Thursday, January 07, 2016

ဝ တပ်ဖွဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ရောက်မည်မဟုတ်

ဇန်န၀ါရီလ ၁၂ ရက် နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူ အက်စ်အေ)က တက်ရောက်မှာ မဟုတ်ဘူးလို့ ၀ တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ထဲမှာ ပါဝင်ထားခြင်း မရှိတဲ့အတွက် ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးစရာ မရှိဘူးလို့ ၀ပြည်သွေး စည်းညီညွတ်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးကျောက်ကော်အန်းက ဒီဗွီဘီကို ပြောပါတယ်။
“အရင်လက ဦးသိန်းဇော်တို့ ပန်ဆန်းကို လာတုန်းက ငြိမ်းချမ်းရေးညီလာခံ တက်ဖို့ ကျနော်တို့ကို ဖိတ်သွားတယ်၊ လေ့လာသူအနေနဲ့ပေါ့။ ဒါပေမယ့် ကျနော်တို့အဖွဲ့က အဲဒီ တပြည်လုံး အပစ်ရပ်လက်မှတ်ထိုးတဲ့ အဖွဲ့ ၈ ဖွဲ့ထဲမှာ မပါဘူးလေ၊ ဘာမှဆွေးနွေး စရာမရှိဘူးလေ၊ အဲဒါကြောင့် ဗဟိုကော်မတီက မတက်ဖို့ ဆုံးဖြတ်တယ်။”

ဒါပေမယ့် ယူဒဗလျူအက်စ်အေအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကျရင်တော့ ဆွေးနွေးစရာတွေလည်း ရှိကြောင်း လာမယ့်အစိုးရသစ် လက်ထက်မှ တကယ်အပြောင်းအလဲ ဖြစ်မယ်လို့လဲမျှော်လင့်ကြောင်း ဦးကျောက်ကော်အန်းက ပြောပါတယ်။

ဇန်န၀ါရီ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တနိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ထိုးထားခြင်း မရှိတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၀ ဖွဲ့ကိုလည်း ဖိတ်ကြားသွားမယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပဖို့အတွက် အကြိုညှိနှိုင်းအစည်း အဝေးကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ အတွင်းရေး မှူးအဖွဲ့ဝင်တွေ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပနေပါတယ်။

DVB

No comments:

Post a Comment

My Blog List