Thursday, August 15, 2013

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ရွှေနန်းတော် မြ၀တီ-ဇရပ်ကြီး ခရီးသည်တင် မှန်လုံယာဉ် တိမ်းမှောက်

သြဂုတ် ၁၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အင်ဒိုင်းကျေးရွာ အနီး တွင် ရွှေနန်းတော် မြ၀တီ-ဇရပ်ကြီး ခရီးသည် တင်မှန်လုံယာဉ်တစ်စီး လမ်းဘေးသို့ ဆွဲချတိမ်းမှောက် မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး ၅ ဦးအား ဆေးရုံတင်ပို့ ကုသထားရကြောင်း သိရသည်။
မြ၀တီမြို့မှ ဇရပ်ကြီးမြို့သို့ သြဂုတ် ၁၃ ရက် နံနက် ၉ နာရီမှ စတင်ထွက်ခွာလာသော ယာဉ်အမှတ် ၄င/၇၅၃၄ ယာဉ်မောင်း မင်းသိန်းကျော် (၂၃ နှစ်)(ဘ) ဦးအောင်နိုင် ဖြူးမြို့နယ်နေသူ မောင်းနှင်လာသော FUSO ခြောက်ဘီး ရွှေနန်းတော် မြ၀တီ-ဇရပ်ကြီး ခရီးသည် တင်မှန်လုံယာဉ် တစ်စီးသည် ယာဉ်မောင်း ယာဉ်နောက်လိုက်နှင့် ခရီးသည် အပါအ၀င် လူ ၁၀ ဦးအား တင်ဆောင်လာပြီး တောင်ငူခရိုင်၊ အုတ်တွင်း မြို့နယ် အင်ဒိုင်းကျေးရွာအနီး အမြန်လမ်းမဟောင်း မိုင်တိုင်အမှတ် ၁၆၂ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအကြား တွင် တောင်မှမြောက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏အနောက်ဘက်သို့ ဆွဲချတိမ်းမှောက် ခဲ့ရာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးပြီး ခရီးသည် ကျားနှစ်ဦး မသုံးဦးအား အုတ်တွင်းမြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ကုသ ထားရကြောင်း သိရသည်။

"ကားက ခရီးဆုံးခါနီးဆိုတော့ လူ ၁၀ ယောက် ၀န်းကျင်လောက်ပဲ ကျန်တော့တယ် ကျွန်မတို့ လင်မယား က ရှေ့တစ်ခုံ နောက်တစ်ခုံ ထိုင်နေတာ ကျွန်မက ကားမောင်းတဲ့သူရဲ့ နောက်တစ်ခုံကျော်မှာ စီးလာတာ ပါ။ ကျွန်မတို့ စီးလာတဲ့ကားက ရှေ့ကမောင်းနေတဲ့ မှန်လုံကားတစ်စီးကို ကျော်တက်ဖို့ လုပ်နေတာ အဲဒီအ ချိန်မှာ ကားမောင်းတဲ့သူက လက်တစ်ဖက်က ဖုန်းပြောနေပြီး လက်တစ်ဖက်တည်းနဲ့ ကားမောင်းနေ တာ တွေ့ ရတယ်။ ကားကလည်းအရှိန်နဲ့ မောင်းနေတာဖြစ်တော့ အရှိန်မထိန်းနိုင်ဘဲ ဟိုလူးဒီလူးဖြစ်ပြီး လမ်းရဲ့ဘယ်ဘက်ကို မှောက်သွားတာ ကျွန်မသိလိုက်တဲ့ အချိန်မှာ ကျွန်မက မြေကြီးထဲမှာ မျက်နှာမှောက် ပြီး ကားအောက်ရောက်နေ တာ အဲဒီအချိန် အပြင်ကလူတွေက ဆွဲထုတ်တာပါ" အုတ်တွင်းမြို့နယ် ပြည် သူ့ဆေး ရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရသူ မနန်းတင်မျိုးခမ်းက ဆိုသည်။
ဆေးရုံတက်တဲ့ ငါးယောက်ထဲမှာ ကျားတစ်ဦးနဲ့ မနှစ်ဦး၊ သုံးဦးကို တောင်ငူဆေးရုံကြီးကို လွှဲလိုက်ပါပြီ။ အဲဒီထဲမှာ မသိင်္ဂီ (၂၁ နှစ်)ဆိုတဲ့ အမျိုးသမီးကတော့ ဘယ်ဘက်ညှပ်ရိုးနဲ့ ညာဘက်ခြေသလုံးရိုး ကျိုးသွားတော့လိုအပ်လို့တောင်ငူဆေးရုံကြီးလွှဲလိုက်တာကျန်တဲ့နှစ်ယောက်ကတော့သူတို့က တောင်ငူဆေး ရုံကြီးကို ပြောင်းတက်ချင်တယ်ဆိုလို့ ရွှေ့ပေးလိုက်တာပါ ငါးယောက်ထဲမှာ လေးယောက်က သာမာန် ဖူးရောင် ပေါက်ပြဲဒဏ်ရာလောက်ပဲ ဖြစ်ပါတယ်" ဟု အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်ဒေါက်တာ ကြည်စန်းထက်မှ ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပ တ်သက်ပြီး အုတ်တွင်းမြို့နယ် ကျွဲပွဲရဲစခန်းမှ ယာဉ်မောင်းမင်းသိန်းကျော်အား ယာဉ်(ပ)၁၁။ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က။ ၃၃၇။ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
http://news-eleven.com
J-15-8

No comments:

Post a Comment

My Blog List