Wednesday, January 20, 2016

လန်ဒန်ဆရာတော်တို့အား စွဲဆိုထားသည့် ပုဒ်မနှစ်ခုအနက် တရားရင်ဆိုင်ရန် ကျန်ရှိသည့် သံဃာများဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀/၉၀ ကို ချေဖျက်ပေးရန် တိုင်းတရားလွှတ်တော်တွင် နှစ်ဖက်ကြားနာ


လန်ဒန်ဆရာတော်တို့အား စွဲဆိုထားသည့် ပုဒ်မနှစ်ခုအနက် တရားရင်ဆိုင် ရန် ကျန်ရှိသည့် သံဃာများဆိုင်ရာ ဥပဒေပုဒ်မ ၂၀/၉၀ အား ချေဖျက် ပေးရန် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် နှစ်ဖက်ကြားနာမှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန တိုင်းသာသနာရေးမှူး ဦးစိန်မော်က တရားလိုပြုလုပ်ကာ လန်ဒန်ဆရာတော် အပါအ၀င် သံဃာငါးပါးအား တရားစွဲဆိုထားသည့် ပုဒ်မနှစ်ခုအနက် ၂၉၅ (က) ကိုမူ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် တရားရှင် လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“အခုက ၂၀/၉၀ နဲ့ပတ်သက်ပြီး ချေဖျက်ဖို့ တရားလွှတ်တော်ကိုတင်တော့ ၂၀/၉၀ မှာပါတဲ့ ပုဒ်မ ၁၂၊ ၁၃ က ပြည်ထဲရေးနဲ့ သာသနာရေးက စွဲရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ တိုင်းသာသနာရေးမှူးက စွဲရမယ်လို့ မပြောထားဘူး။ အခုက တိုင်းသာသနာရေးမှူးက တရားလိုပြုလုပ်ပြီး စွဲထားတာဖြစ်တယ်။ ဒါကြောင့် ၁၂၊ ၁၃ နဲ့ စွဲထားလို့ ဥပဒေအရဆိုရင် မူလကတည်းက ပျက်နေတယ်။ ဒီအမှုကြီးက စွဲလို့မရတဲ့အတွက် ချေဖျက်ပေးဖို့ လျှောက်လဲတာ ဖြစ်ပါတယ်” ဟု ဆရာတော်များ၏ရှေ့နေ ဦးအေးချိုက ပြောကြားသည်။

လက်ရှိတွင် တရားရင်ဆိုင်ရန် ကျန်ရှိသည့် ၂၀/၉၀ အားချေဖျက်ရန် တရားလွှတ်တော်၌ နှစ်ဖက်ကြားနာ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ချေဖျက်သင့်၊ မသင့်ကို တရားလွှတ်တော်မှ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။

“အခုက အမှုမမြောက်တာကို အမှုလုပ်ပြီး စစ်ကတည်းက တရားဥပဒေအရ လုပ်ထုံးလုပ်နည်း လွဲနေတယ်။ ဒါကြောင့်မို့ ချေဖျက်ဖို့ တရားရုံးကို လျှောက် ထားတာ ဖြစ်ပါတယ်” ဟု လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

ပီနန်ဆရာတော် ဂျပန်နိုင်ငံသို့ ရောက်ရှိစဉ်အတွင်း နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့မှ ၂၀၁၄ ခုနှစ် ဇွန် ၁၀ ရက် ည ၁၀ နာရီ ခန့်တွင် သန္တိသုခ ကျောင်းတိုက်ကို ၀င်ရောက်စီးနင်းခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ သံဃာတော် ၂၈၁ ပါး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ များက ကျောင်းတိုက်တွင် သီတင်းသုံးနေသော အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာ ၂၁ ပါးအား သန္တိသုခကျောင်းတိုက်နှင့် ပတ်သက်ကာ အစည်းအဝေး ရှိသည်ဟုဆိုကာ ကမ္ဘာအေးကုန်းမြေသို့ အဝေးပြေးယာဉ် ခြောက်စီးဖြင့် ခေါ်ဆောင်သွားခဲ့သည်။ ယင်းအနက်မှ သံဃာတော် ၁၆ ပါးအား ညတွင်းချင်း လွှတ်ပေးခဲ့ကာ ပီနန်ဆရာတော် တပည့်ရင်းသံဃာ ငါးပါးအား ကမ္ဘာအေး ကုန်းမြေတွင် ဆက်လက်ထိန်းသိမ်း ထားခဲ့သည်။

ထို့နောက် ကမ္ဘာအေးကုန်းမြေတွင် ထိန်းသိမ်းထားသည့် သံဃာငါးပါးကို တာမွေတရားရုံးတွင် သာသနာရေး ဦးစီးဌာနမှ တိုင်းသာသနာရေးမှူး ဦးစိန်မော်က တရားလို ပြုလုပ်ကာ ၂၀/၉၀၊ ပုဒ်မ ၂၉၅ (က) ဖြင့် တရားစွဲဆိုခဲ့ပြီး ဇွန် ၁၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် အဓမ္မ လူဝတ်လဲစေကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် ဇွန် ၂၀ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့ကာ သင်္ကန်းပြန်လည်ဆီးခဲ့ပြီး အာမခံဖြင့် လွှတ်ပေးခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List