Wednesday, January 20, 2016

ဒီမိုကရေစီပညာရေး သပိတ်မှ ကျောင်းသားများနှင့် ၀န်းရံသူများကို လွှတ်ပေးခြင်း၊ မလွှတ်ပေးခြင်းမှာ လက်ရှိအစိုးရအပေါ် မူတည်ကြောင်း ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် ပြောကြား


ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံသူများကို သာယာဝတီမြို့နယ် တရားရုံး၌ ၃၅ ကြိမ်မြောက်ရုံးချိန်းအဖြစ် ဇန်န၀ါရီ ၁၉ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒီမိုကရေစီပညာရေးသပိတ်မှ ကျောင်းသားများနှင့်ဝန်းရံသူများကိုလွှတ်ပေးခြင်း၊ မလွှတ်ပေးခြင်းမှာ လက်ရှိအစိုးရအပေါ် မူတည်ကြောင်း ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောကြားသည်။
မဖြိုးဖြိုးအောင်က "ကျွန်မတို့ကို မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ အစိုးရကနေပြီးတော့ ကျွန်မတို့ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းပေးဖို့က လက်ရှိအစိုးရရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ပြန်လွှတ်ပေးဖို့ကတော့ လိုအပ်တယ် လို့ ကျွန်မတို့ မြင်ပါတယ်။ ဒါပေမဲ့ လွှတ်ပေးတာ မလွှတ်ပေးတာကတော့ လက်ရှိအစိုးရ အပေါ်မှာပဲ မူတည်တယ်။ လွှတ်ပေးတာ မလွှတ်ပေးတာက သူတို့အပိုင်း ဖြစ်သွားပါပြီ" ဟု ပြောကြားသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံသူများမှ တင်ပြခဲ့သည့် တစ်ပတ်လျှင်နှစ်ကြိမ် စစ်ဆေးပေးစေလိုသည့် အချက်မှာ ကျန်သည့် အမှုရုံးချိန်းများ ရှိနေသဖြင့် အဆင်မပြေနိုင်သဖြင့် မစစ်ဆေးနိုင်သေးကြောင်း မြို့နယ်တရားသူကြီးက အကြောင်းပြန်ခဲ့ ကြောင်း ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောကြားသည်။

"ပြီးခဲ့တဲ့ အပတ်က ကျွန်မတို့ တောင်းထားတဲ့ တစ်ပတ်ကို နှစ်ရက်ဆိုတဲ့ ကိစ္စကို ဒီမနက် တရားသူကြီးနဲ့ ကျွန်မတို့ ၀င်ရောက် ဆွေးနွေးခဲ့ပါတယ်။ တရားသူကြီးဘက်က အဓိကက ကျွန်မတို့ ရုံးထုတ်ရင် ဒီမှာရှိတဲ့ တရားခွင် သုံးခုလုံး ရပ်ထားရတယ်လို့ ပြောပါတယ်။ တခြားအမှုတွေရောလို့ မရတဲ့အတွက် တစ်ပတ်ကိုနှစ်ရက် စစ်ဆေးဖို့က မဖြစ်နိုင်သေးဘူးလို့ အကြောင်းပြန်ပါတယ်။ ဒါကြောင့် ခါတိုင်းအတိုင်းပဲ တစ်ပတ်ကိုတစ်ရက်ပဲ စစ်ဆေးမယ့် အနေထား ရှိပါတယ်" ဟု ရုံးထုတ်စဉ် ပြောကြားသည်။

ထို့ပြင်လက်ရှိ အစိုးရအနေဖြင့် သပိတ်မှောက် ကျောင်းသားများနှင့် ၀န်းရံသူများကို ဖမ်းဆီးထားခြင်း ဖြစ်သဖြင့် ပြန်ဖြေရှင်းပေးရန်မှာလည်း အဓိက တာဝန်ရှိကြောင်းနှင့် လွှတ်ပေးခြင်း မလွှတ်ပေးခြင်းမှာ လက်ရှိ အစိုးရ အပေါ်တွင်သာ မူတည်ကြောင်းလည်း မဖြိုးဖြိုးအောင်က မီဒီယာ များအား ဖြေကြားသည်။

ထိုနေ့ရုံးချိန်းတွင် ကိုကျော်ကိုကို မျက်ကွယ်တွင် စစ်ဆေးခဲ့သည့် စစ်ချက်များအား တရားရုံးရှေ့မှောက်တွင် ပြန်လည်မှတ်တမ်းတင်မှုကို အပြီးသတ်ခဲ့ပြီး လာမည့်အပတ် ရုံးချိန်းတွင် ကျောင်းသားသပိတ် ဖြိုခွင်းစဉ်က လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည့် ဦးသီဟအား တရားလိုပြ သက်သေအဖြစ် စတင်စစ်ဆေးမည် ဖြစ်ကြောင်း ကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေ တစ်ဦးဖြစ်သူ ဦးလှမျိုးမြင့်က ပြောကြားသည်။

ဦးလှမျိုးမြင့်က "ဒီနေ့ ရုံးချိန်းမှာတော့ ဦးရောဘတ်စန်းအောင်ရဲ့ စစ်ဆေးချက်တွေကို ကိုကျော်ကိုကို မျက်ကွယ်မှာ စစ်ဆေးခဲ့တာတွေကို ရုံးရှေ့မှာပြန်ပြီး မှတ်တမ်းတင်တယ်။ အဲဒီဟာက ဒီနေ့ပြတ်ပြီ။ နောက်တစ်ပတ် ရုံးချိန်းကျရင် တရားလိုပြသက်သေ စစစ်မယ်။ အဲဟာက လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟကို စစ်မယ်။ ဦးသီဟက အဲဒီတုန်းက ကျောင်းသားတွေကို နှိမ်နင်းဖို့ဆိုပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၂၇/၁၂၈ နဲ့ အမိန့်ထုတ်ခဲ့တယ်။ တကယ်တော့ အဲဒီအမိန့်ကို ထုတ်ခွင့်ရှိတဲ့ အာဏာရှိတာက တရားသူကြီးနဲ့ ရဲပဲ ရှိတယ်။ အဲဒါကို မြို့နယ်အုပ်ချုပ်ရေးမှူး အနေနဲ့မရတဲ့ တရားစီရင်ရေး အာဏာကို အလွဲသုံးစား လုပ်တဲ့အတွက် ဒီဟာနဲ့ ပတ်သက်ပြီး မှားတယ်ပေါ့။ ဒါကိုပြန်လှန်မေးမယ်" ဟု ပြောကြားသည်။

ထိုအမှုတွင် တရားလိုပြ သက်သေပေါင်း ၄၀ ကျော် တင်သွင်းထားသော် လည်း အမှန်တကယ် အရေးကြီးသည့်သူများကိုသာ စစ်ဆေးမည်ဖြစ်ကာ မလိုအပ်သည့် သက်သေများကို ပယ်မည်ဖြစ်ကြောင်း ဦးလှမျိုးမြင့်က ဆက်လက်ပြောကြားသည်။

ယင်းအပြင် သာယာဝတီ အကျဉ်းထောင်အတွင်း ယခုလအတွင်း သိသိသာသာ အအေးဒဏ် ပိုလာသဖြင့် ဖမ်းဆီးခံကျောင်းသား/သူများ အနေဖြင့် စောင်လုံလောက်မှု မရှိသဖြင့် အလှူရှင်များက ခြုံစောင်များကို ယင်းနေ့ ရုံးထုတ်တွင် လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

"အခုလောလောဆယ်တော့ သာယာဝတီက တော်တော်ချမ်းတယ်။ ကျွန်မတို့ နေရာဆိုရင် အဆောင်ရဲ့ ဘေးကအခန်းသဘောမျိုးဖြစ်တဲ့ အတွက် အကာက နည်းတယ်။ သံတိုင်တွေပဲများတော့ တော်တော်အေး တယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အပတ်က ရန်ကုန်က အစ်မတစ်ယောက်က စောင်တွေ လှူထားတယ်။ အခုလည်း ထပ်ပြီးဆရာကြီး ဦးတင်မိုးမိသားစုက စောင်တွေ ထပ်ပြီးလှူတာပါ။ ချမ်းတာက အတွင်းက လူတွေကောအပြင်က လူတွေကော တော်တော်ကိုချမ်းတာ" ဟု မဖြိုးဖြိုးအောင်က ဆိုသည်။

ထိုနေ့ရုံးချိန်းသို့ သာယာဝတီ အကျဉ်းထောင်ထဲတွင် ကျန်းမာရေး ဆိုးရွားသဖြင့် ရန်ကုန် ဆေးရုံကြီးတွင် တစ်လကျော်ကြာ ဆေးကုသမှု ခံယူခဲ့ရသည့် ကိုမင်းသွေးသစ်၊ ကိုမာနော်အပါဝင် ကျောင်းသားဝန်းရံသူ အချို့မှာ ရောဂါသက်သာလာပြီ ဖြစ်သဖြင့် ရုံးချိန်းပြန်လည် တက်ရောက် ခဲ့သည်။ ပြီးခဲ့သည့် အပတ်က အာမခံ လျှောက်ထားခဲ့သည့် ဦးမြကြီး၊ ကိုထိန်လင်းအောင်တို့အား ဆေးကုခွင့် အာမခံပေးခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီ ပညာရေးသပိတ်မှ ကျောင်းသားများနှင့် ၀န်းရံသူ ၇၀ ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နှင့် ၅၀၅ (ခ) တို့ဖြင့် သာယာဝတီမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်ပြီး ၁၀ လကျော်ကြာ တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List