Wednesday, August 14, 2013

မန်းမှလုပ်သားများအတွက် အနည်းဆုံးလစာနှုန်း သတ်မှတ်မည့် ကော်မတီဖွဲ့စည်းတော့မည်


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံလုပ်သားများ အနည်းဆုံးလုပ်ခလစာ မည်မျှရရှိနိုင်သည်ကို သတ်မှတ်မည့်ကော်မတီကို ယခုလကုန်တွင် ဖွဲ့စည်းနိုင်တော့မည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့ထံမှ စုံစမ်းရရှိသည်။

“အနည်းဆုံးလုပ်ခလစာသတ်မှတ်ရာမှာလည်း အလုပ်သမားနဲ့အလုပ်ရှင်အတွက် မျှတတဲ့လုပ်ခလစာဖြစ်စေဖို့ဆောင်ရွက်သွားမယ်” ဟု မန္တလေးတိုင်းသစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားခဲ့သည်။

အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးကော်မတီကို ဖွဲ့စည်းပြီးပါက အခြေခံလုပ်ငန်း အမျိုးအစားပေါင်း ၂၀ ကျော်မှ လုပ်သားများအတွက် လုပ်ခလစာနှုန်းထားများ သတ်မှတ်နိုင်လိမ့်မည်ဟုလည်း သူကဆိုသည်။


အနည်းဆုံးအခကြေးငွေဥပဒေဆိုသည့် တစ်နိုင်ငံလုံးရှိလုပ်သားများ လုပ်ခလစာမည်မျှ ရသင့်သည်ကို သတ်မှတ်သည့် ဥပဒေကို ဇူလိုင် ၁၂ ရက်တွင် လွှတ်တော်က အတည်ပြုလိုက်ပြီးနောက် တိုင်းနှင့်ပြည်နယ်အလိုက် လုပ်သားများ၏ လုပ်ခလစာ နှုန်းထားသတ်မှတ်မည့် ကော်မတီများ ယခုလိုဖွဲ့စည်းခြင်းဖြစ်သည်။

ဥပဒေအရ အလုပ်အကိုင်အမျိုးအစားနှင့် ဒေသအခြေအနေအလိုက် အနိမ့်ဆုံးရရှိမည့် လုပ်ခလစာနှုန်းထားများ သတ်မှတ်ရမည် ဖြစ်သဖြင့် ထိုသို့ဒေသအလိုက် သက်ဆိုင်ရာကော်မတီများကို ဖွဲ့စည်းရခြင်းလည်း ဖြစ်သည်။

မန္တလေးတိုင်းမှ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးကော်မတီတွင် အဖွဲ့ဝင် ၂၁ ဦးရှိမည်ဖြစ်ပြီး အလုပ်သမား၊ အစိုးရ၊ အလုပ်ရှင်ကိုယ်စားလှယ် ငါးဦးစီ ကော်မတီတွင် ပါဝင်မည်ဖြစ်သည်။

ထို့ပြင် အလုပ်သမားရေးရာကျွမ်းကျင်သည့် ပညာရှင်များလည်း ထိုကော်မတီတွင် ပါဝင်မည်ဟု မန္တလေးတိုင်းအစိုးရ အဖွဲ့ထံမှသိရသည်။

ဇူလိုင်က ပြဋ္ဌာန်းထားသည့် ဥပဒေအရ တိုင်းအဆင့်အနည်းဆုံး လုပ်ခလစာသတ်မှတ်ရေးကော်မတီ၏ လက်အောက် တွင် လုပ်ငန်းအလိုက်လုပ်ခလစာသတ်မှတ်မည့် ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်နှင့် ၀န်ဆောင်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးစသည့်လုပ်ငန်းတို့အတွက် အနည်းဆုံးလုပ်ခလစာ စိစစ်ရေးကော်မတီတို့ကိုလည်း ဆက်လက်ဖွဲ့စည်းရမည်ဖြစ်သည်။

မန္တလေးတိုင်းအစိုးရအဖွဲ့၏အဆိုအရ ထိုစိစစ်ရေးကော်မတီများအပြင် သုတေသနနှင့် အကြံပေးလုပ်ငန်းဆိုင်ရာ ကော်မတီကိုလည်း ဖွဲ့စည်းဦးမည်ဟု သိရသည်။        

No comments:

Post a Comment

My Blog List