Wednesday, January 20, 2016

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များတွင် ဗိုလ်ချုပ်အဆင့်အထိ ပါဝင်နေခြင်းမှာ အတိုက်အခံပါတီမှ နေရာအများစု ရရှိလာခြင်းကြောင့်ဖြစ်ဟု လေ့လာသူများဆို


လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်မည့် လွှတ်တော် သက်တမ်းအသစ်တွင် အနိုင်ရပါတီ အန်အယ်လ်ဒီသည် ယခင်က အတိုက်အခံပါတီ ဖြစ်နေသည့်အပြင် အမြဲတမ်း အတိုက်အခံဖြစ်ခဲ့သည့် ပါတီဖြစ်နေခြင်းကြောင့် တပ်မတော်သားကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ပိုမိုအလေးအနက်ထား ရွေးချယ်ခြင်း ဖြစ်ပြီးဗိုလ်ချုပ် အဆင့်ရှိသူများ ပါဝင်လာခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူ အချို့ကသုံးသပ်သည်။
လာမည့်လွှတ်တော်တွင် တက်ရောက်မည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းတွင် ပြည်သူ့လွှတ်တော် အတွက် ဗိုလ်ချုပ် ၂ ဦး၊ အမျိုးသားလွှတ်တော် အတွက် ဗိုလ်ချုပ် တစ်ဦး ပါဝင်လာခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ် များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၁ အရ တပ်မတော်သား ကိုယ်စားလှယ်များအဖြစ် ဇန်န၀ါရီ ၁၈ ရက်တွင် ကြေညာခဲ့သည်။

“အရင်တုန်းကဆိုရင် ဗိုလ်မှုးချုပ်လောက် အကြီးဆုံး လွှတ်နေတာကနေ ပြီးတော့အခုဆိုရင် ဗိုလ်ချုပ်အဆင့်ကိုပါ ဦးဆောင်ပြီး လွှတ်တယ်ဆိုတာ တွေ့ရပါတယ်။

တွေ့ရတော့ အခုဆိုရင်လည်း ဒီဘက်ကဆိုရင် အမျိုးသား လွှတ်တော်မှာဆိုရင် DSA23 က ဗိုလ်ချုပ်သန်းစိုး ပြည်သူ့လွှတ်တော်မှာ ဆိုရင်လည်း တေဇ ၁၀ က ဗိုလ်ချုပ်တောက်ထွန်း DSA 27 က ဗိုလ်ချုပ် သန်းထွတ်သိန်းတို့ ပါလာတယ်” ဟုတကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့ မှ အမှုဆောင် ဒါရိုက်တာ ကိုရဲ က ပြောသည်။

ယင်းအပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကဲ့သို့ ကိစ္စရပ်များတွင် ယခင်အတိုက်အခံ အင်အားစုဘက်မှ ဖိအားပေး လာနိုင်ခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။

“ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းကို ပြန်ကြည့်မယ်ဆိုရင် တပ်အနေနဲ့ကတော့ ဥပဒေပြုရေးထက်စာရင် ဒီအထဲမှာ တခြားနိုင်ငံရေး အင်အားစုတွေရဲ့ ခြေလှမ်းကို ထိန်းညှိဆောင်ရွက်ဖို့ သူတို့ရဲ့ အကျိုးစီးပွားကို ဒါမှမဟုတ် သူတို့ရဲ့အနေအထားကို ထိခိုက်မယ့် ဥပဒေမျိုး ဒါမှ မဟုတ်ရင်လည်း သူတို့မကြိုက်တဲ့ ဥပဒေမျိုး တွေ့တဲ့အခါကျရင် ကန့်ကွက်တာတို့ ငြင်းတာတို့ အဓိက ပြုလုပ်တယ် ။ သူတို့ကစပြီးတော့ ဥပဒေပြုရေးကို ဆောင်ရွက်တာ မတွေ့ရဘူး။ ဥပဒေပြုရေး ဆိုတဲ့နေရာမှာအခြေခံဥပဒေကိုတော့ သူတို့အနေနဲ့ အတိုင်းအတာ တစ်ခုအထိ ဆက်ပြီးတော့ထိန်းထားနိုင်မယ် ထိန်းထားဖို့လို့ မြင်တယ်” ဟု ကိုရဲက ပြောသည်။

တပ်မတော်သား ကိုယ်စားလှယ်များ အဖြစ် လွှတ်တော်သို့ တက်ရောက်မည့်ဗိုလ်ချုပ် သန်းစိုးသည် တွဲဖက်စစ်ရေးချုပ်မှ စစ်ရေးချုပ် အဖြစ် တပ်မတော်တွင်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး၊ ဗိုလ်ချုပ် တောက်ထွန်းမှာ တပ်မတော် အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ၊ ဗိုလ်ချုပ်သန်းထွတ်သိန်းသည် ဒုတိယတပ်မတော် စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၏ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ စာရင်းတွင် အမှတ် ၅၀၂လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင် ပါဝင်သည်ကိုလည်း တွေ့ရပြီး ဗိုလ်မှူးချုပ် သိန်းနိုင်သည် DSA -21 သင်တန်းဆင်းဖြစ်ပြီး အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ပြုံးပြုံးရွှေနဲ့  အိမ်ထောင်ကျခဲ့သူလည်း ဖြစ်သည်။

တပ်မတော်သား ကိုယ်စားလှယ် ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်တွင်တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်တွင်တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦးနှင့် ကချင်ပြည်နယ် လွှတ်တော်အတွက်တပ်မတော်သား ကိုယ်စားလှယ် ၁၃ ဦး၊ ကယားပြည်နယ် လွှတ်တော်အတွက် ငါးဦး၊ကရင်ပြည်နယ် လွှတ်တော်အတွက် ၆ ဦး၊ ချင်းပြည်နယ် လွှတ်တော်အတွက် ၆ ဦး၊စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အတွက် ၂၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အတွက် ၇ ဦး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်အတွက် ၁၉ ဦး၊မကွေးတိုင်းဒေသကြီး လွှတ်တော်အတွက် ၁၇ ဦး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် ၁၉ ဦး၊ မွန်ပြည်နယ် လွှတ်တော်အတွက် ၈ ဦး၊ ရခိုင်ပြည်နယ် လွှတ်တော်အတွက် ၁၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွက် ၃၁ ဦး၊ရှမ်းပြည်နယ် လွှတ်တော်အတွက် ၃၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အတွက် ၁၈ ဦး တို့ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှသိရသည်။

သတင်း - ဇော်မင်းထွန်း
photo - www.article19.
The Ladies News Journal


No comments:

Post a Comment

My Blog List