Thursday, August 15, 2013

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအတွက် ကျန်းမာရေးအာမခံ စနစ်သစ်ထုတ်ပြန်

Thursday, August 15, 2013
ထိုင်းဘုရင်မ ဆုမ်ဒေဖရနန်းစ၀် ဆီရီကစ် ဖရာ့ပလုမ်ရာချီနီနာတ့်၏ ၈၁ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသော အားဖြင့်ရွှေ့ပြောင်း အလုပ်သမားများအတွက် ကျန်းမာရေးအာမခံ အထူးခံစားခွင့် ပေါ်လစီအသစ်တစ်ခု ထိုင်းကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်ဟု Migrant Working Group မှ ပြောရေးဆိုခွင့် ရှိသူ ဦးစောခူက Dawei Watch သို့ ပြောကြားသည်။ စနစ်သစ်အရ အလုပ်သမားများ နေထိုင်ခွင့်သက်တမ်း တစ်ကြိမ်တိုးလျှင် အစိုးရဆေးရုံတွင် ကျန်းမာရေးကောင်းမွန်ကြောင်း စစ်ဆေးရမည်ဖြစ်ပြီး ထိုထောက်ခံ စာဖြင့် လျှောက်ရသည်ဖြစ်ရာ တစ်ကြိမ် ဘတ် ၆၀၀ ကုန်ကျမည်ဖြစ်သည်။ “ဈေးများသွားတယ်။ ပေါ်လစီက လက်တွေ့အတွက် သိပ်မရှင်းဘူး၊ ပြီးတော့ အလုပ်သမားတွေ Visa (နေထိုင်ခွင့် သက်တမ်း) တစ်ခါတိုးရင် ကျန်းမာရေး တစ်ခါစစ်ရတယ်” ဟု ချင်းမိုင်အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားစောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ကိုင်သည့် မက်ဖောင်ဒေးရှင်းမှ ဆေးရုံဘာသာပြန် စိုင်းကျောက်ကပြောသည်။ရိုးရိုးပြင်ပဆေးခန်းတွင်ကျန်းမာရေးထောက်ခံစာယူကာ နေထိုင်ခွင့်သက်တမ်းလျှောက်၍ မရကြောင်း စိုင်းကျောက် က ပြောဆိုသည်။
ခုခံအားကျဆင်းမှုရောဂါ ကာကွယ်ဆေးဖြစ်သည့်(ARV) ဆေးကိုလဲ အခမဲ့ခံစားခွင့်ရှိသည်ဟု သိရသည်။
အလုပ်သမားများအတွက် ARV ဆေး ခံစားခွင့်ပေးခြင်းမှာ ရောဂါမရှိသူမှ ထည့်ဝင်သည့် ငွေကြေးရန်ပုံငွေ များကို ခုခံအားကျဆင်းသည့် ရောဂါသည်များအား ပြန်လည်ကူညီနိုင်ရန် ထိုင်းကျန်းမာရေးဌာနမှ စီစဉ်ခြင်းဖြစ်နိုင်သည်ဟု စိုင်းကျောက်က မှတ်ချက်ပေးသည်။
သာမန် ရွှေ့ပြောင်းလုပ်သားများ (သို့) ရိုးရိုး ကျန်းမာရေးအာမခံကဒ် ပြုလုပ်မည့်သူများ (လူမှုဖူလုံရေး အာမခံမရှိ သူများ)သည် ဆေးစစ်ခ ဘတ် ၆၀၀ နှင့် ကျန်းမာရေးအာမခံ ၁ နှစ်စာအတွက် ဘတ် ၂၂၀၀၊ စုစုပေါင်း ဘတ် ၂၈၀၀ ပေးသွင်းရမည်ဟု သိရသည်။အသက် ၇ နှစ် အောက် ရွှေ့ပြောင်းကလေးများအ တွက်မူ ကျန်းမာရေးအာမခံကြေး တစ်နှစ်စာအတွက် ၃၆၅ ဘတ်ပေးသွင်းရမည်ဖြစ်သည်။
အလုပ်သမားများ ကျန်းမာရေးအာမခံ ပြုလုပ်ရန် ငွေကြေးအကုန်အကျများပြားပြီး ၎င်းတို့၏ ယာယီနိုင်ငံ ကူး လက်မှတ်နှင့် အလုပ်သမားကဒ် ပြုလုပ်ရန်လည်း ကုန်ကျစရိတ်များ ရှိနေကြောင်း အလုပ်သမားများက ဆိုသည်။ လူမှုဖူလုံရေးအာမခံအတွက် မှတ်ပုံတင်နိုင်သော အလုပ်သမားများသည် ဆေးစစ်ခ ဘတ် ၆၀၀ နှင့် (လူမှုဖူလုံရေး အာမခံ ၀န်ဆောင်မှုမရမီကာလ) ၃ လစာ ကျန်းမာရေး အာမခံကြေးအတွက် ဘတ် ၅၅၀၊ စုစု ပေါင်း ဘတ် ၁၁၅၀ပေးသွင်းရမည်ဟု ဆိုသည်။
ကိုယ်ဝန်ဆောင် မိခင်များအတွက် ကိုယ်ဝန်နှင့်ပတ်သက်သည့် အကြောင်းအရာများကို မှတ်တမ်းပြုစု၍ နာတာရှည်ရောဂါများဖြစ်သည့် ဆီးချို၊ သွေးချို၊ နှလုံးစသည်တို့ကိုစစ်ဆေးခြင်း၊ မူးယစ်ဆေးဝါး၊ အရက်နှင့် ဆေးလိပ် သောက်သုံးမှု ရှိသည်၊ မရှိသည်ကို စစ်ဆေးခြင်း၊ ကိုယ်ဝန်ဆောင်ရန်နှင့် ကလေး ကို ပြုစုရန် အသင့်ဖြစ်ခြင်း၊ မဖြစ်ခြင်း စသည်တို့ကိုလည်း စစ်ဆေးသွားမည်ဟု သိရသည်။
ကလေးမွေးဖွားပြီးချိန်မှ အသက် ၁၅ နှစ်အထိ ကာကွယ်ဆေးထိုးပေးခြင်း၊ ကာကွယ်ဆေးထိုးနိုင်မည့် ရက်ချိန်းများကို ကူညီကြည့်ရှုပေးခြင်း၊ ကလေးကို မိခင်နို့တိုက်ကျွေးရန် ပညာပေးခြင်း စသည်တို့လည်း လုပ်ဆောင်သွားမည်ဟု သိရသည်။
မိခင်နှင့် ကလေးအတွက် ကျန်းမာရေးအာမခံကဒ်ပြား လုပ်ဆောင်ပေးခြင်းကို သြဂုတ်လ ၁၂ ရက်မှစ၍ ဆောင်ရွက်ပေးနေပြီ ဖြစ်သည်။

Mizzima News

1 comment:

  1. ဘယ်နေရာမှာ ကျန်းမာရေးအာမခံကဒ်ပြား သွားတောင်းရမှာလည်း

    ReplyDelete

My Blog List