Wednesday, September 19, 2012

ရဲမေနှစ်ဦးကိုဖြားယောင်းခေါ်ယူသတ်ဖြတ်ခဲ့သည့်မျက်စိတစ်ဖက်လပ်လူသတ်သမား

ဗြိတိန်နိုင်ငံ၊ ဂရိတ်တား မန်ချက်စတာရဲတပ်ဖွဲ့မှ ရဲမေနှစ်ဦးကိုအကောက်ကြံ ဖြားယောင်းခေါ်ယူပြီး သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်လပ် လူသတ်သမားကို ရဲတပ်ဖွဲ့က တရားစွဲဆိုရန် စီစဉ်နေပြီ ဖြစ်သည်။ အသက်(၃၂)နှစ်ရှိ ဖီယိုနာဘုန်းနှင့် အသက်(၂၃)နှစ်အရွယ် နီကိုလာဟုဂ်ျတို့မှာ ဖောက်ထွင်းမှု တစ်ခုအတွက် သတင်းပို့ တိုင်ကြားသဖြင့် သွားရောက်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ ယခင်ကတည်းက သားအဖနှစ်ဦးကို သတ်ဖြတ်မှုအတွက်သံသယတရားခံစာရင်းတွင်သတ်မှတ်ခံထားရသည့်အသက်(၂၉)နှစ်ရှိ  ဒေးလ်ကရီဂန် သည်ရဲမေနှစ်ဦး ကိုအကြောင်းမဲ့ သတ်ဖြတ်ပြီးနောက် နီးစပ်ရာ ရဲစခန်းတစ်ခုသို့ အေးအေးလူလူ သွားရောက်အဖမ်းခံခဲ့သည်။

ဗြိတိန်သမိုင်းတစ်လျှောက် တာဝန်ထမ်းဆောင်နေရင်း ရဲမေနှစ်ဦး ပထမဆုံးအကြိမ် တစ်ပြိုင်တည်း အသတ်ခံရမှု သတင်းသည် တစ်ကမ္ဘာလုံးကို ခြောက်ခြားသွားစေလောက်အောင် ရိုက်ခတ်မှု ပြင်းထန် ခဲ့သည်။ ယခုရဲမေ နှစ်ဦးသည် သတင်းပို့ တိုင်ကြားမှု ရောက်ရှိလာသည့်နောက် ရဲစခန်းမှ လက်နက်မပါဘဲ အခင်းဖြစ်ရာသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။သို့သော်လည်း သူမတို့ နှစ်ဦးသည် လူသတ်သမားထံမှ ပစ်လွှတ်လိုက်သောကျည်ဆန်များကြောင့် ပုံလျှက်သား လဲကျသွားချိန်တွင် လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းခံရသည့် နောက်ဆုံး အတွေ့အကြုံကိုသာ ပိုင်ဆိုင်သွားရှာသည်။
ဘုန်းသည် ပွဲချင်းပြီး သေဆုံးသွားပြီး ဟုဂ်ျမှာမူ အလွန်နာကျင်ဆိုးရွားသော ဝေဒနာကို အချိန်အတော်ကြာ အံတု ရင်ဆိုင်ခဲ့ရ ရှာသေးသည်။ ဘုန်းသည်လက်ထပ်ခါနီး စေ့စပ်ထားသူ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

(လူသတ်သမား လိုက်ပါသွားသည့် BMW ကားကို ဗုံးရှာဖွေရှင်းလင်းရေး
တပ်ဖွဲဝင်တစ်ဦးက စစ်ဆေးစဉ်)
မျက်စိတစ်ဖက်လပ် လူသတ်သမား ကရီဂန်သည် မေလအတွင်းက ရှော့မိသားစုမှသားအဖ နှစ်ယောက်ကို သတ်ဖြတ်မှုအတွက် ရဲများ၏ အလိုရှိသော တရား ခံစာရင်းတွင် ပါဝင်နေသူ ဖြစ်သည်။
“ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ရဲ့ သမိုင်းမှာတော့ အမှောင်ဆုံးနေ့ပါပဲ။ကျွန်တော်တို့အတွက် ရဲအရာရှိ နှစ်ယောက်ကို ဆုံးရှုံးခဲ့ရုံသက်သက် မဟုတ်ပါဘူး။
အချစ်ဆုံး၊ တန်ဖိုးအထားရဆုံး လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကိုပါ ဆုံးရှုံးလိုက်ရတာပါ”ဟု ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ အကြီးအကဲ ဆာပီတာဖားဟ်က ပြောကြားခဲ့သည်။
၎င်းက “လူသတ်သမားဟာ တမင်တကာ ရည်ရွယ်ထားတဲ့ သွေးအေးအေး လုပ်ကြံမှုကို ကျူးလွန်ခဲ့တာ သိသာပါတယ်”ဟုလည်း သတင်းထောက်များထံ ပြောဆိုသွားသည်။

(ရုပ်အလောင်းများအား ရဲတပ်ဖွဲ့ သယ်ဆောင်သွားစဉ်)
ကရီဂန်သည် ဒုစရိုက်လောကမှ ပြိုင်ဘက်များဖြစ်သည့် ဒေးဗစ်ရှော့နှင့် မာ့ခ်ရှော့တို့သားအဖကို သတ်ဖြတ်ခဲ့သူဟုလည်း ရဲများက ယူဆထားသည်။ ၎င်းသည် မေလကသားဖြစ်သူ မာ့ခ်ကို သတ်ခဲ့ကာ ပြီးခဲ့သည့် လကမူ ဖခင်ဖြစ်သော ဒေးဗစ်ကိုပါလက်စဖျောက်ခဲ့ကြောင်း သိရသည်။
ကရီဂန်သည် ရဲမေနှစ်ဦး ရောက်လာချိန်တွင် ဘုန်းကို ခေါင်းတည့်တည့် ပစ်ခတ်လိုက်ပြီးနောက် သူမ၏ လုပ်ဖောက်ကိုင်ဖက်ကိုလည်း ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်းယုံကြည်ရသည်။
ထို့နောက် ၎င်းသည် ရဲမေနှစ်ဦးထံ ဗုံးတစ်လုံး ပစ်သွင်းပြီးနောက် အိမ်ရှေ့သို့ ကျောပိုးအိတ် တစ်လုံးဖြင့် ထွက်ကာ အေးအေးဆေးဆေးပင် လမ်းလျှောက်သွားသည်။ရဲတပ်ဖွဲ့၏ စုံစမ်းမှုအရ ကရီဂန်သည် အမျိုးသမီး ဒရိုင်ဗာတစ်ဦး မောင်းနှင်သည်ဟုယူဆရသော BMWကားပေါ်တက်ကာ ထိုနေရာမှ ထွက်ခွာသွားကြောင်းယုံကြည်ရသည်။

(ရဲမေနှစ်ဦးအား လူသတ်သမားက ဖြားယောင်းခေါ်ယူ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ပြမြေပုံ)
ရဲများသည် အခင်းဖြစ်ရာသို့ အပြေးအလွှား ရောက်ရှိခဲ့ပြီးနောက် အရေးပေါ်အသက်ကယ် ဝန်ထမ်းများက ဆိုးရွားစွာ ဒဏ်ရာရထားသည့် ဟုဂ်ျကို သေမင်းလက်မှ လုယူရန် ကြိုးစားခဲ့ကြသေးသည်။
သူမကို အခင်းဖြစ်ရာ နေရာတွင်ပင် နှလုံးခုန်အောင် ကြိုးစားပြီး တိမ်ဆိုက် ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ရရှိထားသည့် ဒဏ်ရာများ ပြင်းထန်လွန်း သဖြင့် ဆေးရုံအရောက်တွင် ကွယ်လွန်ခဲ့ရှာကြောင်း သိရှိရသည်။

No comments:

Post a Comment

My Blog List