
မြန်မာနိုင်ငံ၏ မော်တော်ကား ဈေးကွက်တွင် Mitsubishi တစ်ပတ်ရစ် ကားများသည် ဈေးကွက် ရရှိပြီး ဖြစ်သော်လည်း ယခုမှ ဝန်ဆောင်မှုစင်တာ ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် အာရှနှင့် အာဆီယံဒေသအတွင်း အလားအလာ အကောင်းဆုံး ဈေးကွက်တစ်ခု ဖြစ်လာပြီး Mitsubishi သည် မြန်မာပြည် ဈေးကွက်တွင်ဈေးကွက်ဝေစု ပိုမိုရရှိစေရန် အားထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Mitsubishi Motor Corporation သည် Mitsubishi Corporation အုပ်စုဝင် လုပ်ငန်းတစ်ခုဖြစ်ပြီး ၁၉၇ဝ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ကာ လက်ရှိအချိန်တွင် ပိုင်ဆိုင်မှုတန်ဖိုးယန်း ၆၅၇ ဘီလျံ ရှိသည်။မော်တော်ယာဉ်၊ စက်ပစ္စည်း အစိတ်အပိုင်းများ၊ စက်မှုလုပ်ငန်းသုံးမော်တော်ယာဉ်များ၊ စိုက်ပျိုးရေး လုပ်ငန်းသုံး မော်တော်ယာဉ်များနှင့် စက်ပစ္စည်း အစိတ်အပိုင်းများ အဓိကထုတ်လုပ်နေပြီး ယခင်နှစ်က ယန်း ၁၈ဝ၇ ဘီလျံဖိုး ရောင်းချခဲ့သည်။
Mitsubishi နှင့် အကျိုးတူ ပူးပေါင်းခဲ့သည့် FMI နှင့် YOMA တို့သည် SPA အုပ်စုဝင် ကုမ္ပဏီများ ဖြစ်ပြီး Mr.Serge Pun (ဦးသိမ်းဝေ) က ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည်။ FMI သည် မြန်မာနိုင်ငံ၏ ထိပ်တန်း အများပိုင် လုပ်ငန်းဖြစ်ပြီး အစုရှယ်ယာ ပိုင်ရှင်ပေါင်း ၄၇ဝဝ ဝန်းကျင် ရှိပါသည်။ ထိုလုပ်ငန်းကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေ၊ မော်တော်ယာဉ် ဖြန့်ချိရေး လုပ်ငန်းများ အပါအဝင် လုပ်ငန်းနယ်ပယ် ခုနစ်ခု လုပ်ကိုင်လျက်ရှိသည်။
Yoma Strategic Holdings Ltd ကို ၂ဝဝ၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စီးပွားရေး လှုပ်ရှားမှု အနေနှင့် မြန်မာနှင့် တရုတ် နိုင်ငံတို့တွင် အိမ်ခြံမြေ၊ လယ်ယာစိုက် ပျိုးရေး၊ မော်တော် ယာဉ်ဖြန့် ချိရောင်းဝယ်ရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်သည်။
SPA အုပ်စုသည် အခြားဂျပန် ကားကုမ္ပဏီများဖြစ်သည့် Nissan နှင့် Suzuki တို့၏ ဝန်ဆောင်မှု စင်တာများကိုလည်း လုပ်ကိုင်လျက်ရှိသည်။မြန်မာနိုင်ငံတွင် Toyota, Nissan, Honda, Suzuki, Mercedes ကားကုမ္ပဏီများ၏ ဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် အသုံးပြုမှု များသော Mitsubishi ကားများမှာ Pajero, Canter, Challenger, Galant, Lancer, Eclipse, Delica, Colt တို့ဖြစ်သည်။
Eleven Media Group
No comments:
Post a Comment