Wednesday, January 20, 2016

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှာ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးခေါ်ယူ


နေပြည်တော်က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှာ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ အစည်းအဝေးကျင်းပခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ၀န်ကြီးချုပ် ၁၂ ဦးပါ တက်ရောက်တယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ၀န်ကြီးချုပ်တွေပါ တက်ရောက်တဲ့အတွက် ပါတီတွင်း ထိပ်သီးအစည်းအဝေးဟာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်လာ မလား ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော်ကတော့ ဒီနေ့ အစည်း အဝေးဟာ ပါတီထိပ်ပိုင်း ဗဟိုအလုပ်အမှုဆောင် ပုံမှန်အစည်းအဝေး သာဖြစ်ကြောင်း ပြောပါတယ်။

"ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးပါပဲခင်ဗျာ၊ ပုံမှန်အစည်း အဝေးတွေပါပဲ၊ ပါတီရဲ့သဘောကတော့ ရွေးကောက်ပွဲပြီးသွားရင် ပုံမှန်တော့အောင်နိုင်ရေးနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းတာတို့၊ ဘာတို့၊ ညာတို့တော့ရှိတာပေါ့၊ ပုံမှန်ပါတီစည်းရုံးရေး၊ ပါတီဝင်တိုးပွားရေး၊ ဒီကိစ္စ တွေပါပဲ"

ဝန်ကြီးချုပ်တာဝန်ယူထားသူတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ် မှုဆောင် အဖွဲ့ဝင်တွေ ဖြစ်ပြီး ဝန်ကြီးချုပ် စုစုပေါင်း ၁၄ ယောက်ရှိရာမှာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ၀န်ကြီးချုပ်တွေတော့ အစည်းအဝေး မတက်ရောက်ဘူးလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီရဲ့ ပူးတွဲဥက္ကဌဟောင်း သူရဦးရွှေမန်း အပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်ဟောင်းတချို့ကို ပါတီကနေ ထုတ်ပယ် လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာဟာ ကောလဟာလ သာ ဖြစ်ကြောင်းနဲ့ ပါတီတွင်းမှာ အဲဒီလိုဆွေးနွေးမှုမျိုးတွေ မရှိကြောင်း လည်း ဦးတင့်ဇော် က ပြောပါတယ်။

အဲဒီအစည်းအဝေးကို ပါတီရဲ့ပူးတွဲဥက္ကဌ ဦးဌေးဦး၊ ဗဟိုအတိုင်ပင်ခံ ဦးစိုးသာ၊ ဒုတိယဥက္ကဌ သူရဦးအေးမြင့်၊ ဗဟိုအကြံပေးတွေဖြစ်တဲ့ ဦးသိန်းဇော်၊ ဒေါက်တာမြဦးတို့လည်း တက်ရောက်နေတယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ ပါတီရဲ့ လူငယ်ရေးရာကိစ္စတွေနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ပြီး မန္တလေး၊ ရန်ကုန်၊ မကွေး၊ ရတနာပုံ စတဲ့ တက္ကသိုလ်တွေက အငြိမ်းစား ပါမောက္ခချုပ်တွေ၊ ဒုတိယပါမောက္ခချုပ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment

My Blog List