Thursday, January 07, 2016

ဒီချုပ်အမတ်အများစုတက်ရမည့် လွှတ်တော်သစ် ဖေဖော်ဝါရီ ၁ ရက် ကျင်းပမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စား လှယ်အများစုတက်ရောက် ရမည့် ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ ရက် တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၆ ရက်၌ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
‘‘လာမယ့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း စစချင်းကို အခုလက်ရှိ လွှတ်တော်ဥက္ကဋ္ဌတွေ ကပဲ ကြီးမှူးဆောင်ရွက်မှာ။ သူတို့ကနေမှ လွှတ်တော် ကိုယ်စား လှယ်တွေ မဲပေးရွေးချယ်မယ့် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေကို ရွေးချယ် တာကို ကြီးကြပ်ပေးမယ်။ ပြီးရင် သက်ဆိုင်ရာ ဥက္ကဋ္ဌတွေ ဥက္ကဋ္ဌ တာဝန် လွှဲပေးမယ်။ ဒီအတိုင်း သွားမှာပါ’’ဟု ဒီချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။

ဒီချုပ်က ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော် နေရာ ၃၉၀ အနိုင်ရထားသည်။

ရွေးကောက်ပွဲအနိုင်ရလွှတ် တော်ကိုယ်စားလှယ်များကို ဇန်န၀ါရီ ၂၆ ရက်ထက် နောက်မကျစေဘဲ လွှတ်တော်သို့ သတင်းပေးပို့ရန် လွှတ်တော်နှစ်ရပ်က ကြေညာချက်ထုတ်ပြန်ထားသဖြင့် လက်ရှိ လွှတ်တော်လက်ကျန် သက်တမ်းသုံးရက်ခန့်ကို ကိုယ်စားလှယ် အသစ်များကိုပါ လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုနိုင် ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။

လွှတ်တော်သစ်က လွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်း၊ တင်မြှောက်ခံရ သော လွှတ်တော်ဥက္ကဋ္ဌသစ်က တာဝန်ယူကာ ပြည်ထောင်စု လွှတ်တော် ခေါ်ယူခြင်း၊ ပြည်ထောင်စုလွှတ်တော်တွင် သမ္မတရွေးချယ်ခြင်း၊ နိုင်ငံတော်သမ္မတသစ်က အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း စသည့် လုပ်ငန်းစဉ် များကို လက်ရှိ အစိုးရသက်တမ်း မကုန်ဆုံးမီကာလအတွင်း ဆောင်ရွက် ရမည်ဖြစ်သည်။

လွှတ်တော်သစ် မကြာမီ စတင်မည်ဖြစ်၍ ဒုသမ္မတနှင့် ဝန်ကြီးများ ရွေးချယ် ရန် ဒီချုပ် ပြင်ဆင်ရတော့မည်ဟု အမတ်အချို့က ပြောသည်။

‘‘ဖေဖော်ဝါရီ ၁ ရက်မှာ လွှတ်တော်စပြီဆိုတော့ NLD က အစိုးရအဖွဲ့ဝင်တွေ အခုကတည်းက ရွေးမထားဘဲ လွှတ်တော်စမှရွေးရင် ဖုတ်ပူမီးတိုက် တွေ ဖြစ်ကုန်မှာပေါ့။ ဒါကြောင့် အခုကတည်းက အတွင်းပိုင်းစည်းမှာ ဘယ်သူတွေ ပါသင့်သလဲဆို တာ ရှိနေမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က တော်တော်များများကို ဦးရွှေမန်းနဲ့တိုင်ပင်မယ်လို့ ထင်တယ်။ လက်ရှိ အစိုးရအဖွဲ့ဝင်တွေကို ပြန်ခန့်ဖို့ ကိစ္စမှာဆိုရင် ဘယ်သူကရိုးသားတယ်၊ ဘယ်သူက လုပ်ငန်းကျွမ်းကျင်တယ်ဆို တာ ဦးရွှေမန်းနဲ့တိုင်ပင်လိမ့်မယ်။ ပြင်ပ ပညာရှင်တွေနဲ့ ပတ်သက် ရင် သူ့ပါတီကလူတွေနဲ့ တိုင်ပင်လိမ့်မယ်။ လူစာရင်းထုတ်ထား ပြီး ကာယကံရှင်တွေ လုပ်နိုင်၊ မလုပ်နိုင် ညှိကြရဦး မှာပေါ့’’ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ၎င်း၏ထင်မြင် ချက်ကို ပြောသည်။

လွှတ်တော်အသစ် ခေါ်ယူ မည့်ရက်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ယမန်နေ့ နံနက်ပိုင်းက ကြေညာခဲ့ပြီး အမျိုးသားလွှတ်တော် စမည့်ရက်ကို ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း ညနေပိုင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

7Day News Journal


No comments:

Post a Comment

My Blog List