Sunday, September 16, 2012

ဆန္ဒစောလွန်းပြီး လူကျွံဘော မကြာမကြာ မိမှာစိုးတယ်



ဆန္ဒစောလွန်းပြီး လူကျွံဘော မကြာမကြာ မိမှာစိုးတယ်
ဒေါက်တာလွဏ်းဆွေ

ကျနော့်အမြင် … ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြံ့ဖွံ့စစ်အစိုးရအာဏာပိုင်တွေနဲ့ ပြေလည်ချင်ဇောအားကြီးပြီး ကြံ့ဖွံ့အစိုးရ၀န်ကြီးတွေနဲ့ လုံးထွေး၊ ၈ လေးလုံးနှစ်ပတ်လည် အခမ်းအနားအတွက် အလှူငွေတွေ လက်ခံ၊ ၀န်ကြီးနှစ်ပါးကို ‘စေတနာဝသန်’ စတိတ်ရှိုးကို ဖိတ်ခေါ် ကြည့်ရှုခိုင်း၊ ဂစ်တာ လေလံတင်ပြီး ခရိုနီတွေရဲ့ ငွေတွေကို လက်ခံနဲ့ … ခရီးဆက်လာခဲ့တာ အခုတော့ ကြံ့ဖွတ်စစ်အစိုးရ အာဏာပိုင်တွေနဲ့ အတိဒုက္ခရောက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ပြည်သူတွေအကြား ရွှေပြည်အေးတရား အဟောလွန်ပြီး အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ရတဲ့ကိန်းဆိုက်ခဲ့ပါပြီ။

ဒီကနေ့ဆို လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်ရေး လှုပ်ရှားနေတဲ့ ဒေသခံ တောင်သူတွေက ခေါင်းတလားတခုရဲ့ ရှေ့မှာ “ဦးပိုင်လူ (၈၈) နှစ်”၊ နံဘေးမှာ “ဦးနှမ်းဖြူး (စေ့စပ်ညှိနှိုင်းရေးမှူးကြီး) အသက် (၈၈) နှစ်” လို့ ရေုးပြီး မီးရှို့ဆန္ဒပြခံရတဲ့အဆင့်အထိ ဖြစ်သွားခဲ့ပြီ။ ဖျက်လို့မရတဲ့ သမိုင်းတခုဖြစ်သွားခဲ့ပါပြီ။ ဒီကနေ့ ဖြစ်ရပ်ကိုကြည့်ပြီး အမှန်အတိုင်း ၀န်ခံရရင် ကျနော် လေးစားတန်ဖိုးထားခဲ့ရတဲ့ ၈၈ မျိုးဆက် အစ်ကိုတော်တွေ၊ ရွယ်တူ ညီအစ်ကိုအတွက် အတော့်ကို ၀မ်းနည်းစိတ်မကောင်း ဖြစ်မိပါတယ်။

ဒီလိုဖြစ်ခဲ့တဲ့အပေါ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ စုဆုံပြီး ဖြစ်ရပ်အစ-အဆုံးအပေါ် ခေါင်းအေးအေးထား သုံးသပ်အဖြေရှာကြစေလိုပါတယ်။ (ကို) ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း) လည်း “ဖွတ်ဒေါင်းရဲ့ စွတ်ကြောင်း” ဆိုပြီး အကျယ်တ၀င့် သုံးသပ်ဝေဖန်ထားတာကို (စိတ်မဆိုး၊ ဒေါသမထွက်ဘဲ) ဖတ်ကြည့်ပြီး အဖြေရှာကြည့်လို့ ရပါပြီ။

အဖြေရှာတဲ့အခါမှာ ... ပုထုဇဉ်သဘာဝ မာနတွေ ခေါင်းထောင်လာပြီး ဘာပဲဖြစ်ဖြစ် ဆင်သွားရင် လမ်းဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ အဖြေမရှာဘဲ၊ နောက်တချက်က ကျနော်တို့ မြန်မာ့နိုင်ငံရေးလောကမှာ စစ်အုပ်စုဘက်ကရော အတိုက်အခံအချင်းချင်းကြားမှာပါ ကိုယ်နဲ့မတူရင် အလွယ်တကူ တံဆိပ်ကောက်တပ်ပေးလေ့ရှိတဲ့ အလေ့အထအတိုင်း ဒီကိစ္စကတော့ အကျိုးဆောင်ကွန်ရက်ကလူတွေ မြှောက်ပေးတာ ဖြစ်မှာ၊ ‘ဗကသ’ မြှောက်ပေးတာ ဖြစ်မှာ၊ ‘ဗကသ’ နောက်မှာ ‘ဗကပ’ ရှိနေမှာပဲဆိုတဲ့ ရယ်စရာကောင်းတဲ့ ခေတ်ဟောင်းက စွပ်စွဲနည်းကားတွေနဲ့ အဖြေမရှာဘဲ ဓမ္မဓိဌာန်ကျကျ အဖြေထုတ်နိုင်စေဖို့ မျှော်လင့်ပါတယ်။

အဓိက အဖြေရှာရမှာကတော့ ဒီကနေ့ ဒီအချိန်အခါမှာ ပြည်သူလူထု (တကယ့် ‘ထု’) ရဲ့ စိတ်အခံက ဘယ်လိုရှိနေသလဲ၊ တကယ့် ‘ထု’ ထဲမှာ ဘာတွေဖြစ်ပြီး ဘယ်လိုတွေ ခံစားနေရသလဲ ဆိုတာကို မှန်မှန်ကန်ကန် စေ့ငုဖို့ လိုသလို၊ ဒီကနေ့ ဒီအချိန်အခါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အာဏာပိုင်ကို အတင်းလိုက်ပြီး မျက်နှာချိုသွေး စေ့စပ်ရမယ့်အချိန်လား၊ အာဏာပိုင်တွေဘက်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မဖြစ်မနေ စေ့စပ်ရေးလုပ်ချင်လာအောင် (မြစ်ဆုံကိစ္စ၊ မီးကိစ္စ ဆန္ဒဖော်ထုတ်ပွဲတွေတုန်းကလို) လိုအပ်တဲ့ တိုက်ပွဲတွေဆက်ဝင်ပြီး ဖိအားပေးရမယ့်အချိန်လား ဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်ကြဖို့လည်း လိုတယ်လို့ ကျနော့်အနေနဲ့ ထင်မြင်မိပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအားလုံး မြန်မာပြည်၊ မြန်မာလူထုအကျိုးအတွက် အမှန်တကယ် စေတနာထား လုပ်ဆောင်နေသူတွေဆိုတာကို ကျနော့်အနေနဲ့ အကြွင်းမဲ့ ယုံကြည်ပြီးသားပါ။ နောင်တော်၊ ညီအစ်ကိုတော်တွေရဲ့ ခေါင်းတွေအားလုံး စုဆုံ အဖြေရှာပြီး ရှေ့ခရီးမှာ ပြည်သူလူထုကို မှန်ကန်တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်ကနေ ဆက်လက် ဦးဆောင်မှုပေးနိုင်လိမ့်ဦးမယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ယုံကြည်နေဆဲပါ။

အားလုံးသို့ လေးစားစွာဖြင့် …
from - ဒေါက်တာလွဏ်းဆွေ

No comments:

Post a Comment

My Blog List