Tuesday, January 19, 2016

ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေး လွှတ်တော်ပြင်ပမှ ကြိုးပမ်းမည်ဟု SSPP ဆုံးဖြတ်


ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က စစ်မှန်သော ဒီမိုကရေကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရန်အတွက် လွှတ်တော်ပြင်ပနည်းလမ်း ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အပါအဝင် အချက် ၆ ချက်ကို ၂၀၁၅ ခုနှစ် ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။
ဇန်နဝါရီလ ၄ ရက်မှ ၁၇ ရက်ထိ ဗဟိုဌာနချုပ် ဝမ်ဟိုင်းတွင် ကျင်းပခဲ့ရာ လက်ရှိ ဖြစ်ပေါ် တိုးတက်နေသော အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် အခြေအနေများကို ဆွေးနွေးသုံးသပ်၍ ဆုံးဖြတ်ချက်ခြင်း ဖြစ်သည်။

“အရေးကြီးဆုံးက စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ လမ်းစဉ်ကို သွားနိုင်အောင်၊ လွှတ်တော်ပြင်ပမှာ ဆွေးနွေးပြီးတော့ ကျနော်တို့ ဆောင်ရွက်သွားမယ်လို့ သဘောတူပြီးတော့ ထုတ်ပြန်ထားတာ ရှိပါတယ်။ အခု အစိုးရနဲ့က နှစ်ဖက်တပ်များ ဆုတ်ခွာပေးဖို့မူ အတိုင်းဆောင်ရွက်နေပါတယ်။ အခုဆွေးနွေးဖို့က လာမယ့် အစိုးရနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု SSPP မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဗိုလ်မှူး စိုင်းဆုက မဇ္ဈိမကို ပြောသည်။

စစ်ရေးနည်းဖြင့် အင်အားသုံးမဖြေရှင်းဘဲ စစ်မှန်သော နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားရန်၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်နှင့် စစ်မှန်သော ဒီမိုက ရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရန်အတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ အခြား အဖွဲ့အစည်းများ အားလုံးနှင့် လွှတ်တော် ပြင်ပနည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူဆုံးဖြတ်ခဲ့သည်ဟု ကြေငြာချက် ထုတ်ပြန်ထားသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနမှူးများနှင့် တပ်မှူးများမှ ၂၀၁၅ ခုနှစ် လုပ်ဆောင်ခဲ့သော နိုင်ငံရေး၊ တပ်ပိုင်း၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး စသည့် လုပ်ငန်းများကို ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများ အကောင်အထည်ဖော်နိုင်မှု၊ အားသာချက်များ၊ အားနည်းချက်များ ဆွေးနွေးသုံးသပ်ခဲ့သည်ဟု သိရသည်။

ထို့ပြင် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ရှမ်းပြည်တိုးတက်ရေးပါတီမှ မူလချမှတ်ထားသော မူးယစ်ဆေးဝါး နှိမ်နှင်းရေးမူအတိုင်း ဆက်လက် အကောင်အထည်ဖော်လုပ်ဆောင်သွားရန်နှင့် စစ်ဘေး ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး၊ ၎င်းတို့အား ပြန်လည် နေရာချထားရေးနှင့် ပြန်လည် ထူ ထောင်ရေး လုပ်ငန်းများကို အလေးထားအကောင်အထည် ဖော်လုပ်ဆောင်သွားရန်လည်း သဘောတူ ဆုံးဖြတ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက အစိုးရနှင့် SSPP ခေါင်းဆောင်များ တိုက်ပွဲများ ရပ်စဲရေး ဆွေးနွေးရှိညှိနှိုင်းမှုအရ SSPP ဘက်မှ တပ်အင်အား ၁၀၀၀ ကျော် ဆုတ်ခွာပေးလိုက်သလို၊ အစိုးရတပ်ဘက်မှလည်း ဆုတ်ခွာပေးပြီ ဖြစ်သော်လည်း စစ်ပြေးဒုက္ခသည်များ ပြန်လည် ထူထောင်ရေးအတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု သူက မဇ္ဈိမကို ပြောသည်။

“ကျနော်တို့လည်း ဆုတ်လိုက်ပြီ။ တပ်မတော်ပိုင်းကလည်း ဆုတ်သွားပါတယ်။ ဘယ်လောက်ဆိုတာတော့ မသိဘူး။ တပ်ဆုတ်လိုက်ပြီ ဖြစ်ပေမယ့် အခု အဓိက လိုတာက ပြည်သူလူထုက နှစ်လ၊ သုံးလ ကျော်ကြာတဲ့ အခါကြတော့ မိုးတွင်း ကောက်ပဲ သီးနှံတွေ အကုန်လုံး ဆုံးသွားပြီလေ။ ဒုက္ခသည်တွေ အတွက် ညှိနှိုင်းရဦးမယ်၊ အရေးပေါ်လိုအပ်နေပါတယ်။ ပြီးတော့ အဆောက်အအုံတွေ ဆောက်ဖို့၊ သူတို့ ပြန်လည်နလန်ထူနိုင်ဖို့ အားလုံးလိုနေတယ်”ဟု သူက ပြောသည်။

လက်ရှိ ဟိုင်းပါ ဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၁၀၀၀ ကျော်နှင့် ဝမ်ဝ ဒုက္ခသည်စခန်းတွင် ၃၀၀ ကျော် ရှိနေသေးကြောင်း သူက ပြောသည်။

ထို့ပြင် ရှမ်းတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ ရှမ်းပြည်တိုင်းရင်းသား များ စည်းလုံးညီညွတ်ရေနှင့် ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုများ စည်းလုံး ညီညွတ်ရေးကို အလေးထားဆောင်ရွက်ရန်၊ SSPP ပါတီနယ် မြေအတွင်း လူနေမှုဘဝမြှင့်တင်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရက်သတ္တပတ် ၂ ပတ်ကြာ ကျင်းပခဲ့သော အစည်းအဝေးတွင် နယက (၁)၊ နာယက (၂)နှင့် ဥက္ကဋ္ဌ ဦးဆောင်သော ဗဟိုကော်မတီဝင် (၁၈) ဦး၊ အရံဗဟိုကော်မတီ ၅ ဦး တက်ရောက်သဖြင့် ဗဟိုကော်မတီ သုံးပုံ နှစ်ပုံကျော် လူပေါင်း ၁၅၆ ဦး တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် အစိုးရတို့ NCA လက်မှတ်ရေးထိုး ပြီးနောက် အစိုးရစစ်တပ်က SSPP ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ရပ်ဆိုင်းရန်နှင့် နှစ်ဖက်တပ်များ ဆုတ်ခွာပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List