Thursday, August 15, 2013

အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်း ဆိုင်းငံ့ရန် အသင်းအဖွဲ့ ၄၉ ခု စုပေါင်းတောင်းဆို

Thursday, August 15, 2013
လက်ရှိ ပြည်သူ့လွှတ်တော်တွင် လက်ခံဆွေးနွေးရန် အတည်ပြုထားသော အသင်းအဖွဲ့ဆိုင်ရာ ဥပဒေ ကြမ်းနှင့် ပတ်သက်ပြီး ၎င်း ဥပဒေကြမ်းကို ပြင်ဆင်ရန်နှင့် လက်ရှိ ရပ်ဆိုင်းထားရန် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ရှိ လူမှုရေး အဖွဲ့အစည်း ၄၉ ဖွဲ့က သဘောထား ထုတ်ပြန်ထားကြောင်း သြဂုတ်လ ၁၃ ရက်နေ့တွင် ကျင်းပသော လူမှုရေး အသင်းအဖွဲ့များ၏ အလုပ်ရုံဆွေး နွေးပွဲထံမှ စုံစမ်းသိရှိရသည်။
မြန်မာတစ်နိုင်ငံလုံးရှိ လူမှုရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်သော ၎င်းဥပဒေကို ရေးဆွဲသူများသည် အသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်ဖူးသူများ ပါဝင်နိုင်သလို ပရဟိတ လုပ်ငန်းများနှင့် ကင်းလွတ် သူများလည်း ရှိနိုင်သဖြင့် ပြည်သူ့လွှတ်တော်တွင် တင်သွင်းထားသော ဥပဒေကြမ်းသည် ပြည့်စုံမှုမရှိဘဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နေသော အရပ်ဘက် အဖွဲ့အစည်းများ ကိုယ်တိုင် တင်သွင်းသော ကိုယ်စားပြု ဥပဒေကြမ်းကို ပြန်လည်တောင်းခံရန် လိုအပ်ကြောင်း မိုးမေတ္တာပရဟိတ သွေးလှူရှင်များ အသင်းက ဦးညီညီအောင်က The Voice သို့ ပြောဆိုသည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်က တာဝန်ရှိသူများနှင့် NGO, INGO အပါ အဝင် လူမှုအဖွဲ့အစည်းတချို့နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သော်လည်း ၎င်းတို့သည် တစ်ပြည်လုံးတွင် ရှိသော အရပ်ဘက် အဖွဲ့အစည်းများကို ကိုယ်စားပြုထားသောသူများ မဟုတ်သည့်အတွက် တွေ့ဆုံပွဲမှာ ထိရောက်ပြီး ပြီးပြည့်စုံသော ဆွေးနွေးမှု ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း ၎င်းကဆိုသည်။
“အဲဒါကြောင့် ကျွန်တော်တို့က ဆိုင်းငံ့ဖို့ကို ပြောနေတာပါ။ သူတို့တွေ ဇွတ်လုပ်မယ်ဆိုလည်း ကျွန်တော်တို့ က ကန့်ကွက်မှာပဲ။ ဆိုင်းငံ့နေတဲ့အချိန်မှာ တစ်နိုင်ငံလုံးက လူမှုအဖွဲ့အစည်းတွေ ညီလာခံ ကိုယ်တိုင် ဆွဲထားတော့ ဥပဒေကြမ်းကို အသစ်ဆွဲပြီး တင်ပြနိုင်ဖို့ ကျွန်တော်တို့လုပ်မှာပါ” ဟု ဦးညီညီအောင်က ဆက်လက်ပြောကြားသည်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့သော 7 Days သွေးနှင့် အထွေထွေကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့မှ ဦးစိုးနိုင် က တိုင်းပြည်အတွက် လိုအပ်နေသော နေရာတွင် ဝိုင်းဝန်း ကူညီနေကြနေသော လူမှုအဖွဲ့အစည်းများ၏ ဥပဒေကြမ်းကို ပြင်ဆင်ရန်နှင့် ရပ်ဆိုင်းထားရန် ဆုံးဖြတ်ထားသော သဘောထားနှင့် တစ်ထပ်တည်း ရှိနေကြောင်း ပြောဆိုသွားသည်။
လက်ရှိဆွေးနွေးပွဲမှရရှိသောကြေညာချက်ကိုနာရေးကူညီမှုအသင်း(ရန်ကုန်)အုပ်ချုပ်ရေးမှူး ဒေါ်ဧရာ
မောင်မောင်ထံ ပေးပို့ ထားပြီး ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်း ရေးဆွဲထားသော ကော်မတီ သို့လည်း တိုက်ရိုက်ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List