Wednesday, January 20, 2016

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရငွေ ကျပ်ဘီလျံ ၁၇၄၄၈ ဒသမ ၆၉၀ နှင့် သုံးငွေ ကျပ် ၂၀၇၄၂ ဘီလျံ လျာထားအတည်ပြု၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော် အတည်ပြု


၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရငွေ ကျပ်ဘီလျံ ၁၇၄၄၈ ဒသမ ၆၉၀ နှင့် သုံးငွေ ကျပ် ၂၀၇၄၂ ဘီလျံ လျာထားအတည်ပြု၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဇန်န၀ါရီ ၁၉ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။ အစိုးရအဖွဲ့မှ တင်သွင်းသည့် ဥပဒေကြမ်းတွင် လာမည့်ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ သုံးငွေပိုင်းတွင် လျာထားငွေ ကျပ် ၂၁၃၇၁ ဘီလျံမှ ကျပ် ၆၂၉ ဘီလျံကို ဖြတ်တောက်ကာ လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖြတ်တောက် အတည်ပြုခဲ့ခြင်းကြောင့် လိုငွေ လျော့ကျသွားမည်ဖြစ် ကာ လိုငွေနှင့် ဂျီဒီပီအချိုးမှာလည်း မူလ ၄ ဒသမ ၆၆ ရာခိုင်နှုန်းမှ ၄ ဒသမ ၁၆ ရာခိုင်နှုန်းခန့်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု၏ အသုံးစရိတ်တွင် ယခုကဲ့သို့ ကျပ် ၆၂၉ ဘီလျံ ဖြတ်တောက်ခွင့်ပြုခြင်းမှာ ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် အများဆုံးဖြစ်ကြောင်း သိရသည်။

“သာမန် အသုံးစရိတ်ကတော့ သဘောသဘာဝအရ ဖြတ်လေ့မရှိဘူး။ အခု ဖြတ်တောက်ခဲ့တာတွေကို ကြည့်လိုက်ရင် ပြည်ထောင်စု လွှတ်တော်မှာ စီမံ/ဘဏ္ဍာ ပူးပေါင်း ကော်မတီအောက်ကနေ ၁၉ ဖွဲ့ ဖွဲ့ထားတယ်။ တစ်ဖွဲ့ကို သက်ဆိုင်တဲ့ ၀န်ကြီး ဌာနတွေကို ခေါ်တွေ့ပြီးတော့ ဆောင်ရွက်မယ့်လုပ်ငန်းနဲ့ ခွင့်ပြုထားတဲ့ ငွေကများနေတော့ အဲဒါတွေကိုလျှော့ခိုင်းတယ်။ နောက် ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းမှာ တစ်နှစ်ချင်းပြီး နိုင်မယ့်ဟာလား သိပ်ပြီးတော့ ကြာမှပြီးမယ့်ဟာလားပေါ့။ အဲဒါတွေ ဆွေးနွေးတယ်။ ပြီးတော့ အစုအဖွဲ့တွေကနေ အဆိုပြုတယ်။ အဆိုပြုချက်ကို သူတို့က ညှိနှိုင်းပြီးတော့ သဘောတူညီချက် ရပြီးတော့ အခု ၆၂၉ ဘီလျံ ဖြတ်တာ”ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ဦးစောလှထွန်းက ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်က ဥပဒေကြမ်းပါ လျာထားသုံးငွေများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၏ အသုံးစရိတ်မှ ကျပ်သန်း ၅၉၁ ဒသမ ၁၊ ၀န်ကြီးဌာနများ၏ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ပြည်ထဲရေး ၀န်ကြီးဌာနမှ ကျပ်သန်း ၁၉၆၀၄ ဒသမ ၄၉၈၊ သမ၀ါယမ ၀န်ကြီးဌာနမှ ကျပ်သန်း ၁၇၄၅ ဒသမ ၃၁၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ကျပ်သန်း ၁၁၁၃၅၀ ဒသမ ၆၈၃၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ ကျပ်သန်း ၈၀၀၀၁ ဒသမ ၂၈၅၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ကျပ်သန်း ၅၀၄၇ ဒသမ ၄၈၊ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ကျပ်သန်း ၁၂၈၅၀၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ကျပ်သန်း ၆၄ ဒသမ ၂၅၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကျပ်သန်း ၃၁၂၇၆ ဒသမ ၉၉၈၊ အားကစား ၀န်ကြီးဌာနမှ ကျပ်သန်း ၁၃၆ ဒသမ ၅၂၉၊ ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ကျပ်သန်း ၄၇၀၊ ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ကျပ်သန်း ၄၁၉၉ ဒသမ ၃၃၉၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ကျပ်သန်း ၉၁၉ ဒသမ ၃၇၅၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ကျပ်သန်း ၇၇၉၆၆ ဒသမ ၆၇၅၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ကျပ်သန်း ၂၉၀ ဒသမ ၇၅ ဖြတ်တောက်ရန် လွှတ်တော်က အတည်ပြုခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နေပြည်တော် ကောင်စီ၏ ငွေလုံးငွေရင်း သုံးငွေ လျာထားကျပ် ၁၀၀၀၀ မှ ကျပ်သန်း ၁၂၃၆ ဒသမ ၂၈၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီအတွက် ထောက်ပံ့ငွေ လျာထား ကျပ်သန်း ၁၅၆၆၆ ဒသမ၂၁၄ မှ ကျပ်သန်း ၅၀၀၀ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေလုံးငွေရင်း လျာထားသုံးငွေ ကျပ်သန်း ၁၈၅၆ ဒသမ ၂၀၃ မှ ကျပ်သန်း ၁၇၃ ဒသမ ၂၅၉ ကို ဖြတ်တောက်ရန်လည်း လွှတ်တော်က အတည်ပြုခဲ့သည်။

ထို့အတူ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများမှ လျာထားသုံးငွေများမှလည်း စိစစ်ဖြတ်တောက်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List