Wednesday, December 04, 2019

မြန်မာနိုင်ငံအခြေစိုက် တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန၏ မြန်မာပိုင်းဌာနမှ အယ်ဒီတာချုပ် အပါအဝင် ခြောက်ဦးအား အလုပ်မှ ထုတ်ပယ်

မြန်မာနိုင်ငံအခြေစိုက် တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန၏  မြန်မာပိုင်းဌာနမှ အယ်ဒီတာချုပ် အပါအဝင် ခြောက်ဦးအား အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။


ဒီဇင်ဘာ ၃ ရက်တွင် အစည်းအဝေး ခေါ်ယူကာ အလုပ်မှ ထုတ်ပယ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆင်ဟွာသတင်းဌာန၏ မြန်မာဘာသာဌာနမှ အယ်ဒီတာချုပ် ဦးထွန်းထွန်းဦး အပါအဝင် မီဒီယာသမား ခြောက်ဦးအား အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
“သူတို့ပြောတာကတော့ ဘတ်ဂျက်ကြောင့် လူလျှော့တာလို့ ပြောပါတယ်။ အလုပ်က ထုတ်တဲ့ အတွက်ကြောင့် ခံစားခွင့်ကတော့ အလုပ်သမား ဥပဒေအတိုင်းလို့ ပြောတယ်” ဟု အလုပ်မှ ထုတ်ပယ်ခံရသူ တစ်ဦးက ပြောကြားသည်။
ဆင်ဟွာသတင်းဌာနတွင် အလုပ်မှ ထုတ်ပယ်မည် ဆိုပါက တစ်လကြိုတင် ပြောကြားရခြင်းဖြစ်ပြီး ယင်းသတ်မှတ်ချက်ကြောင့် အလုပ်မှ ထုတ်ပယ်ခံရသူများမှာ ဒီဇင်ဘာတစ်လ လုပ်ကိုင်ရမည်ဖြစ်သည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ဆင်ဟွာသတင်းဌာန မြန်မာပိုင်းမှ အမှုဆောင် အရာရှိချုပ် ဒေါ်စုမြတ်မွန်အား ဆက်သွယ် မေးမြန်းခဲ့ရာ “အင်တာဗျူးဖြေခွင့် မရှိပါဘူး။ ပြန်ဆက်သွယ်ပေးပါ့မယ်” ဟု ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ပြန်လည်ဖြေကြားသည်။
တရုတ်အစိုးရက ထောက်ပံ့လျက်ရှိသည့် ဆင်ဟွာသတင်းဌာန အနေဖြင့် မြန်မာနိုင်ငံတွင် အခြေစိုက်ကာ မြန်မာဘာသာဖြင့် အွန်လိုင်းတွင် သတင်းတင်ဆက်မှုကို ၂၀၁၅ ခုနှစ် မေ ၈ ရက်တွင် စတင် လုပ်ဆောင်ခဲ့သည်။
ဆင်ဟွာသတင်းဌာနမှာ နိုင်ငံတိုင်းတွင် သတင်းဌာနများ တည်ထောင်ထားပြီး ယင်းနိုင်ငံ၏ ရုံးသုံး ဘာသာစကားဖြင့် အွန်လိုင်းတွင် သတင်းများ ထုတ်လွှင့်လျက်ရှိသည်။
Eleven Media Group

No comments:

Post a Comment

My Blog List