှိအလုပ်ဝင်နေသည့် လယ်စင်ဇာသည် ချင်းဘာသာ စကားနှင့် မြန်မာစကားကို ယခုအထိ ပြောဆိုနေဆဲဖြစ်ပြီး နယူးဇီလန်ရှိ ချင်းလူငယ်အဖွဲ့အစည်းတွင်လည်း တက်ကြွစွာ ပါဝင်လျက်ရှိသည်ဟု ဆိုသည်။

မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခြင်းအတွက် နေအိမ်တွင် ဂုဏ်ပြုပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ဂုဏ်ပြုပွဲသို့ နယူးဇီလန် အခြားဒေသများတွင် ပညာသင်နေသော လယ်စင်ဇာ၏ မောင်နှမများနှင့် သြစတြေးလျတွင် အလုပ်လုပ်နေသည့် အစ်မဖြစ်သူတို့ တက်ရောက်ခဲ့သည်ဟု လယ်စင်ဇာ၏ ဖခင်က ဂုဏ်ယူစွာ ပြောကြားခဲ့သည်။

KHTun
Ref - University of Cantebury
The Ladies News

No comments:

Post a Comment

My Blog List