Wednesday, January 20, 2016

'၀' ပြည်နယ်အရေး တောင်းဆိုမှု ဖြေရှင်းဖို့ NLD အဆင်သင့်ဖြစ်ပြီလား


ကျင်းပပြီးစီးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ၀ တိုင်းရင်းသားမျိုးနွယ်စုတွေအတွက် ပြည်နယ်သတ်မှတ်ပေးဖို့ ၀ ဒီမိုကရက်တစ်ပါတီက တင်ပြတောင်းဆိုခဲ့ပါတယ်။ တရားဝင်မှုအရ တွက်မယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ တရားဝင်တောင်းဆိုခွင့်ရှိတဲ့ နေရာမှာ ၀ တိုင်းရင်းသားပါတီအနေနဲ့ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ 
အမျိုးသားညီလာခံ ကျင်းပကတည်းက ပြည်နယ်တောင်းဆိုခဲ့ဖူးတဲ့ ၀ တွေအတွက် ဒီတကြိမ်ဟာ ဒုတိယအကြိမ်မြောက် တရားဝင် ပြည်နယ်တောင်းဆိုခွင့်ရှိတဲ့ ညီလာခံမှာ ပြည်နယ်တောင်းဆိုခြင်းဖြစ်လာခဲ့ပါပြီ။ အရင်တုန်းက ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ၀ နယ်မြေတော်တော်များများကို အုပ်ချုပ်နေတဲ့ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA က တောင်းဆိုခဲ့တာဖြစ်ပေမဲ့ ဒီတကြိမ်မှာတော့ တရားဝင်နိုင်ငံရေးပါတီဖြစ်တဲ့ ၀ တိုင်းရင်းသားပါတီက တောင်းဆိုလာတာပါ။

မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းက ၀ တိုင်းရင်းသားတွေ နေထိုင်တဲ့ မြို့နယ်တွေက ( ၀ တွေက ၀ တောင်ပိုင်းလို့ ခေါ် ) မဲဆန္ဒနယ်တွေမှာ ၀ တိုင်းရင်းသားတွေရဲ့ အုံလိုက်ကျင်းလိုက် မဲပေးမှုကြောင့် အန်အယ်လ်ဒီအနေနဲ့ ဒေသတွင်း အင်အားကြီး ရှမ်းပါတီဖြစ်တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို အဲဒီမဲဆန္ဒနယ်တွေမှာ ကျော်ဖြတ်အနိုင်ယူနိုင်ခဲ့တာ ၊ ရွေးကောက်ပွဲပြီးပြီးချင်းမှာပဲ အန်အယ်လ်ဒီ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့ UWSA ၀ တပ်ဖွဲ့ကနေ ကော်မတီတရပ်ကို ချက်ခြင်းဖွဲ့စည်းခဲ့တာကို ကြည့်မယ်ဆိုရင် လာမဲ့ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ၀ တွေရဲ့ ပြည်နယ်တောင်းဆိုမှုဟာ ပိုပြီး အရှိန်မြင့်လာမှာ မလွှဲဧကန်ပဲဖြစ်ပါတယ်။

တကယ်တော့ ၀ အကြောင်းပြောရမယ်ဆိုရင် အငြင်းပွားစရာ ကိစ္စရပ်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ အားလုံးအသိပါပဲ။ ခေတ်အဆက်ဆက် ၀ တွေနေထိုင်ရာ (အခြေခံ ဥပဒေအရ ပေးထားတဲ့ ပန်ဆန်း ( ပန်ခမ်း ) ၆ မြို့နယ် ) ဒေသတွေဟာ အစိုးရအုပ်ချုပ်မှု အချုပ်အခြာ အာဏာထဲမှာ မရှိတာ ၊ တရုတ်နဲ့ နီးတယ်လို့ ဆိုကြတာ၊ ထိုင်းနယ်စပ်က ၀ တောင်ပိုင်းလို့ခေါ်တဲ့ ( ရှမ်းလက်နက်ကိုင်တွေကို တိုက်ခိုက်သိမ်းပိုက်ပြီး ရယူထားတဲ့ နယ်မြေ ) နယ်မြေတွေကိစ္စက စလို့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေနဲ့ ပတ်သက်နေတယ်လို့လည်း နိုင်ငံတကာကပါ ယုံကြည်နေတာ ၊ ခေတ်အဆက်ဆက် မဖွံ့မဖြိုးပဲ ခက်ခက်ခဲခဲရုန်းကန်လာရပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ၀ ဒေသကို အခြေချရောက်လာချိန်ကစလို့ တဖြည်းဖြည်းတိုးတက်လာရာမှ အခုချိန်မှာ ၀ သမိုင်းတလျှောက် အဖွံ့ဖြိုး အတိုးတက်ဆုံး အနေထားရောက်လာတာ စသဖြင့် အငြင်းပွားစရာ ကိစ္စတွေပါ စုံလို့ပါပဲ။

ဝ သမိုင်းကြောင်းခြေရာခံခြင်း

ဝ တွေရဲ့ အစဉ်အဆက်မူလဘူတ နေထိုင်ရာ ဒေသအဖြစ် အများက မြင်ထားကြတဲ့ ပန်ဆန်း ( ပန်ခမ်း ) ၊ မိုင်းမော ၊ ပန်ဝိုင် ၊ နားဖန်း စတဲ့ ဒေသတွေဟာ မြန်မာပြည်မြေပုံမှာ ကြည့်မယ်ဆိုရင် မြန်မာပြည်ရဲ့ အရှေ့မြောက်ယွန်းယွန်း တရုတ်နယ်စပ်မှာ ရှိပြီး မြေပုံထဲမှာသာ ရှိလို့သာ ရှိနေတာ ခေတ်အဆက်ဆက် အစိုးရတွေ ထိန်းချုပ်ဖို့ လက်လှမ်းမမှီခဲ့တဲ့ နေရာလည်း ဖြစ်နေခဲ့တာပါ.။ တရုတ်နိုင်ငံဘက်ခြမ်းမှာလည်း ၀ တွေရှိပြီး လက်ရှိ ၀ နယ်မြေနဲ့ တဆက်တည်းပါပဲ။

နယ်ခြားမျဉ်းခြားရုံခြားထားတယ်လို့ ဆိုနိုင်ပါတယ်။ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ ပဋိပက္ခတွေ မရှိခဲ့တဲ့ အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်မှာဆိုရင်လည်း အင်္ဂလိပ်လည်း လက်လှမ်းကောင်းကောင်း မမှီတာကြောင့် Federated Shan State ဖက်ဒရာယ်ရှမ်းပြည်နယ်အုပ်ချုပ်ရေးထဲမှာတောင် ဒေသတော်တော်များများက မပါဝင်ပဲ ၀ နယ်ကို နယ်မြေ ၈ နယ်သတ်မှတ်ပြီး ၀ သူကြီးတွေကပဲ အုပ်ချုပ်ခဲ့တာပါ။ ယခု ၀ နယ်ထဲမှာ ရှိပြီး သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ ပန်ယန်း ( မိုင်းလင်း ) ကတော့ အဲဒီခေတ်ကာလမှာ ရှမ်းစော်ဘွားတွေ အခြေစိုက်တဲ့ မြို့ဖြစ်ပါတယ်။ အဲဒီခေတ်ကာလတွေက ဒေသခံတွေအနေနဲ့ မြင့်မားတဲ့ တောင်တန်းတွေအပေါ်မှာနေရပြီး ရာသီဥတုကလည်း ကြမ်းတမ်းလှတာကြောင့် တော်တော်လေးကို ရုန်းကန်ခဲ့ရပါတယ်။ မြေနိမ့်ပိုင်းမှာစိုက်တဲ့ စပါးကလည်း ဒေသ၀မ်းစာအတွက် သုံးလစာလောက်ပဲ လုံလောက်တာကြောင့် ပြောင်းဖူး ၊ ကန်ဇွန်းဥတို့ ရောနှောထားတဲ့ ၀ ဆန်ပြုတ်ဆိုတာ အလကားတော့ ပေါ်လာတာ မဟုတ်လောက်ပါဘူး။ ဘ၀ရပ်တည်ရေးအရ ရရာလက်နက်တွေနဲ့ တောလိုက်အမဲလိုက်တာတွေက ၀ တွေရဲ့ ပင်ကိုယ်ရိုးရာဓလေ့လိုကို ဖြစ်ခဲ့ပြီး ပင်ကိုယ် သန်မာပြီး ကြမ်းတမ်းတဲ့ မျိုးနွယ်စုတွေလည်း ဖြစ်ပါတယ်။

အတိတ်က လူသားစားခြင်း အလေ့အထဟာလည်း အစာရေစာ ရှားပါးခြင်းနဲ့ သက်ဆိုင်နိုင်ပါတယ်။ ဒါ့ကြောင့် ဘိန်းစိုက်ပျိုးရေးက သူတို့ဝမ်းစာအတွက် အသက်လိုဖြစ်ခဲ့ပြီး အင်္ဂလိပ်ခေတ်မှာလည်း အဲဒီဒေသက ဘိန်းတွေကို တရုတ်ပြည်ဘက်ကို အင်္ဂလိပ်က တင်သွင်းခဲ့တာပါ။ လွတ်လပ်ရေးရပြီးတော့လည်း ၀ နယ်မြေကို ဗိုလ်ချုပ်လီမိ ဦးဆောင်တဲ့ ကူမင်တန်တွေက ဆက်လက် ထိန်းချုပ်ခဲ့တဲ့အတွက် ပြည်မ အစိုးရ ထိန်းချုပ်မှုနဲ့ ဝေးခဲ့ရပါတယ်။ အဲဒီနောက် ဗကပ လက်ထက်မှာလည်း အစိုးရတပ်တွေ အနေနဲ့ သံလွင်မြစ် အရှေ့ဘက်ကမ်း ၀ နယ်ထဲကို တစ်ခါမှ မရောက်ခဲ့ဖူးခဲ့သလို ဗကပပြိုကွဲသွားလို့ ၀ ပြည် သွေးစည်း ညီညွတ်ရေးပါတီ ပေါ်ပေါက်လာတဲ့အခါမှာလည်း အဲဒီနယ်မြေထဲ အစိုးရ အုပ်ချုပ်မှု တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ လက်ရှိအချိန်အထိ အစိုးရ အုပ်ချုပ်မှု မရှိသလို ဌာန အနည်းငယ်လောက်ပဲ ရုံးဖွင့်နိုင်တဲ့ အခြေနေမှာရှိပါတယ်။ ဟိုပန်နဲ့ မက်မန်းကတော့ အစိုးရ အုပ်ချုပ်ရေးအောက်မှာရှိပါတယ်။ အစိုးရအုပ်ချုပ်မှုအောက် မရှိတဲ့ ၀ နယ်မြေကို ကြည့်မယ်ဆိုရင် ဧရိယာစတုရန်း ကီလိုမီတာ ၁၇၀၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးထက် ကီလိုမီတာ ၇၀၀၀ ပိုပါတယ်။ လက်ရှိ အခြေခံ ဥပဒေအရ သတ်မှတ်ထားတဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲမှာ လူဦးရေ ခန့်မှန်းခြေကလည်း ၃ သိန်းနီးပါးရှိပြီး ၀ အပြင် ကချင် ၊ တအာင်းပလောင် ၊ အခါ ၊ ရှမ်း စသဖြင့် မျိုးနွယ်စု တိုင်းရင်းသား ၁၇ မျိုးလောက်နေထိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံသား မှတ်ပုံတင်ရပြီးသူ ထောင်ဂဏန်းသာ ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ UWSA ၀ တပ်ဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး နယ်မြေစိုးမိုးမှုလည်း အများဆုံးရှိတဲ့ အဖွဲ့ဖြစ်နေပါတယ်။ တရုတ်ငွေသုံးသလို တရုတ်ဘာသာစကားသုံးပေမဲ့ ၂၀၁၃ ခုနစ်နောက်ပိုင်းမှာတော့ မြန်မာစာကို ၀ စာသင်ကျောင်းတွေမှာ ၆ တန်းအထိ မသင်မနေရ သုံးလာတာလည်း တွေ့ရပါတယ်။

အငြင်းပွားစရာ ၀ တောင်ပိုင်းနယ်မြေ

ဝတောင်ပိုင်းလို့ ခေါ်တွင်လာတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်းမြန်မာနယ်စပ်တလျှောက်က နယ်မြေတွေကတော့ ယခင်ရှမ်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ဦးခွန်ဆာရဲ့ Mong Tai Army ( MTA ) ၊ ဦးယွက်စစ်ရဲ့ SURA ၊ RCSS/SSA စတဲ့အဖွဲ့တွေကို ၀ တပ်ဖွဲ့တွေအနေနဲ့ လူအင်အားထောင်ပေါင်းများစွာ အကျဆုံးခံတိုက်ခိုက်ခဲ့ပြီးမှ အခြေစိုက်နယ်မြေတွေ ရရှိလာခဲ့တာပါ။ ယခင် န၀တ ၊ နအဖ စစ်အစိုးရတွေရဲ့ ထိုင်းကို နယ်စပ်မှာ တရုတ်နဲ့နီးတဲ့အဖွဲ့ကို ထားပြီး ကစားလိုမှု ၊ နိုင်ငံရေးအရ တောင်းဆိုမှုမြင့်ဖွယ်ရှိတဲ့ ရှမ်းလက်နက်ကိုင်တွေကို အင်အားချိနဲ့စေလိုမှု စတဲ့ တချက်ခုတ် သုံးချက်လောက်ပြတ်တဲ့ အကျိုးရလာဒ်တွေကို မျှော်ကိုးပြီး အခြေချခွင့်ပေးခဲ့တာဖြစ်ပါတယ်။
နယ်စပ်ထွက်ပေါက်လည်းရှိ မြေဆီသြဇာလည်းကောင်းတဲ့ အဲဒီနယ်မြေတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ရင် သိမ်းနိုင်သလောက်ပေးမယ်ဆိုတဲ့ စစ်အစိုးရရဲ့ ခွင့်ပြုမှုကြောင့်နဲ့ တဘက်ကလည်း ဦးခွန်ဆာရဲ့ ဘိန်းဈေးကွက်နဲ့ နယ်စပ်ထွက်ပေါက်ကို ရလိုမှုတွေကြောင့် တိုက်ခိုက်ခဲ့ပါတယ်။ တာချီလိတ်အောက်ပိုင်းက ဒေသ တချို့ကို ၀ တွေ ထိန်းချုပ်လာနိုင်ချိန်မှာပဲ ထိုင်းနယ်စပ်ထွက်ပေါက်ရသွားခဲ့တဲ့အတွက် ၀ မြောက်ပိုင်းဒေသမှာ တိုက်တွေတာတွေနဲ့ မြို့ပြ စီမံကိန်းတွေ ပိုလုပ်လာနိုင်ခဲ့ပြီး တရုတ်အကူညီနဲ့ ဖွံ့ဖြိုးမှုကလည်း မြင့်လာခဲ့ပါတယ်။ နဂိုကတည်းက တရုတ်နယ်စပ်နဲ့ မဟာမိတ်မိုင်းလားကနေ တဆင့် လာအိုနယ်စပ်ထွက်ပေါက် ( မဲခေါင်မြစ် ) ရှိပြီးဖြစ်တဲ့ ၀ အနေနဲ့ ခုလို ထိုင်းနယ်စပ်မှာအ ခြေချခွင့်ရတာဟာ သူ့တို့တပ်ဖွဲ့အင်အားတောင့်တင်းလာဖို့ပါအကြောင်းဖန်လာခဲ့တယ်လို့ဆိုရမှာပါ.။ အဲဒီတောင်ပိုင်းဒေသမှာ ၀ တပ်ဖွဲ့ရဲ့ တင့်ကားတပ်ရင်း ၊ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း ( လေ့လာသူအချို့အဆိုအရ ပုခုံးထမ်း လေယာဉ်ပစ်ရော့ကက်များရှိ) တွေပါရှိတယ်လို့ ဆိုကြပါတယ်။
၂၀၀၅ ခုနစ်က စလို့ ရှမ်းလက်နက်ကိုင်တွေနဲ့ ၀ တပ်ဖွဲ့အကြား တိုက်ခိုက်မှုတွေ မရှိတော့ပါဘူး။ ၂၀၀၈ နောက်ပိုင်း နယ်ခြားစောင့်တပ်ကိစ္စပေါ်လာတော့ ၀ တောင်ပိုင်းလို့ခေါ်တဲ့ ထိုင်းနယ်စပ်က ၀ တပ်တွေကို အစိုးရ စစ်တပ်ဘက်ကနေ ၀ မြောက်ပိုင်းနယ်မြေကို ပြန်ဆုတ်ဖို့ ညွှန်ကြားရာက စလို့ ၀ တပ်ဖွဲ့နဲ့ အစိုးရ စစ်တပ်အကြား တင်းမာမှုတွေ ပြန်ဖြစ်ခဲ့ပါတယ်။ ၀ ကလည်း နယ်ခြားစောင့်မူဝါဒကို လက်မခံသလို သူ့နယ်မြေထဲမှာရှိတဲ့ အစိုးရဌာနတွေအားလုံးကိုလည်း မောင်းထုတ်လိုက်ပါတယ်။ ဒါပေမဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ ၀ နဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အဆင့် မရောက်ခဲ့ပဲ နယ်ခြားစောင့်ရေးမူ လက်မခံတဲ့ ၀ လောက် အင်အားမတောင့်တင်းတဲ့ ကေအိုင်အေ ၊ SSA မြောက်တို့ လောက်နဲ့သာ တိုက်ခိုက်တဲ့ အဆင့် ရောက်ခဲ့ပါတယ်။

ဝေရှော်ခမ်း ၊ ဝေရှော်ရင်

ဝ တောင်ပိုင်းလို့ ပြောရရင် ဝေရှော်ခမ်း ၊ ဝေရှော်ရင် ညီနောင်အကြောင်းကလည်း မပါမဖြစ်ပါပဲ။ တရုတ်နွယ်ဖွားတွေဖြစ်ခဲ့တဲ့ သူတို့ ညီအစ်ကို နှစ်ယောက်ဟာ ၀ တောင်ပိုင်း ၁၇၁ တပ်မဟာမှာ ဦးဆောင်သူတွေဖြစ်ခဲ့ပြီး ၀ တောင်ပိုင်းတပ်ဖွဲ့တွေနဲ့ ရှမ်းလက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေမှာ ဦးဆောင်တိုက်ခိုက်ခဲ့သူတွေလည်း ဖြစ်ပါတယ်.။ ဝေရှော်ခမ်းဟာ အရင်က ဦးခွန်ဆာရဲ့ MTA နဲ့ ပတ်သက်ခဲ့ပြီး နောက်ပိုင်းမှာတော့ UWSA နဲ့ ပေါင်းသွားကာ ဦးခွန်ဆာ ၊ ဦးယွက်ဆစ်တို့ရဲ့ ရှမ်းလက်နက်ကိုင်တွေကို တိုက်ခိုက်ရာမှာ ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဝ တပ်ဖွဲ့ UWSA ရဲ့ ဘဏ္ဍာရေးအတွက် အဓိကကျသူလို့ နိုင်ငံတကာကပါ ရှူမြင်ခြင်းခံထားရတဲ့ ဝေရှော်ခမ်းဟာ ၂၀၀၇ ခုနစ်မှာ ၀ တပ်ဖွဲ့ရဲ့ ဘဏ္ဍာရေးမှူး ရာထူး ကနေ နှုတ်ထွက်ခဲ့ပြီးဖြစ်တယ်လို့ ဆိုကြပေမဲ့ ဘာတေးလစ်တနာ ( Bertil Lintner ) နဲ့ မိုက်ကယ်ဘလက်တို့ရေးသားတဲ့ Merchants of Madness မှာတော့ ဝေရှော်ခမ်း ဟာ ၀ တပ်ဖွဲ့ရဲ့ ဘဏ္ဍာရေး ကိစ္စရပ်တွေအတွက် ပတ်သက်နေဆဲလို့ ဆိုပါတယ်။ ၀ တပ်ဖွဲ့တာဝန်ရှိသူတွေက ၂၀၀၅ ခုနစ်ကတည်းက သူတို့ဒေသမှာ ဘိန်းခင်းတွေကော ဘိန်းပင်တွေပါ မရှိတော့တဲ့အတွက် ကမ္ဘာကြီးအနေနဲ့ သူတို့ကို နားလည်သင့်တယ်လို့ မကြာခဏ ပြောဆိုဖူးပါတယ်။ ဝေရှော်ခမ်းက မူးယစ်ရာဇာ အဖြစ် DEA လိုစာရင်းမှာဝင်နေသလို အမေရိကန် ၊ ထိုင်း စတဲ့ နိုင်ငံတွေကလည်း ဆုကြေးငွေ ထုတ်ပြန်ပြီး ဖမ်းဝရမ်းထုတ်ထားခြင်း ခံထားရသူဖြစ်ပါတယ်။

ဝ တွေဘာကြောင့် တရုတ်နဲ့သာ အဆက်စပ်များရသလဲ

တကယ်တော့ ၀ နယ်မြေအနေနဲ့ အုပ်ချုပ်ရေးပီပီပြင်ပြင်စရှိလာတာ ဗမာပြည်ကွန်မြုနစ်ပါတီ ပန်ဆန်းကို အခြေချပြီးနောက်ပိုင်းမှ ဖြစ်ပါတယ်။ အခုထိလည်း ဗမာပြည်ကွန်မြူနစ်ပါတီ တည်ဆောက်ပေးခဲ့တဲ့ အုပ်ချုပ်မှုပုံစံကို ၀ တွေ ဆက်လက်ကျင့်သုံးနေဆဲပါပဲ။ ၀ နယ်ထဲကို ပြည်မ အုပ်ချုပ်မှုဘာကြောင့်မရောက်သလဲ အ၀င်မခံရသလဲဆိုတာကလည်း အဲဒီဗမာပြည်ကွန်မြူနစ်ပါတီနဲ့ပဲ ပတ်သက်နိုင်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကျရှုံးရခြင်းမှာ တိုင်းရင်းသားတွေအတွက် တိုင်းရင်းသားရေးရာ မူဝါဒမရှိခြင်းက အဓိကကျတဲ့ အချက်အနေနဲ့ ပါဝင်ခဲ့တာပါ။ ဗကပ နဲ့ အစိုးရ တပ်တွေအကြား တိုက်ပွဲတွေမှာအများဆုံးပေးဆပ်ရသူတွေက ၀ တွေပါ ။ တိုက်ရဲခိုက်ရဲတဲ့ ၀ တွေအနေနဲ့ ဗကပရဲ့ လူလှိုင်းလုံး တိုက်ခိုက်မှုတွေမှာ အများဆုံးသေကြေကြပေမဲ့ ဗကပ ရဲ့ ထိပ်တန်းရာထူးတွေကိုတော့ ဗမာတွေကသာ အများဆုံးရယူနိုင်ကြတာပါ။ ဒါကြောင့်လည်း ၀ တပ်တွေရဲ့ ပုန်ကန်မှုတွေဖြစ်ခဲ့တာဖြစ်ပါတယ်။

စစ်အစိုးရလက်ထက်တလျှောက်ဝနဲ့ ပြေလည်ခဲ့ပေမဲ့ တစ်ခါမှ ၀ နယ်ထဲကို အစိုးရတပ်တွေကို ပေးအ၀င်မခံခဲ့ပါဘူး။ စာရေးသူနဲ့ တွေ့ဆုံဖူးတဲ့ UWSA ၀ တပ်ဖွဲ့ တာဝန်ရှိသူတွေပြောတာက ၀ နဲ့ စစ်အစိုးရ ပြေလည်နေစဉ်တလျှောက်လုံး ဗမာအချင်းချင်းဖြစ်တဲ့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေကို စစ်အစိုးရက နှိပ်ကွပ်နေတာတွေက သူတို့အနေနဲ့ သတိထားစရာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ တဘက်မှာလည်း နိုင်ငံအတွင်းက ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ယှာဉ်ရင် ၀ မှာက နိုင်ငံရေးဝါဒ မရှိပါဘူး။ ဒါကြောင့် နယ်ခြားမျဉ်းတဘက်က ၀ တွေချမ်းသာနေရင် မြန်မာဘက်မှာရှိတဲ့ ၀ တွေကလည်း ချမ်းသာချင်တဲ့ အတွက် သူတို့လုပ်သလို လိုက်လုပ်သလို သူတို့နဲ့လည်း တည့်အောင်နေပါတယ်။ နောက်တချက်က နိုင်ငံသားမှတ်ပုံတင်သိပ်မရှိတဲ့ ၀ တွေအနေနဲ့ လားရှိုးလောက်ကို လာမယ်ဆိုရင်ပဲ အနည်းဆုံး အသွားစားရိတ်တင် ကားခ တယောက် ၇၀၀၀၀ ကျော် + စားစရိတ် + မှတ်ပုံတင်မပါတာနဲ့ ဂိတ်ကြေးပေးရမှာနဲ့ဆိုရင် သိန်းဂဏန်းကျော်ကျော်ကုန်ကျမှာဖြစ်ပါတယ်။ လားရှိုးရောက်ရင် သူတို့ တရုတ်နယ်စပ်ကလောက် အလုပ်ကိုင်သေချာ မသေချာ မပြောနိုင်သေးပါဘူး။ ပြည်မထဲလာဖို့ကတော့ စဉ်းစားသာ ကြည့်ဆိုတဲ့ အနေထားပါ။ ပန်ဆန်းမှာ အလုပ်လုပ်တဲ့ လူတဦးဟာ သာမန်နေ့စားသမားတောင် တလကို မြန်မာငွေ ၃သိန်းကျော်ကနေ ၅ သိန်းကျော်လောက် ၀င်ငွေရှိပါတယ်။ ၀ က အစိုးရအုပ်ချုပ်ရေးတင် ပေးမ၀င်တာ မဟုတ်ပါဘူး။ ရှမ်းပြည်နယ်အတွင်း နေရာတကာ သွားလို့ရပြီး သြဇာရှိသူဖြစ်တဲ့ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးကိုလည်း ပေးမ၀င်ပါဘူး။ ၀ နယ်အတွင်း ရှမ်းတွေအတိုင်းအတာတရပ်အထိ နေထိုင်တာကြောင့်လည်း ဖြစ်နိုင်သလို ၀ အမျိုးသားရေးအလံထောင်ထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် သြဇာကြီးလာတယ်

ဝ ခေါင်းဆောင်တွေအနေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီလက်ထက် ကတည်းက မဟာမိတ်ဖြစ်ခဲ့တဲ့ SSA မြောက်ပိုင်းနဲ့တော့ ခေါင်းဆောင်အချင်းချင်းကြားမှာ အတော်ကို ရင်းနှီးတဲ့ ဆက်ဆံမှုရှိပါတယ်။ ရွေးကောက်ပွဲကလည်း UWSA ထိန်းချူပ်နယ်မြေထဲတစ်ခါမှ မလုပ်ဖူးပဲ ၀ တောင်ပိုင်းက အစိုးရ နယ်မြေနဲ့ ဆက်စပ် နယ်မြေ အချို့ မှာသာ ၂၀၁၅ ရွေးကောက်ပွဲ လုပ်ဖူးပါတယ်။ ခုနောက်ပိုင်းနှစ်တွေမှာတော့ အန်စီအေ အပစ်ရပ် လက်မှတ်မထိုးသေးတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက အဖွဲ့တွေတော်တော်များများအပေါ် ၀ တပ်ဖွဲ့ရဲ့ သြဇာက ကြီးမားလာတာကတော့ ငြင်းမရတဲ့ ကိစ္စပါပဲ။ ကေအိုင်အေ ၊ ရှမ်းတပ်မတော် မြောက်ပိုင်းကစလို့ တအာင်းပလောင် ၊ MNDAA ကိုးကန့် စတဲ့အဖွဲ့တွေအထိ ၀ ရဲ့ သြဇာတော်တော်ကြီးလာပါတယ်။ ယူနန်အစိုးရနဲ့လည်း နောက်ဖေးပေါက်ဆက်ဆံရေးရှိနိုင်တယ်လို့ ယူဆ ရသလို အစိုးရနဲ့ တပ်မတော်ဘက်ကတော့ ၀ နဲ့ ပတ်သက်ရင် ပွင့်ပွင့်လင်းလင်းသိပ်ပြောတာ မတွေ့ရပါ။ တဘက်မှာလည်း ထိုင်းနယ်စပ်တလျှောက် တာချီလိတ်အောက်ဘက်ကနေ မိုင်းပန်မြို့နယ်အထိ ရှိနေတဲ့ ၀ တပ်ဖွဲ့တွေကို ထိုင်းအစိုးရကလည်းလုံးဝ နှစ်မြှိ့ခြင်း မရှိပါဘူး။

ပြည်နယ်တောင်းနေတဲ့ အနေထားမှာ အန်အယ်လ်ဒီ အဆင်သင့်ဖြစ်ပြီလား

ပြည်နယ်တောင်းနေတဲ့ နေရာတွေကို ကြည့်ရင် အခြေခံ ဥပဒေအရ သတ်မှတ်ထားတဲ့ နယ်မြေတွေအပြင် ၀ တောင်ပိုင်းနယ်မြေတွေသာမက ကျိုင်းတုံလို နေရာ လည်း ပါလာပါပြီ။ ဒါ့အပြင် သံလွင်မြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ ၀ လူမျိုးအချို့ရှိနေတဲ့ လားရှိုး ၊တန့်ယန်းတို့လို နယ်မြေတွေပါ ပါဝင်လာတာလည်း တွေ့ရပါတယ်။ တကယ်တော့ ၀ ပြည်နယ်အရေးလို့ ပြောရမယ်ဆိုရင် ၀ တောင်ပိုင်းလို အငြင်းပွားစရာ နယ်မြေ ကိစ္စတွေ ကလည်း ပါနေတာပါ။ ၀ တောင်ပိုင်းနဲ့ မြောက်ပိုင်းက တဆက်တစပ်တည်းမရှိတဲ့အတွက် အလယ်မှာရှိနေတဲ့ ကျိုင်းတုံလွင်ပြင်ကိုပါ တောင်းလာခဲ့တာဖြစ်ပါတယ်။ တဘက်မှာလည်း ၀ တပ်ဖွဲ့အနေနဲ့ တရုတ်နယ်စပ်မှာရှိတဲ့ လက်နက်ကိုင်တွေအနက် တရုတ်နဲ့ ( ယူနန်အစိုးရ ဖြစ်နိုင် ) ဆက်ဆံလာတာ အကြာဆုံး အဖွဲ့ပါပဲ။
တရုတ်ရဲ့ ပြောင်းလဲလာတဲ့ မြန်မာ့တိုင်းရင်းသားအရေး မူဝါဒမှာ ၀ ဟာ အဓိကကျတဲ့ နေရာမှာ ရှိတယ်ဆိုတာလည်း မငြင်းနိုင်ပါဘူး။ ၀ မြောက်ပိုင်းနယ်မြေကို ပြည်နယ်တောင်းရင် ပြသနာမရှိနိုင်ပေမဲ့ ကျိုင်းတုံ ၊ လားရှိုး ၊ တန့်ယန်းတို့လို နယ်မြေတွေကို တောင်းမယ် ၊ ၀ တောင်ပိုင်းလို RCSS/SSA က တောင်ကြားတစ်ခု ၊ ၀ UWSA က တောင်ကြားတစ်ခု ဖြစ်နေတဲ့ နေရာတွေကိုတောင်းမယ်ဆိုရင် ရှမ်းတွေ ၊ လားဟူတွေနဲ့ပါ တော်တော်လေးကို ပြသနာဖြစ်နိုင်ပါတယ်။ ၀ ရဲ့ ပေကျင်း ပညာတတ်ခေါင်းဆောင်ဖြစ်တဲ့ ဒုတိယခေါင်းဆောင် ရှောက်မီလျှံ ရဲ့ ဆောင်းပါးတပုဒ်မှာတော့ တကယ်လို့သာ ၀ ပြည်နယ်အဖြစ် လက်ရှိမြောက်ပိုင်းနယ်မြေကို သတ်မှတ်ပေးမယ်ဆိုရင် ၀ တောင်ပိုင်းကိစ္စကို ခြွင်းချက်အနေနဲ့ စဉ်းစားကောင်းစဉ်းစားပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ၀ ခေါင်းဆောင်ပိုင်းမှာ ဦးပေါက်ယူချန်း အသက်ရွယ်ကြီးမြင့်ပြီး သိပ်နာမကျန်းဖြစ်လာတာ ၊ ခေါင်းဆောင်ပိုင်းထဲမှာ တောင်ပိုင်းနဲ့ ပတ်သက်ပြီး အကုန်လုံးက ဘယ်လို သဘောထားသလဲ ဆိုတာ မသိနိုင်တာ ၊ ဝေရှော်ခမ်း ဝေရှော်ရင်တို့အနေနဲ့ ၀ အပေါ် ဘယ်လောက်လွှမ်းမိုးမှု ရှိနေသလဲဆိုတာ အတိကျမသိနိုင်တာကြောင့် အနည်းငယ်တော့ ခန့်မှန်းရခက်နေဆဲပါပဲ။ ၀ ပြည်နယ်အရေးနဲ့ ပတ်သက်လို့ တရားမျှတမှုရှိရမယ်လို့ ဆိုသူလည်း ရှိနေသလို တောင်းပိုင်းရဲ့ အကျိုးအမြတ်တွေကို လက်မလွတ်လိုတဲ့ အောက်ခြေအဆင့် တာဝန်ရှိသူ အချို့လည်း ရှိနေတာ တွေ့ရပါတယ်။ တချိန်တည်းမှာလည်း ၀ ခေါင်းဆောင်တွေအနေနဲ့ ဒီအတိုင်း တရားမ၀င်ပဲ သူတို့လူမျိုးတွေ တသက်လုံး ရပ်တည်သွားလို့ မရဘူး ဆိုတာလည်း သဘောပေါက်ပြီးဖြစ်ပါတယ်။ ယုတ်စွအဆုံး မူးယစ်ပြသနာ အစပြုလို့ အမေရိကန်ရဲ့ အထောက်ပံ့နဲ့ အစိုးရ စစ်တပ်က ၀င်တိုက်တာမျိုးတွေ အပါဝင်ပါ။ အဲဒီလို ကိစ္စမျိုးတွေမှာ ၀ တောင်ပိုင်းက ထိုင်းနဲ့ နီးစပ်တဲ့အတွက် တောင်ပိုင်းကို တိုက်နိုင်ချေက ပိုလည်း များတယ်လို့ အကဲခတ်အချို့က ခန့်မှန်းပါတယ်။ တပ်မတော်အဖို့ UWSA ၀ က မခံချိမခံသာဖြစ်စရာ အဖွဲ့လည်း ဖြစ်နေပါတယ်။

သေချာတာကတော့ ၀ ၊ မိုင်းလား စတဲ့ နယ်မြေတွေဟာ ခေတ်အဆက်ဆက် ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ တစ်ခါမှ မရှိခဲ့တဲ့အတွက် အချုပ်အခြာအာဏာဆို တဲ့ ကိစ္စတရပ်ထဲ သူတို့ကို ဆွဲထည့်မယ်ဆိုရင် တော်တော်ကို အပေးယူလုပ်ယူမှ ရမဲ့ အခြေနေမှာ ရှိနေပါတယ်။ ရေရှည်တွေးပြီးနည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့ မကြိုးစား ရင်လည်း ဦးခွန်ထွန်းဦးပြောသလို သံလွင်မြစ်အရှေ့ခြမ်းဟာ ခရိုင်းမီးယားလို( မူလ ယူကရိန်းပိုင် ရုရှားမျိုးနွယ်စုများ ၊ နောက်ပိုင်း ရုရှားမျိုးနွယ်စု ကာကွယ်ရေး အကြောင်းပြချက်နဲ့ ရုရှား ၀င်သိမ်း ) ဖြစ်လာမှာ မလွှဲဧကန်ပါပဲ။
တဘက်ကလည်း ၀ တပ်ဖွဲ့ဟာ စစ်မှု မထမ်းမနေရ ဥပဒေကြောင့် တပ်ဖွဲ့ဝင်အင်အားများပြားပြီး အမိန့်နာခံမှု အမြင့်ဆုံး စစ်တပ်ဖြစ်ကာ ခေတ်မှီလက်နက်တွေလည်း ရှိတဲ့ ၀ တပ်တွေနဲ့ စစ်လက်နက်ဖြုတ်သိမ်းရေး ၊ လက်နက်ကိုင်ပေါင်းစည်းရေး ၊ လုံခြုံရေးကဏ္ဍပြောင်းလဲရေး DDRSSR ကို အကောင်ထည်ဖော်ဖို့ရာမှာလည်း ၀ တပ်ဖွဲ့ ဟာ အခက်ခဲဆုံးအဖွဲ့ဖြစ်လာမှာပါ။ တဘက်ကလည်း ဒီမိုကရေစီ နည်းလမ်းကျင့်သုံးမှုအနည်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ၀ UWSA တပ်ဖွဲ့ပဲဖြစ်ပါတယ်။ တချိန်တည်းမှာလည်း ၀ ၊ မိုင်းလားတို့နဲ့ နီးတဲ့ လာအို ၊ တရုတ်နယ်စပ်ကတဆင့် မြန်မာနိုင်ငံထဲ လက်နက်တွေ အမြောက်အမြား ၀င်နေတယ်ဆိုပြီး ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးက တရုတ်သံတမန်တွေကို ပြောထားတာ သတင်းတွေမှာတွေ့ရပါတယ်။ မူးယစ်ဆေးဝါးပေါများ လက်နက်ပေါများတာဟာ ရေရှည်မှာ ငြိမ်းချမ်းရေး ဒီမိုကရေစီအရေးတို့အတွက်ပါ ပြသနာရှိပါတယ်။

တရုတ်အစိုးရရဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပထမ ဦးစားပေး ပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အန်အယ်လ်ဒီ အစိုးရတက်လာရင် ၀ တွေ အနေနဲ့ ပြည်နယ်အရေး တောင်းဆိုမှုက ပိုမြင့်လာမှာကတော့ မလွှဲဧကန်ပါပဲ။ တဆက်တည်းမှာလည်း ၀ ၊ မိုင်းလားတို့လို ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းနေတဲ့ အဖွဲ့တွေအနေနဲ့ လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေပါ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ဆိုရင်လည်း သူတို့ လိုချင်တဲ့ အတိုင်းတာ ရမှာ မဟုတ်တဲ့အတွက် ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေရဲ့ လုပ်ပိုင်ခွင့်တွေ တိုးမြင့်ပေးတဲ့အချိန်အထိ ဖွဲ့စည်းပုံပြင်ပြီးတဲ့ အချိန်အထိ စောင့်ကြဦးမှာပါပဲ။ ၀ နယ်မြေသတ်မှတ်ရေးအတွက် ဒီမိုကရေစီနည်းကျ လူထုဆန္ဒခံယူပွဲတွေနဲ့ မဲခွဲဆုံးဖြတ်ခဲ့ပြီးရှုံးနိမ့်ခဲ့ရင်ကော ၀ တပ်ဖွဲ့တာဝန်ရှိသူအားလုံးက လက်ခံပါ့မလားဆိုတာကလည်း အခုထိ မေးလို့ကောင်းတဲ့ မေးခွန်းဖြစ်နေဆဲပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအစိုးရ အနေနဲ့ ၀ အရေးကိုင်တွယ်ဖို့ အဆင်သင့်ဖြစ်မဖြစ်ဆိုတာကတော့ တိုင်းရင်းသားအရေး အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေးတွေနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီရဲ့ ဗဟုသုတ အမြော်မြင်ကြီးနှံ့စပ်မှု တိုင်းရင်းသားမျိုးနွယ်စုတွေအကြား မျှတစွာဆောင်ရွက်နိုင်စွမ်းစတဲ့ အချက်တွေ အပေါ်မှာ မူတည်မှာဖြစ်ပြီး တပ်မတော်နဲ့ အန်အယ်လ်ဒီအကြားက ဆက်ဆံရေးအခြေနေတွေအပေါ်မှာလည်း မူတည်နေပါတယ်။


The Ladies News

No comments:

Post a Comment

My Blog List