Thursday, February 14, 2013

မာန်ဟုန်ပြင်းပြင်း အားမာန်အပြည့်ဖြင့် ပြိုင်ပွဲဝင်တော့မည့် မြ၀တီ FC ဘောလုံးအသင်း


မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ကြီးမှူး ကျင်းပသည့် မြန်မာနေရှင်နယ်
လိဂ်-၂(MNL-2) ဘောလုံးပြိုင်ပွဲ ကို ၂ဝ၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ရက်မှ စတင် ကျင်းပတော့မည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်းပေါင်း ကိုးသင်းဖြင့် ပတ်လည် ယှဉ်ပြိုင် ကစားစေကာ ထိပ်ဆုံးနှစ်သင်း တန်းတက်ခွင့် ရမည်ဖြစ်သည်။

အမှတ်အများဆုံး နှစ်သင်းမှာ

ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစား၍ ဗိုလ်စွဲသည့် အသင်းအား ချန်ပီယံ အဖြစ် သတ်မှတ်မည် ဖြစ်သည်။ အဆိုပါ အသင်းများ ထဲမှ မြဝတီ အက်ဖ်စီ အသင်းအကြောင်းကို တစေ့တစောင်း တင်ပြလိုက်ရ ပါ သည်။

အောင်နိုင်ရေးအလံ

မြဝတီ အသင်းကို ယခင် ကာကွယ်ရေး ဝန်ကြီးဌာနမှ ကစားသမားများ၊
မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ကစားသမား များကို အခြေခံ၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မြဝတီ ဘောလုံးအ သင်း အောင်နိုင်ရေး အလံ ပေးအပ်ပွဲ အခမ်းအနားကို စင်ထရယ် ဟိုတယ်တွင် ဖေဖော်ဝါရီလ ၉ ရက်တွင် ကျင်းပခဲ့ပြီး အသင်း ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်း(ငြိမ်း)က အသင်းခေါင်းဆော င် ဌေးအောင်အား အသင်း အောင်နိုင်ရေး အလံ
ပေးအပ်၍ အသင်းသားများအား သြဝါဒစကား ပြောကြား ခဲ့ပါသည်။

ဖွဲ့စည်းမှု

မြဝတီ ဘောလုံး အသင်းကို ၂ဝ၁၂ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် စတင် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အသင်းတွင် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်း(ငြိမ်း)၊ အမှုဆောင် အရာရှိ ချုပ် ဗိုလ်မှူးကြီး
မြတ်စိုး(ငြိမ်း)၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး မြင့်ဦး၊ မန်နေဂျာ ဗိုလ်မှူး တင့်ဇော်၊ အုပ်ချုပ်သူ ဗိုလ်ကြီး ဝှက်ဇာကမ်း၊ အုပ်ချုပ်မှု အရာရှိ ဗိုလ် အောင်ကိုမင်း၊ နည်းစနစ် အကြံပေး ဦးစိုးပိုင် (မြန်မာ့လက်ရွေးစင် ဟောင်း)၊ နည်းပြချုပ် ဦးတင်မောင်သန်း(မြန်မာ့ လက်ရွေးစင်နှင့် တပ်မတော် လက်ရွေးစင်ဟောင်း)၊ နည်းပြ အဖွဲ့ဝင်များ အဖြစ် တပ်မတော် လက်ရွေးစင်ဟောင်း များ ဖြစ်သော ဦးခင်မောင်ဇော်၊ ဦးဆက်ထွန်း၊ ဂိုးနည်းပြ ဦးစံထွေး (လက်ရွေးစင်ဟောင်း) အသင်းခေါင်းဆောင် ဌေးအောင် (မြန်မာ့ လက်ရွေးစင်ဟောင်း) တို့ဖြင့် ဖွဲ့စည်းထားပြီး အသင်းတွင် MNL အတွေ့အကြုံရှိ ရဲဝေယံစိုး၊ တိုးမြင့်လှိုင်၊ ဇော်ဇင်ထက်တို့ ပါဝင် ဖွဲ့စည်းထားသည်။

အနာဂတ် လက်ရွေးစင်များ

တပ်မတော် ဘောလုံးအသင်း အနေဖြင့် ဗိုလ်မှူး ဗဟာဒူး ကဲ့သို့
မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမား များကို မွေးထုတ် ပေးနိုင်ခဲ့ကြောင်း၊
မြဝတီ အက်ဖ်စီ အသင်းကိုလည်း တပ်မတော် အကြီးအကဲ များ၏
ကောင်းမွန်သော ရည်မှန်းချက် များဖြင့် အနာဂတ် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းတွင် တပ်မတော် သား ဘောလုံးသမားများ အားဖြည့် ပေးနိုင်ရန် ရည်ရွယ် ဖွဲ့စည်းပေး ခဲ့ခြင်း ဖြစ်ကြောင်း၊ အသင်း အောင်မြင် မှု အတွက် အကောင်းမွန်ဆုံး ဖြည့်ဆည်း ထောက်ပံ့
ပေးထားပြီဖြစ်၍ ကစားသမားများ အနေဖြင့် ပွဲတိုင်း တွင် အထူးကြိုးစား ကစားသွားကြရန် လိုကြောင်း အသင်း ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်း(ငြိမ်း)က ပြောကြား သွားခဲ့ပါသည်။

လေ့ကျင့်ရေး

မြဝတီ အက်ဖ်စီ ဘောလုံး အသင်းကို အသင်းလိုက် စိတ်ဓာတ်ရှိစေရန်၊ အသင်းလိုက် စုပေါင်းလုပ်ဆောင်မှု (Team Works)၊ အသင်းလိုက် အချိတ်အဆက် ကောင်းမွန်မှု (Team Combination) သို့မဟုတ် Positional Play အလိုက် မိမိတာဝန်နှင့် ဝတ္တရားပိုင်း ကျေပွန်မှု (Duty and Function) အပြင် တစ်ဦးချင်း အတွက် စိတ်ဓာတ်နှင့် စည်းကမ်းပိုင်း တိုးတက်စေရန်နှင့် အရေးအကြီးဆုံး ဖြစ်သည့် ယဉ်ကျေး လိမ္မာပြီး ဘာသာတရား ကိုင်းရှိုင်း၍ ရိုးသားစွာ ကြိုးစားလိုစိတ် ရှိရန်၊ အမိ နိုင်ငံတော်ကို ချစ်မြတ်နိုးပြီး ဥပဒေကို လိုက်နာလိုစိတ် ရှိအောင် လေ့ကျင့် သင်ကြားပေးလျက် ရှိကြောင်း အသင်း အမှုဆောင် အရာရှိချုပ် ဒုတိယ ဗိုလ်မှူးကြီး မြတ်စိုး(ငြိမ်း)က အောင်နိုင်ရေး အလံ ပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြား ခဲ့ပါသည်။

အနှစ်သာရ ရှိအောင်

မြဝတီ အသင်း အနေဖြင့် ပရိသတ်များ လက်ခံ အားပေးရန် ခွန်စိုက်အားစိုက် ဘောလုံး သက်သက်သာ (Roll Pass Game) ဖြင့် ကစားသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ စည်းမျဉ်း စည်းကမ်းကို Pro အသင်း ပီသစွာ လိုက်နာပြီး ကစားသွားမည်
ဖြစ်ကြောင်းနှင့် ကွင်းအတွင်း၌ ဒိုင်လူကြီး များကို လေးစား ယုံကြည်စွာ ပြိုင်ပွဲကို အနှစ်သာရ ရှိအောင် ကစား သွားမည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး မြတ်စိုး(ငြိမ်း)က ဆက်လက် ပြောကြား သွားခဲ့သည်။ ရလဒ်ကောင်းများ မြဝတီအသင်း အနေ ဖြင့် ပြိုင်ပွဲ မစတင်မီ ပွဲကြို ခြေစမ်းပွဲများ ကစား ခဲ့ရာ၌ လည်း ရလဒ်ကောင်းများ ရရှိ ထားသဖြင့် ပြိုင်ပွဲ ဝင်ရာ၌လည်း ခြေစွမ်း ပြနိုင်မည့် အခြေအနေ ကောင်းများလည်း ရှိနေသည်။ အသင်း၏ ဆောင်ပုဒ်မှာ တပ်မတော် ဆောင်ပုဒ်ဖြစ်သော ရဲဘော် ရဲဘက်စိတ် (Espirit De Corps) ဖြစ်သည်။ မြဝတီ အက်ဖ်စီ အသင်းသည် ယမန်နှစ် ရာသီ MNL Digicel Cup ရှုံးထွက် ပြိုင်ပွဲတွင်လည်း ချန်ပီယံ ဖြစ်သွားသည့် ဧရာဝတီ ယူနိုက်တက် အသင်း ကို အချိန်ပိုအထိ တစ်ဂိုးစီ သရေ ကစားနိုင်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် တွင်သာ ရှုံးနိမ့် ခဲ့ရသည်။

အရန်အင်အား

မြဝတီ အက်ဖ်စီ အသင်းအား ပံ့ပိုးပေးမည့် အသင်းများ အဖြစ် တပ်မတော်(ကြည်း) အသင်း၊ ရဲမွန်တပ်မြို့ တပ်မတော် ကိုယ်ခံပညာနှင့် အားကစား သိပ္ပံတွင် ရဲညွန့် အသင်းများ ဖွဲ့စည်း ထားရှိ ဆောင်ရွက်
နေပါသည်။ ထို့အပြင် အနာဂတ်တွင်လည်း ဘောလုံး အကယ်ဒမီ တည်ထောင်ရန် ရည်ရွယ်ထားပြီး မြို့နယ်၊ ရပ်ကွက်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲများမှ အစွမ်း အစရှိသည့် ယူ၁၆ ဘောလုံးသမားများ မွေးမြူရန်၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်မည့် အစီအစဉ်များလည်း ရှိနေကြောင်း သိရပါသည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ) တိုင်း၊တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့များမှ ကစားသမား ကောင်းများ ရှိလျှင်လည်း ခေါ်ယူ အားဖြည့်မည် ဖြစ်သည်ဟု သိရသည်။

အစဉ်အလာ ထွန်းပြောင်ခဲ့

မြဝတီ အက်ဖ်စီအသင်း အနေဖြင့် အသင်း သီချင်းကို ရေးစပ်၍ မကြာမီ ထုတ်ပြန် ပေးသွားမည်ဟု သိရသည်။ အသင်း၏ ပွဲဦးထွက် အနေဖြင့် MNL-2 တွင် အတောင့်တင်းဆုံး အသင်းတစ် သင်း ဖြစ်သော ချင်း ယူနိုက်တက်နှင့် ပဒုမ္မာကွင်း၌ ဖေဖော်ဝါရီလ ၁၆ ရက်တွင် စတင် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။ မြန်မာ့ အားကစား သမိုင်းတွင် အစဉ်အလာ ထွန်းပြောင်ခဲ့သော မြန်မာ့ လက်ရွေးစင် ဘောလုံး ကစားသမားများ
မွေးထုတ် ပေးနိုင်ခဲ့သော တပ်မတော်ကို ကိုယ်စားပြုမည့် မြဝတီ ဘောလုံး အသင်းသည် မြန်မာ့ ဘောလုံး လောကကို အားဖြည့်ပေးမည့် အသင်း တစ်သင်း ဖြစ်လာမည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။

Written by အာကြီး
မြဝတီ

No comments:

Post a Comment

My Blog List