Thursday, January 07, 2016

တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် သစ်ကုန်သွယ်မှု တရားဝင်ဖြစ်ရန် နားလည်မှု စာချွန်ရေးထိုးရန် ဆောင်ရွက်မှု ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးရန် အရပ်ဘက် အဖွဲ့အစည်း ၈၀ ၀န်းကျင် တောင်းဆို


တရုတ်နိုင်ငံနှင့် သစ်တရားဝင် ရောင်းချမှုအတွက် နားလည်မှု စာချွန်လွှာ ရေးထိုးရန် ကြိုးပမ်းမှုကို အရပ်ဘက် အဖွဲ့အစည်း ၈၀ ၀န်းကျင်က ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန် တောင်းဆိုမှု အနေဖြင့် အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ငွေကြေးထောက်ပံ့နေသည့် အဖွဲ့အစည်းဖြစ်သည့် Global Environmental Institute ၏ Blue Moon Fund သို့ စာရေးသားပေးပို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း အဆိုပါ Campaign ကို ပါဝင်လှုပ်ရှားနေသူ မထက်ထက်က ပြောကြားသည်။
Blue Moon Fund တာဝန်ရှိသူများသို့ ဇန်န၀ါရီ ၁၀ ရက်တွင် အရပ်ဘက် အဖွဲ့အစည်းများ၏ စိုးရိမ်ချက်များနှင့် ပတ်သက်၍ စာရေးသား ပေးပို့ရန် မျှော်မှန်းထားသည့် အစီအစဉ်အတွက် ဇန်န၀ါရီ ၅ ရက်အထိ အရပ်ဘက် အဖွဲ့အစည်း ၈၀ ၀န်းကျင်က ထောက်ခံလက်မှတ် ရေးထိုးထားပြီးဖြစ် ကြောင်း သိရသည်။

“အခု လုပ်နေတာက နှစ်ဖက် အစိုးရပဲ တွေ့ဆုံဆွေးနွေးတာ ဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာမှု မရှိဘူးလို့ မြင်တယ်။ အားလုံးကလည်း ဒီလိုမျိုး လုပ်တယ်ဆိုရင် ပြဿနာ တွေ ဖြစ်လာနိုင်တယ် ဆိုပြီးတော့ အကုန်လုံး ပါဝင်ခွင့်အတွက် လုပ်ပေးပါလို့ တောင်းဆိုလာတဲ့အတွက် လုပ်ပေးတာ ဖြစ်ပါတယ်။ Blue Moon Fund ကတော့ နှစ်ဖက်အစိုးရ အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့အတွက် ပံ့ပိုးပေးတဲ့ အဖွဲ့ပေါ့။ နိုင်ငံတကာ အဖွဲ့အစည်းပေါ့။ Global Environmental Institute ကနေပြီးတော့ အခု လုပ်ငန်းအတွက် ငွေပံ့ပိုးတဲ့ အဖွဲ့ပေါ့။ တရားဝင် ဖြစ်လာမယ် ဆိုရင်တော့ အဓိကတော့ အခုလိုမျိုး အဖွဲ့အစည်းတွေ ပိုပြီးတော့ ပါဝင်မှု ရလာမယ်ဆိုရင် သူတို့နဲ့ ညှိနှိုင်းပြီးတော့ ဘယ်လို အကာအကွယ် ပေးနိုင်မလဲ ဘယ်လို တောင်းဆို မလဲ ဆိုတာကို အားလုံးပြောဆို ဆွေးနွေးလို့ ရမယ်။ တကယ်လို့ ဒီနှစ်ဦး နှစ်ဖက်ကပဲ ဆွေးနွေးပြီး ပြီးသွားမယ်ဆိုရင် ဘာမှ မသိလိုက်ဘဲနဲ့ ပြီးသွားမှာ ဖြစ်တဲ့အတွက် အားလုံးက ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ပေးပါလို့ ပြောတဲ့သဘောပဲ ဖြစ်ပါတယ်” ဟု မထက်ထက်က ပြောကြားသည်။

ယခု အချိန်တွင် သစ်ခွဲစိတ်၊ သစ်ချောထည် လုပ်ငန်းများနှင့် စိုက်ခင်းလုပ် ငန်းများတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရန် မြန်မာ-တရုတ် နှစ်ဦးသဘောတူ နားလည်မှု စာချွန်လွှာ ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာဘက်မှ သစ်အလုံးလိုက် တင်ပို့မှုကို ပိတ်ပင်ထားသဖြင့် တရုတ်ရင်းနှီး မြှုပ်နှံသူများ အနေဖြင့် သစ်အလုံးလိုက် မဟုတ်ဘဲ သစ်ခွဲသား၊ သစ်ချော ထည် လုပ်ငန်းများတွင်သာ ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်သော်လည်း တရားဥပဒေ စိုးမိုးမှုအပိုင်းအရ ကြည့်မည်ဆိုလျှင် မြေယာနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ ရပိုင်ခွင့်များ၊ အစိုးရနှင့် လက်နက်ကိုင် အဖွဲ့များကြား အုပ်ချုပ်မှုပိုင်းဆိုင်ရာ ပဋိပက္ခများကို ထည့်သွင်းစဉ်းစားထားခြင်း မရှိကြောင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြေယာသိမ်းဆည်းခြင်းနှင့် ပတ်သက်သည့် ပြဿနာများ ပေါ်ပေါက်ခဲ့ဖူးသဖြင့် ယခုကဲ့သို့ သစ်အချောထည် စက်ရုံလုပ်ငန်းများ အထူးသဖြင့် စိုက်ခင်းများ တည်ထောင်ခြင်းဖြင့် အလားတူ မြေယာပြဿနာများအပြင် ပိုမိုဆိုးရွားသော ပြဿနာများ ပေါ်ပေါက်လာမည်ကိုလည်း ပူပန်စိုးရိမ်မှုများစွာ ဖြစ်မိကြောင်းလည်း Blue Moon Fund တာဝန်ရှိသူများသို့ ပေးပို့မည့်စာတွင် ထည့်သွင်းရေးသားထားကြောင်းလည်း သိရသည်။

“ကျွန်ုပ်တို့ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ယခုကဲ့သို့ Global Environmental Institute မှ ပံ့ပိုးကူညီပေးသော တရုတ်-မြန်မာ အစိုးရ နှစ်ဦးထဲသာ တွေ့ဆုံ၍ ပွင့်လင်းမြင်သာမှု မရှိသော ဆွေးနွေးမှုမျိုးကို စိုးရိမ်ပူပန်မိပါသည်။ ယခု ဆွေးနွေးမှုသည် မြန်မာနိုင်ငံအတွင်း သစ်တောနှင့် ဆက်စပ်သည့် သယံဇာတများကို မှီတင်းနေထိုင်ကြသော ပြည်သူများအတွက် ကြီးမားသော ရိုက်ခတ်မှု ရှိနိုင်သော်လည်း ကျွန်ုပ်တို့ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းများကို အသိပေး ဆွေးနွေးမှု မရှိခဲ့သည့်အပြင် နှစ်ဖက်အစိုးရ တံခါးပိတ် ဆွေးနွေးပွဲများတွင်လည်း အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ကိုယ်စားလှယ် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ဖိတ်ကြားခြင်း မရှိခဲ့ပါ” ဟု ပေးပို့မည့်စာတွင် ရေးသားထားသည်။

၂၀၀၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ Close Forest ဟုခေါ်ဆိုသည့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ပိန်းပိတ်နေသည့် သစ်တောကောင်းများကို လေ့လာခဲ့ရာ ၁၀ နှစ်အတွင်း သစ်တောဆုံးရှုံးမှုမှာ ဟက်တာပေါင်း ၂ ဒသမ၂ ဘီလျံကျော် ရှိသည်ဟု စိမ်းလန်းအမိမြေ၏ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြားသည်။ ထိုသို့ ပြုန်းတီးရာတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအစရှိသည့် ဒေသများမှာ သစ်တောပြုန်းတီးမှု အများဆုံး ဖြစ်နေသည်။

၂၀၀၂ ခုနှစ်တွင် လေ့လာချက်အရ သစ်တောဟက်တာပေါင်း ၁၈၆၂၉၃၀၉ ဒသမ ၂၅ ရှိပြီး ၂၀၁၃ ခုနှစ်တွင် သစ်တော ဟက်တာပေါင်းမှာ ၁၆၃၄၉၃၀၈ ဒသမ ၁၆ သာ ကျန်ရှိတော့ပြီး သစ်တောဆုံးရှုံးမှု ပမာဏမှာ ၂၂၈၀၀၀၁ ဒသမ ၀၀၉ အထိ ဖြစ်ပေါ်နေပြီး စုစုပေါင်း သစ်တောဆုံးရှုံးမှုမှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု ဦးဝင်းမျိုးသူက ဆိုသည်။

တရားမ၀င်နှင့် တရားဝင် သစ်ခုတ်မှုများကြောင့် ၂၀၀၂ ခုနှစ်တွင် ၂၅၆၀၅၉၁၂ ဒသမ ၅၁ ဟက်တာမှ ၂၀၁၃ ခုနှစ်တွင် ၂၅၇၁၁၃၁၈ ဒသမ ၅၂ သာ ကျန်ရှိတော့ပြီး ၁၁ နှစ်အတွင်း ၁၀၅၄၀၆ ဒသမ ၀၁ ဟက်တာ လျော့နည်းသွားကာ ရော်ဘာ၊ ဆီအုန်း စသည့် သစ်တောများ အစားထိုး စိုက်ပျိုးရန် ခုတ်ယူမှုကြောင့် ဟက်တာပေါင်း ၅၇၀၉၄၅ ဒသမ ၇၅ ဟက်တာ ဆုံးရှုံးခဲ့ကြောင်း ဦးဝင်းမျိုးသူက ဆိုသည်။

တရုတ်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံမှ သစ်များ ခိုးထုတ်နေသဖြင့် ၂၀၀၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း သစ်အလုံးလိုက် ခိုးထုတ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံဖိုးခန့် အကျိုးအမြတ် ရရှိခဲ့ကာ တမလန်းသစ်များ ခိုးထုတ်၍ လက်လီနှင့် သစ်အချောထည်အဖြစ် ပြောင်းလဲနိုင်မှုကြောင့် ၂၀၁၄ ခုနှစ် တစ်ခုတည်းတွင်ပင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလျံဖိုးခန့်အထိ အကျိုးအမြတ် ရရှိနိုင်ကြောင်း EIA မှ တွက်ချက်ထားသည်။ ထို့ပြင် မြန်မာ့သစ်များ ခိုးထုတ်၍ တရုတ်နိုင်ငံအတွင်းရှိ သစ်များအား ထိန်းသိမ်းနိုင်ခဲ့မှုကြောင့် စက်တင်ဘာ ၇ ရက်က ထုတ်ပြန်သည့် FAO ၏ ကမ္ဘာ့သစ်တော ပြန်လည်ဖုံးလွှမ်းမှု မြင့်တက်သည့် နိုင်ငံများ စာရင်းတွင် တရုတ်နိုင်ငံက ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာ့သစ်တော အများဆုံး ပြုန်းတီးနေသည့် နိုင်ငံများ စာရင်းတွင် ကမ္ဘာ့သစ်တောပြုန်းတီးမှု အဆိုးဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း ထုတ်ပြန်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List