Tuesday, January 19, 2016

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝမ်းစိန်နှင့်တွေ့ဆုံခြင်း

ဇန်န၀ါရီ ၁၂ ရက်ကစ၍ ငါး ရက်ကြာပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ ညီချက် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ပါဝင် တက်ရောက်ခဲ့သည်။ ထို့အပြင် NCA ကို လက်မှတ်ရေး ထိုးခြင်းမရှိသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ကိုယ် စားလှယ်များလည်း အထူးဖိတ်ကြားထားသူအဖြစ် တက်ရောက်ခဲ့ကြသည်။

NSCN-K ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သာသနာရေးဝန်ကြီး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝမ်းစိန်နှင့် နာဂနိုင်ငံရေး၊ NCA ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စသည့် အကြောင်းအရာများနှင့်ပတ်သက်၍ 7Day News ကတွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
သမိုင်းမှာ ပထမဆုံးအကြိမ်ပြု လုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံအပေါ် ဘယ်လိုမှတ် ချက်ပေးချင်ပါသလဲ။
ငြိမ်းချမ်းရေးဆိုတဲ့အရာမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ၂၀၁၁ တုန်းက သူဖိတ်ကြားခဲ့တဲ့ အတိုင်း မြန်မာတစ်နိုင်ငံလုံးက ငြိမ်းချမ်းချင်တဲ့ စိတ်ဆန္ဒရှိတဲ့အခါ မှာ အားလုံးပါဝင်လာကြတယ်။ ကျွန်တော်တို့နာဂလည်းပါဝင်လာ တယ်။ အဲဒီလိုဆိုတော့ သမ္မတ ဦး သိန်းစိန်ဦးဆောင်တဲ့ သက်တမ်း ဒီ ငါးနှစ်သက်တမ်းကာလမှာ တော်တော်လေးကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဆောင် ရွက်ခဲ့သလိုပဲ အစိုးရသစ်ရဲ့ လက် ထက်မှာလည်းပဲ ယူသွားရမယ့် ကိစ္စရပ်တွေငြိမ်းချမ်းရေးကိုတော့ ကောင်းမွန်စွာလုပ်ဆောင်ဖို့တော့ လိုအပ်တယ်။ ဒါမှလဲပဲ မြန်မာ နိုင်ငံ ပြည်တွင်းမှာရှိတဲ့ လက်နက် ကိုင်နဲ့ပတ်သက်ပြီးတော့မှ စစ်ဖြစ် နေတဲ့အရာတွေအားလုံး ထိန်း သိမ်းသွားလို့ရမယ်။ ဒါမှလဲပဲ ပြည်သူလူထုက ငြိမ်းချမ်းရေးကို ရရှိမယ်။ ဒါဟာ ကျွန်တော်တို့နာဂရဲ့အမြင်ပါပဲ။
NSCN-K အနေနဲ့ NCA စာချုပ်မှာ ပါဝင်လက်မှတ်မရေးထိုးဖြစ်သေး တဲ့အကြောင်းရင်းကို သိချင်ပါ တယ်။
NCA မှာ လက်မှတ်မရေးထိုး နိုင်တဲ့အပိုင်းက ကျွန်တော်တို့နာဂ အတွင်းရေးထဲမှာ နိုင်ငံရေးအခြေ အနေတွေက အမျိုးမျိုးတွေရှိ တယ်။ ဘာကြောင့် အမျိုးမျိုးရှိ သလဲဆိုရင် ကျွန်တော်တို့နာဂ တွေက အရင်ကတည်းက တချို့ တွေက အိန္ဒိယမှာရှိတယ်၊ တချို့ က မြန်မာနိုင်ငံမှာရှိတယ်ဆိုတော့ ဒီ နှစ်နိုင်ငံမှာရှိသော နာဂသည် နိုင်ငံရေးကတော့ တစ်ခုပဲဖြစ်နေ တယ်။ ကျွန်တော်တို့မြန်မာနိုင်ငံ မှာ ဒီလို NCA နဲ့ လက်မှတ်ရေးထိုး ပြီးလုပ်မယ်ဆိုရင် အိန္ဒိယမှာရှိတဲ့ နာဂတွေရဲ့ အခြေအနေကို ကျွန် တော်တို့ဘယ်လို ဖန်တီးနိုင်မလဲ ဆိုတဲ့ အပိုင်းတွေကဖြစ်လာတယ်။ ဒါကြောင့် NCA မှာလက်မှတ်မရေး ထိုးနိုင်သေးဘူးပေါ့။

NCA စာချုပ်မှာ အားသာချက် အားနည်းချက်တွေအပေါ်ကို NSCN-K အနေနဲ့ ဘယ်လိုယူဆပါ သလဲ။
ဒါကတော့ ကျွန်တော်တို့က NCA မှာ လက်မှတ်မရေးထိုးထားဘူး ဆိုတော့ အားသာချက်၊ အားနည်း ချက်တွေကို အခုလောလောဆယ် မှာတော့ ဝေဖန်သုံးသပ်ဖို့တော့ မ ရှိသေးပါဘူး။
လက်ရှိ လက်မှတ်မရေးထိုးထား သေးတဲ့ အခြေအနေမှာ အစိုးရနဲ့ ဘယ်လိုညှိနှိုင်းတာတွေနဲ့ ဘယ် လိုအနေအထားမျိုးတွေ တောင်း ဆိုထားတာတွေ ရှိသေးလဲ။
အခု အစိုးရဘက်ကို တောင်း ဆိုထားတယ်ဆိုတာကတော့ အခု ထိတော့ ဘာမှမရှိသေးဘူး။ ဘာ ကြောင့်လဲဆိုရင် နိုင်ငံရေးဆွေး နွေးတဲ့အထဲမှာမပါဝင် နိုင်သေးတဲ့ အခါကျတော့ တောင်းဆိုတာတွေ က အခုထိမရှိပါဘူး။ သို့သော် အပစ်အခတ်ရပ်စဲရေးလုပ်တာက တော့ အပစ်အခတ်ရပ်စဲရေး သ ဘောတရားအတိုင်းလက်မှတ်ရေး ထိုးထားတာရှိတယ်။ တိုင်းဒေသ ကြီးအဆင့်မှာ လက်မှတ်ရေးထိုး ထားတာရှိတယ်။
NSCN-K ရဲ့ သမိုင်းကြောင်းကို ရှင်းပြပေးစေချင်ပါတယ်။
တိုင်းရင်းသား တပ်ပေါင်းစု ထဲမှာ ပါဝင်ထားတာတော့မရှိဘူး။ NSCN-K က သီးခြားပဲတည်ရှိပါ တယ်။ နာဂအဖွဲ့ကတော့ Organization အနေနဲ့ ၁၉၄၆ မှာ စတင်တယ်။ သို့သော် ဒါကလက် နက်တော့မပါဘူး။ Organization နိုင်ငံရေးပါတီအနေနဲ့ပဲပေါ့။လက် နက်ကိုင်လာတာကျတော့ ၁၉၆၄ မှာစပြီးတော့မှ လက်နက်ကိုစကိုင် တယ်။
နာဂဒေသဟာ မြန်မာနဲ့ အိန္ဒိယနှစ် နိုင်ငံစလုံးနဲ့ပတ်သက်မှုတွေရှိနေ တော့ နာဂဒေသဖွဲ့စည်းပုံနဲ့ပတ် သက်လို့ ဘယ်လိုသဘောထားရှိပါ သလဲ။
ကျွန်တော်တို့ရပ်တည်ချက် သဘောထားကတော့ နာဂတွေရှိ သော နယ်မြေဒေသပေါ့။ နောက် နာဂရဲ့ စီးဆင်းလာပုံသမိုင်းနဲ့အတူ ပေါ့လေ။ နာဂရဲ့သမိုင်းအခြေအ နေ၊ ပထ၀ီဝင်အနေအထားအရ နာဂရဲ့ အုပ်ချုပ်မှုထဲမှာဖြစ်စေချင် တယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုတာကတော့ ရှိတယ်။ ဒါ ကတော့ မြန်မာနိုင်ငံကနေပြီး တော့မှ အုပ်ချုပ်မှုယန္တရားနဲ့ကိုက် ညီအောင် အစိုးရအဖွဲ့အစည်းက နေ မြို့နယ်ကို သူတို့က သတ်မှတ် ပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (၃) (လေရှီး၊ လဟယ်၊ နန်းယွန်း)မြို့ နယ်ပေးထားတယ်။ အခုအထိ တော့ ဖက်ဒရယ်ဆိုတဲ့ဟာတွေက နိုင်ငံတစ်ခုရဲ့ အတွင်းမှာဖြစ်ရ မယ့်ကိစ္စဖြစ်တယ်။နာဂနိုင်ငံရေရဲ့ အခြေခံဟာ နိုင်ငံနှစ်နိုင်ငံ(မြန်မာ၊ အိန္ဒိယ) ကြားမှာခွနေတော့ ဒီဖက် ဒရယ်ကိစ္စကို နာဂအားလုံး တစု တစည်းတည်း နိုင်ငံရေးပေါ်လတစ် ကယ်ဒိုင်ယာလော့ခ်ကို သွားမယ်ဆိုတဲ့အခါကျမှပဲ ဖက်ဒရယ်ကိစ္စကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ အပိုင်း လုပ်လို့ရမယ်ထင်တယ်။ အိန္ဒိယနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာ ၁၁ နှစ်လောက်ကြာခဲ့တယ်။ ဒီ နောက်ပိုင်းမှာ သူတို့က ကျွန်တော် တို့နာဂတပ်မတော်အပေါ်မှာ ၀င် ပြီးတော့ ပစ်ခတ်သိမ်းဆည်း တယ်။ ခုခံတဲ့အပိုင်းနဲ့စပြီးတော့ တိုက်ပွဲဖြစ်ခဲ့တယ်။ နာဂအတွက် ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် နှစ်နိုင်ငံနဲ့ သက်ဆိုင်သလိုဖြစ်နေ တယ်။
နာဂရဲ့ နိုင်ငံရေးက တခြား တိုင်းရင်းသားတွေနဲ့မတူတာတော့ အမှန်ပဲ။ နာဂတွေက ဟိုးအရင် ခေတ်တွေကတည်းက မြန်မာနဲ့ အိန္ဒိယနယ်စပ်မျဉ်းတားလိုက်တဲ့ အခါမှာ ဟိုဘက် နာဂနဲ့ဒီဘက် နာဂဖြစ်သွားတယ်။ ဒီကိစ္စသည် ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ နာဂတွေကလည်း အိန္ဒိယဘက်ကို ချန်လို့မရဘူး။ အိန္ဒိယဘက်က နာဂတွေကလည်း မြန်မာဘက်ကို ချန်လို့မရဘူး။ ဘာကြောင့်လဲဆို ကျွန်တော်တို့နာဂတွေသည်မြန်မာ နဲ့ အိန္ဒိယကို အလည်သွားကြတာ မဟုတ်ဘူး။ ဒီနိုင်ငံရေးကို ပြောကြဆိုကြမယ်၊ ဆွေးနွေးကြမယ်ဆိုရင် တော့ တစ်နိုင်ငံတည်းတော့ အ ဆင်မပြေဘူး။ ဒါ နှစ်နိုင်ငံနဲ့ဆွေး နွေးရမယ်။ သို့သော် လက်နက်နဲ့ ဖြေရှင်းလို့ ငြိမ်းချမ်းရေးပြေလည် မှာမဟုတ်ဘူး။ စားပွဲပေါ်မှာ နိုင်ငံ ရေးနည်းလမ်းအရ နှစ်နိုင်ငံနဲ့ ကောင်းကောင်းမွန်မွန် ဆွေးနွေး ပြီးတော့မှ ရမယ့်အပိုင်းဖြစ်တယ်။
အခုညီလာခံမှာ သဘောထားကွဲလွဲမှုတွေရှိနေတဲ့ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးနဲ့ပတ် သက်ပြီးတော့ ဘာများမှတ်ချက် ပေးချင်ပါသလဲ။
ဒီပြည်ထောင်စုတပ်မတော် ဆိုတာကတော့ ကိုယ့်ရဲ့ နိုင်ငံရေး အပေါ်မှာ တကယ်အခြေခံကျကျ ဆွေးနွေးပြီးမှ လုပ်သွားရမယ့် အ ပိုင်းဖြစ်တယ်။ ဒီပြည်ထောင်စု တပ်မတော်ဆိုတဲ့အပိုင်းမှာ NSCN-K အနေနဲ့ ကျွန်တော်တို့ အခုလောလောဆယ်မှာ ဘာမှမ ပြောလိုသေးဘူး။ နောက်ပိုင်းကျ ရင်လည်း နိုင်ငံရေးပေါ်လစီ အ ပေါ်မှာပဲ မူတည်ပါမယ်ခင်ဗျာ။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် တဲ့ အစိုးရသစ်လက်ထက်မှာ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လို ပါဝင်ဆောင်ရွက်ဖို့ရှိပါသလဲ။
အခုလိုပါပဲ။ သမ္မတဦးသိန်း စိန်လက်ထက်မှာလည်း ကောင်း ကောင်းမွန်မွန် နဲ့ အပစ်အခတ်ရပ် စဲရေးလက်မှတ်ရေးထိုးထားတဲ့ စည်းမျဉ်းစည်းကမ်း တွေအတိုင်းပဲ စောင့်ရှောက်ခဲ့သလို အဲဒီအချိန် မှာလည်း ကိုယ့်ဒေသရဲ့ ဖွံ့ဖြိုးမှု ကိုပူးပေါင်းဆောင်ရွက်ခဲ့သလိုပဲ ဆက်လက်ပြီးတော့မှ အစိုးရသစ် ရဲ့ လက်ထက်မှာလည်းပဲ ကောင်း မွန်စွာလက်တွဲပြီးတော့ ပူးပေါင်း ဆောင် ရွက်ဖို့ရှိပါတယ်။

ကျေးဇူးတင်ပါတယ်။
7Day News Journal


No comments:

Post a Comment

My Blog List