Thursday, September 20, 2012

လယ်မြေသိမ်းကိစ္စ စုံစမ်းမှုကော်မရှင်ကို ပေါက်မြို့ ဒေသခံများ မကျေနပ်


မကွေးတိုင်း ပေါက်မြို့နယ်ထဲမှာ အစိုးရတပ်က ရွာသားပိုင်မြေတွေ သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းမှုကော်မရှင်အဖွဲ့က ကွင်းဆင်းစစ်ဆေးရာမှာ အချိန်အနည်းငယ်သာပေးပြီး  လူနည်းစုနဲ့ လုပ်သွားတဲ့အတွက်  ဒေသခံတွေ မကျေမနပ်ဖြစ်နေကြပါတယ်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေသိမ်းဆည်းရေး စုံစမ်းမှုကော်မရှင်အဖွဲ့က  သူတို့ဒေသကို စက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီလောက်က ရောက်လာခဲ့ပြီး ၁၀ နာရီခွဲမှာ ပြန်သွားတဲ့အတွက် ဒေသခံတွေ တင်ပြချင်တာတွေ မပြောလိုက်ရတဲ့အတွက် မကျေမနပ်ဖြစ်နေကြတယ်လို့  မကျည်းပင်ပု ရွာသား ၁ ဦးက ပြောပါတယ်။
“ကျနော်က ဆိုင်ကယ်နဲ့သွားတော့ မီလိုက်တယ်။ ကျန်တဲ့လူတွေက ကုန်းကြောင်းလာတော့ သူတို့မမီလိုက်ဘူး။ လမ်းလျှောက်တာ ၂ နာရီလောက်ကြာတယ်။ အလုပ်အကိုင်ပျက်တာပေါ့။ လုပ်ငန်းသဘောမျိုးပဲ မေးသွားတယ်။ ရွာထဲထိ ဆင်းမလာဘူး။ တောင်သူလယ်သမားတွေကလည်း ဘာမှန်းမသိတော့ မကျေနပ်တာတွေ အများကြီးရှိတာပေါ့။”
မြေသိမ်းကိစ္စလာစစ်ဆေးတာမှာ အသိမ်းခံရတဲ့ရွာတွေအထိ လိုက်မကြည့်ဘဲ ကားလမ်းနံဘေးက မကျည်းပင်တန်း ဘုန်းကြီးကျောင်းမှာ အဖြစ်သဘောတွေ့သွားတယ်လို့ ဆိုပါတယ်။
မြေယာအသိမ်းခံထားရတဲ့ ရွာပေါင်း ၁၃ ရွာရှိတဲ့အထဲက မကျည်းပင်ပုရွာနဲ့ ဘော်မြင်းရွာက လူ စုစုပေါင်း ၁၀ ဦး လောက်ပဲ  မီလိုက်တယ်လို့ ဒေသခံရွာသားက ဆက်ပြောပါတယ်။
ကော်မရှင်က  စစ်ဆေးရေးတွေလုပ်ပြီးရင် အသိမ်းခံရတဲ့ မြေတွေအတွက်  ထိုက်သင့်တဲ့ လျော်ကြေးငွေတွေ သာတူညီမျှ လိုချင်ကြောင်း၊ များတဲ့သူကများပြီး နည်းတဲ့သူကနည်း၊ ရတဲ့သူကရပြီး အများစုက မရတာကို မလိုချင်ဘူးလို့လည်း ဆိုပါတယ်။
မုံရွာအခြေစိုက်  စစ်ဌာနချုပ်လက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၂၄ တပ်က လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကစပြီး မကျည်းပင်၊ ဘော်မြင်း၊  ရေဖြူ၊  မြှားပိုင်း၊ ပျဉ်းမ၊ ချောင်းကူး၊ တလောင်း၊ ယဉ်ကောင်၊ မိုးကောင်း၊ အုန်းပင်၊ လေးပင်အိုင် စတဲ့ ရွာပေါင်း ၁၂ ရွာက ရွာသားပိုင်မြေယာ ဧကပေါင်း ၃ သောင်းကျော်ကို တပ်မြေအဖြစ် သိမ်းယူခဲ့တာပါ။
သိမ်းယူခဲ့တဲ့ မြေနေရာတချို့မှာ တပ်အဆောက်အအုံဆောက်ပြီး တချို့ကို အငှားနဲ့ သီးစားပြန်ချထားပေးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

from - DVB 

No comments:

Post a Comment

My Blog List