Thursday, August 15, 2013

ကျားတို့ဌာနေ ဟူးကောင်းမြေ

Thursday, August 15, 2013
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် ၂ဝဝ၄ ခုနှစ်တွင် ကချင်ပြည် နယ် မြစ် ကြီးနားခရိုင် တနိုင်းမြို့နယ် အတွင်းရှိ ၂၄၆ဝ စတုရန်းမိုင်ရှိသော ဧရိယာကို ဟူးကောင်း ချိုင့်ဝှမ်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော အဖြစ် သတ်မှတ်ခဲ့သည်။
၂ဝ၁ဝ ပြည့်နှစ်တွင် ကျားများ ရှင်သန်ပေါက်ဖွားရန်နှင့် ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် ဧရိယာ ၆၇ဝ၈ စတုရန်းမိုင်သို့တိုးချဲ့ဖွဲ့စည်းသတ်မှတ်ခဲ့ပြီး ကမ္ဘာ့ အကြီးဆုံး ကျား ထိန်းသိမ်းရေး နယ်မြေအဖြစ် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီ အစဉ်)နှင့် ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ပါသည်။
ကမ္ဘာပေါ်တွင် ကျားမျိုးစိတ်ပေါင်း ကိုးမျိုး ရှင်သန်ပေါက်ဖွား နေထိုင်ခဲ့ကြသော်လည်း ယခုအခါ ကျားမျိုး စိတ် ခြောက်မျိုးသာ ရှင်သန် ပေါက်ဖွားလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကျားမျိုးစိတ် နှစ်မျိုးဖြစ်သည့် ဘင်္ဂလား ကျား Bengal Tiger (Panthera tigris tigris) နှင့် အင်ဒိုချိုင်းနားကျား Indochinese Tiger (Panthera tigris corbetti) တို့ ရှင်သန် ပေါက်ဖွား နေထိုင် ကျက်စားလျက် ရှိပါသည်။ သစ်တောဦးစီးဌာန အနေဖြင့် ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် တနင်္သာရီတိုင်း ဒေသကြီးရှိ တနင်္သာရီ သဘာဝ ကြိုးဝိုင်းတို့အား ကျား ထိန်းသိမ်းရေး ဦးစားပေးနယ်မြေ (Priority Site) များအဖြစ် သတ်မှတ်ခဲ့ပြီးဟူးကောင်းချိုင့်ဝှမ်းတာရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ကျားကောင်ရေအများဆုံးကျက်စား
 နိုင်ကြောင်း ပညာရှင်များ၏ ခန့်မှန်းချက်များ အရ သိရပါသည်။
၂ဝဝ၂- ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၈- ၂ဝဝ၉ ခုနှစ် အထိ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော ဝန်ထမ်းများနှင့် သားငှက် ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) WCS တို့ ပူးပေါင်း၍ ကင်မရာ ထောင်ချောက် (Trap Camera) အသုံးပြု လေ့လာခြင်း၊ ကွင်းဆင်း လေ့လာ စာရင်းကောက် သုတေသန ပြုလုပ်ခြင်းများအရ ကျား ပျံ့နှံ့ကျက်စား နယ်မြေရှစ်ခု ဖော်ထုတ်နိုင်ခဲ့ပြီး ကျားကောင်ရေ ၇ဝ မှ ၈၂ ကောင်ခန့် အကြား ရှိနိုင်ကြောင်း ခန့်မှန်း တွက်ချက်ခဲ့ပါသည်။
အလွန်အကျွံ အမဲလိုက်ခြင်းနှင့် နေရင်းဒေသများ ယိုယွင်း ပျက်စီးလာခြင်းတို့ကြောင့် ကျား ကောင်ရေ အလွန်အမင်း ကျဆင်းလာနေသည့် အတွက် ကမ္ဘာနှင့်အဝှမ်း ကျားကောင်ရေ တိုးတက်လာစေရန် ကျားမျိုး ထိန်းသိမ်း ပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။ ဇူလိုင် ၂၉ ရက်ကိုလည်း အပြည်ပြည် ဆိုင်ရာ ကျား ထိန်းသိမ်းရေးနေ့ အဖြစ် သတ်မှတ် ခဲ့ပါသည်။
ယခုအခါ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား ပုဒ်မ (၁၄၄) ထုတ်ပြန်၍ ကာကွယ် ထားပြီး ကင်းလှည့် ထိန်းသိမ်းခြင်း၊ ကွင်းဆင်း လေ့လာခြင်း၊ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့် သင်တန်းများ ပေးခြင်းနှင့် ကျား ထိန်းသိမ်းရေး ပညာပေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကျား ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေစိုးမိုးမှု ရရှိစေရန်အတွက် ဟူးကောင်းချိုင့်ဝှမ်း ဘေးမဲ့တော ၌ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့မှ သီးခြားဖွဲ့စည်း တာဝန်ပေးထားသော ကျား ထိန်းသိမ်းရေး ရဲစခန်းနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း များ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။
ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ကျားကောင်ရေ ပြန်လည် တိုးပွားရေး အစီအစဉ် (Global Tiger Recovery Program-GTRP) တစ်ရပ်ကို ၂ဝ၂၂ ခုနှစ်တွင် ကမ္ဘာ့ ကျားကောင်ရေ နှစ်ဆ တိုးပွားလာစေရန် ရည်ရွယ် ရေးဆွဲခဲ့ပါသည်။ ယင်း အစီအစဉ်အရ ကျား ကျက်စားရာ နိုင်ငံ တိုင်းသည် နိုင်ငံအဆင့် ကျားကောင်ရေ ပြန်လည် တိုးပွားလာစေရေး အစီအစဉ် (National Tiger Recovery Program- NTRP) ကို ရေးဆွဲ အကောင်အထည် ဖော်ရမည် ဖြစ်သဖြင့် မြန်မာနိုင်ငံမှလည်း NTRP ရေးဆွဲ၍ ကျားများ မျိုးသုဉ်း မပျောက်ကွယ် စေရေးနှင့် ကျားကောင်ရေ နှစ်ဆ တိုးပွားလာစေရေး အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး(တိုးချဲ့-ပညာ)

No comments:

Post a Comment

My Blog List