ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပလျက်ရှိသော ကမ္ဘာ့ ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲမှ တုတ်ထောက်ခုန် ပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံမှ ကစားသမားရီလီနာ အီဆင်ဗရီးဘားသည် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ကြောင်း BBC သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ယင်းတုတ်ထောက်ခုန် ပြိုင်ပွဲတွင် ပြိုင်ပွဲ အသီးသီး၌ ရွှေတံဆိပ် ဆယ်ခု ရရှိထားသော ရုရှားနိုင်ငံသူ အသက် ၃၁ နှစ်အရွယ် အီဆင်ဗရီးဘားသည် ယခုနှစ် ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲတွင် ၄ဒသမ ၈၉မီတာ အမြင့်သာ ခုန်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန် ဖြစ်သော ၅ ဒသမ ၀၇ မီတာကို မချိုးနိုင်ခဲ့သော်လည်း ရွှေ တံဆိပ်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ကမ္ဘာ့ချန်ပီယံရှစ် တုတ်ထောက်ခုန် ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို အီဆင် ဗရီးဘား၊ ငွေတံဆိပ်ဆုကို အမေရိကန်နိုင်ငံမှ Jennifer Suhr၊ ကြေးတံဆိပ်ဆုကို ကျူးဘားနိုင်ငံမှ Yarisley Silva တို့က ရရှိခဲ့သည်။
အီဆင်ဗရီးဘား “ကျွန်မ အခုအချိန်မှာ ပျော်နေပါတယ်။ တုတ်ထောက်ခုန် ပြိုင်ပွဲမှာတော့ ကျွန်မက ဘုရင်မ ပါပဲ။ အခုပွဲမှာ ကမ္ဘာ့စံချိန်ကို မချိုးနိုင် ခဲ့ပေမယ့် ဒီနှစ်အတွင်း နောက်ထပ် ပြိုင်ရဦးမယ့် ပြိုင်ပွဲ နှစ်ခုမှာတော့ စံချိန် ချိုးနိုင်အောင် ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ယခုနှစ် ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲ မစတင်မီက အီဆင်ဗရီးဘားသည် ပြိုင်ပွဲ အပြီးတွင် အနားယူမည်ဟု ပြောကြားခဲ့သော်လည်း ယခုအခါတွင် သူမ ဆုံးဖြတ်ချက်ကို ပြင်ဆင်လိုက်ပြီး မိသားစု ဘဝတစ်ခု ထူထောင်ပြီး ပါကလည်း ဆက်လက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment