Wednesday, August 29, 2012

အရှေ့တောင် အာရှ ဘော်လီဘော ချန်ပီယံဖ လား မြန်မာပြန်ရ


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၁၇ ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ် ဘော်လီဘော ပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် မြန်မာလူငယ် (က) အသင်းက ထိုင်းအသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဆုဖလားကို ၁၆ နှစ်အတွင်း ပထမဆုံး ပြန်လည်ရယူနိုင်ခဲ့သည်။ 
“မြန်မာဘော်လီဘောအသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ မရတာ ၁၆ နှစ်ရှိနေပြီ။ ဒီနှစ် ရလိုက်တာကတော့ အသင်းက လူငယ် တွေရဲ့ ကြိုးစားမှုကြောင့်လို့ ပြောရမယ်။ လာမယ့် SEA Games (အရှေ့တောင်အာရှ အားကစားပွဲ) အတွက် သူတို့ အားရှိ သွားကြတာပေါ့” ဟု မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ် အတွင်းရေးမှူး ဦးသိန်းဆွေ က မဇ္ဈိမကိုပြော သည်။
အင်္ဂါနေ့က ယှဉ်ပြိုင်ခဲ့သော အဆိုပါ ဗိုလ်လုပွဲတွင် မြန်မာလူငယ် (က) အသင်းက ထိုင်းအသင်းအား ၂၅-၁၉၊ ၂၅-၁၉၊ ၂၅-၂ဝ ဖြင့် သုံးပွဲပြတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ၁၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဘော်လီဘော ပြိုင်ပွဲများကို သြဂုတ်မှ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံ ၁ တွင် ကျင်းပခဲ့ရာ အကောင်းဆုံးဆု ခုနှစ်ဆုတွင်လည်း မြန်မာကစားသမားများက ငါးဆုအထိ ဆွတ်ခူးရရှိခဲ့ကြသည်။ အကောင်းဆုံး အားကစားသမားဆု၊ အမှတ်အများဆုံး ရယူပေးနိုင်သူဆု၊ အကောင်းဆုံး ရိုက်ခုတ် သူဆု၊ အကောင်းဆုံး ပိတ်ဆို့သူဆုနှင့် အကောင်းဆုံး လစ်ဘရိုဆုတို့ကို မြန်မာကစားသမားများက ရရှိခဲ့ပြီး အကောင်းဆုံး စပေးဘောဆုကို ထိုင်းကစားသမားက ရရှိကာ အကောင်းဆုံး တည်ဘောဆုကိုမူ အင်ဒိုနီးရှား ကစားသမားက ဆွတ်ခူးရရှိသွားခဲ့ကြ သည်။
တတိယနေရာအတွက် အင်ဒိုနီးရှားအသင်းက ဗီယက်နမ်အသင်းအား ၂၅-၂၁၊ ၂၅-၂၂၊ ၂၅-၁၅ မှတ်ဖြင့် အနိုင်ရ ရှိသွားခဲ့သည်။ မြန်မာအသင်းအနေဖြင့် အရှေ့တောင်အာရှ လူငယ်ဘော်လီဘောပြိုင်ပွဲ ချန်ပီယံဆုကို ၁၉၉၂၊ ၁၉၉၄ နှင့် ၁၉၉၆ ခုနှစ်များတွင် ဆွတ်ခူးနိုင်ခဲ့သောကြောင့် ယခုအကြိမ်သည် စတုတ္ထမြောက် ဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။

ယခုနှစ် အရှေ့တောင်အာရှ ဘော်လီဘောပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ နယူးဇီလန်၊ ဗီယက်နမ်၊ ထိုင်းနှင့် အိမ်ရှင်မြန်မာနိုင်ငံ တို့ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် မြန်မာ လူငယ် (က) အသင်းနှင့် (ခ) အသင်းဟူ၍ နှစ်သင်းခွဲကာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

My Blog List