Wednesday, September 19, 2012

မြရည်နန္ဒာရပ်ကွက်မှ ကျူးကျော်နေအိမ်များအား စက်ယန္တယားများဖြင့် မန်းစည်ပင်က ဖယ်ရှား



မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ မြေလွတ်မြေရိုင်းများ၌ သတ်မှတ်ရက်အတွင်း ဖယ်ရှား ပေးခြင်းမရှိသည့် ကျူးကျော်နေထိုင်သူများ၏ နေအိမ်များအား အင်အားသုံးပြီး စက်ယန္တရားများဖြင့် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီက စက်တင်ဘာ(၁၇)ရက်နေ့နံနက်မှစတင်ကာ ရှင်းလင်းဆောင်ရွက်နေပြီ ဖြစ်သည်။
အဆိုပါ မြရည်နန္ဒာရပ်ကွက်မြေလွတ်မြေရိုင်းများ ပေါ်တွင်ကျူးကျော်ဝင်ရောက် နေထိုင်ကြသူများအနေဖြင့် စက်တင် ဘာ (၁၆) ရက် နောက်ဆုံးထားဖယ်ရှား ပေးရန်မန္တလေးမြို့တော် စည်ပင်ကအကြောင်းကြားခဲ့ပြီး ထိုသို့ရှင်းလင်း မှုမပြုလုပ်မီ အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့် အတွက်ယခုကဲ့သို့ နေအိမ်အဆောက် အဦးများကို ရှင်းလင်းခြင်းဖြစ်ကြောင်းကိုလည်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက သိရှိရသည်။

ဆက်လက်၍ကျူးကျော် နေထိုင်သူများဟု သတ်မှတ်ထားသည့် ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်များမှ အချို့သော မြေနေ ရာများကိုလည်း ဖယ်ရှားရှင်းလင်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။

၁၉၉၁ခုနှစ်ကတည်းက ၄င်းမြေလွတ်မြေရိုင်းများကို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အတွက်လုပ်ထုံးလုပ်နည်း များနှင့်အညီ နိုင်ငံ တော်မှတရားဝင်သိမ်းယူထားပြီးဖြစ်ကြောင်း၊မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့သို့မြို့တိုးချဲ့ရေးအတွက် လ/န(၃၉)ဖြင့် ခွင့်ပြု မိန့်ပေးထားကြောင်း သိရှိ ရသည်။
စက်တင်ဘာလ(၁၁)ရက်နေ့ကကျူးကျော် နေထိုင်သူများအားမြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမတွင်မန္တလေးမြို့တော်ဝန် ၊စည်ပင်သာ ယာရေးဝန်ကြီးဦးအောင်မောင်းကခေါ်ယူတွေ့ဆုံကာ ယခုကဲ့သို့ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြေသိမ်းယူစဉ်ကတောင်သူများနစ်နာမှုမရှိစေရန်တစ်ဧကလျှင်ကျပ်(၄ဝဝဝ)နှုန်းဖြင့်လည်းကောင်း၊(၃)ဧကအထိ လုပ်ကိုင်ခွင့်ရသူ များအားလျော်ကြေးငွေအစားပေ၄ဝ-ပေ၆ဝမြေကွက်တစ်ကွက်နှုန်းနှင့်(၃)ဧကအထက် ကျော်လွန်ပိုင်ဆိုင် သူများအား မြေကွက်နှစ် ကွက်နှုန်း အစားထိုးပေးထားပြီး ဖြစ်ကြောင်းကိုလည်း ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိကျူးကျော်ဝင်ရောက်နေထိုင်သူများ အနေဖြင့်ဝင်းခြံများကာရံ၍ကျူးကျော်ဝင် ရောက်နေထိုင်သည် ကိုတွေ့ရကြောင်း၊ ထိုသို့ ဝင်ရောက်နေထိုင်သူများထဲတွင်မူလပိုင်ရှင်များလည်းပါဝင်ကြောင်း၊နားမလည်သူအချို့မှာအဆိုပါမြေကွက်များအား ဝယ်ယူခြင်းများ ပင်ရှိခဲ့ကြောင်းကိုလည်း သိရှိရသည်။
ကျူးကျော်ဝင်ရောက်နေထိုင်သူများအား၂ဝ၁၂ခုနှစ်သြဂုတ်(၁၅)ရက်နောက်ဆုံးထားဖယ်ရှားပေးရန်နိုင်ငံပိုင်သတင်းစာ များမှတဆင့် ကြေငြာခဲ့ကြောင်းကိုလည်းသိရှိရသည်။အဆိုပါသတ်မှတ်ရက်အတွင်းဖယ်ရှားပေးခြင်းမရှိပါက တရားဥပဒေ နည်းလမ်းများအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီးက ပြောကြားခဲ့သည်။
ထိုတွေ့ဆုံပွဲအခမ်းအနားတွင်ကျူးကျော်သူများအနေဖြင့်စက်တင်ဘာ(၁၆)ရက်နောက်ဆုံးထားဖယ်ရှားပေး ရန်မေတ္တာ ရပ်ခံပြော ကြားခဲ့ပြီးလိုက်နာခြင်းမရှိပါကတရား ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ စက်တင်ဘာ(၁၇)ရက်မှစတင် ၍လုံလောက်သော အင်အား၊ စက်ယန္တရားများဖြင့်ရှင်းလင်းဖယ်ရှား သွားမည်ဖြစ်ကြောင်းမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မ တီ(မြို့/မြေ) အဖွဲ့ဌာနမှူးဦးတင်ထွဋ်ကျော်က ဆိုသည်။
အဆိုပါမြေယာပိုင်ဆိုင်မှုပြဿနာအရှုပ်အရှင်းများနှင့်ပတ်သက်၍၄င်းမြေလွတ်မြေရိုင်းမှာမည်သူတစ်ဦး တစ်ယောက်မည်သည့် အဖွဲ့ အစည်းမှပိုင်ဆိုင်ခြင်းမရှိကြောင်း၊နိုင်ငံတော်ပိုင်မြေလွတ်မြေရိုင်းများသာဖြစ်ကြောင်း ဦးတင်ထွဋ်ကျော်က ပြောသည်။
ပြီးခဲ့သည့်လအနည်းငယ် မှစတင်၍ အဆိုပါမြေလွတ်မြေရိုင်းများ အားဆင်းရဲမှုပပျောက်ရေး ဟူသောခေါင်းစဉ်ဖြင့် လူပုဂ္ဂိုလ်တစ်ဦး ကထိုမြေနေရာတွင်ရုံးခန်း ဆောက်လုပ်ကာအကွက်ရိုက်ရောင်းချပေးခဲ့ကြောင်းကိုလည်း သတင်းထုတ် ပြန်ချက်များအရ သိရှိရသည်။
''ငြိမ်းချမ်းရေးအဖွဲ့ပိုင်တယ် မပိုင်ဘူးဆိုတာကိုတော့သေချာ မသိခဲ့ရပါဘူး၊ဆင်းရဲမှုလျှော့ချရေးဆိုတဲ့ ဆိုင်းဘုတ်ကြီးတင်ပြီး ရုံးခန်း ဖွင့်ရောင်းချနေတော့အလုအယက်ပြေးဝယ်ခဲ့တာပါ၊ အိမ်ငှားရင်တောင် ဒီထက်မက ပေးရမှာဆိုတော့ ရှိတာလေးနဲ့ဝယ်ခဲ့တာပါ၊ ဝယ်တဲ့လူတွေနည်းတာမှ မဟုတ်တာ၊ အဲဒီတုန်းက မသိနားမလည်တဲ့လူတွေကို ဘယ်သူမှ လာရှင်းမပြဘူး၊ ရောင်းတဲ့လူ တွေ ကိုလည်း အရေးယူကြပါလား''ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ၄င်း၏အမြင်ကိုပြောသည်။
အဆိုပါမြေအားငြိမ်းချမ်းရေး အဖွဲ့အစည်းတစ်ခု ကလည်း၎င်းတို့ပိုင်မြေယာများ ဖြစ်ကြောင်းကိုလည်း ထုတ်ဖော် ပြောကြားထား သည်။
ပြည်ကြီးတံခွန်မြို့နယ်ကကျူးကျော် ကိစ္စနှင့်ပတ်သက်၍စက်တင်ဘာ(၁၄)ရက်ကပြည်ကြီးတံခွန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ရုံးခန်းမတွင်လည်း မန္တလေးမြို့တော်ဝန်နှင့် အဖွဲ့ကကျူးကျော်နေထိုင်သူ များအားခေါ်ယူတွေ့ဆုံ ၍သတ်မှတ်ရက်ဖြစ်သည့် စက်တင် ဘာ (၁၉)ရက် နောက်ဆုံးထားကာ ကိုယ်ပိုင်အစီအစဉ်ဖြင့် ဖယ်ရှားရှင်းလင်းပေး ရန် ပြောကြားခဲ့ကြောင်းကိုလည်း သိရသည်။

from : မြစ်မခ

No comments:

Post a Comment

My Blog List