Friday, January 08, 2016

နိုင်ငံရေး တံခါးလေးပွင့်လာလို့ ….. ( RCSS ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းငင်းနှင့် ဆက်သွယ်မေးမြန်း )



သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့တို့ အစိုးရနဲ့ အောက်တိုဘာလထဲမှာ တပြည်လုံး ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ၂၀၁၅ နှစ်ကုန်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့တုန်း က ပြန်လည် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးခဲ့ပါတယ် ။ မကြာမှီမှာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ တော့မှာမို့ ဒါဟာ NCA ချိုးဖောက်မှုတခုလို့ ဆိုနိုင်မလား ။ RCSS ရည်မှန်းချက် ၊ ရှေ့ဆက် ဘာတွေ ဆက်လုပ်ဖို့ရှိနေပါသလဲဆိုတာ ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းငင်းကို သျှမ်းသံတော် ဆင့် က ဆက်သွယ် မေးမြန်းထား ပါတယ် ။ 
မင်္ဂလာပါခင်ဗျား ။ အရင်ဦးဆုံး ဖြစ်ပွားတဲ့ တိုက်ပွဲ နောက်ဆုံး အခြေအနေလေးသိပါရစေ ။

ဖြေ ။ ။ မိုင်းပူးလုံ ( မိုင်းပြင်းမြို့နယ် ကျိုင်းတုံခရိုင် ) ဒေသဘက်မှာ ဒီဇင်ဘာ ၃၁ ရက်က တိုက်ပွဲဖြစ်ပွါးပြီး နောက်ပိုင်းတော့ ငြိမ်နေပါတယ် ။ အခုထိ ထူးခြားတာတော့ မရှိသေးဘူး ။ 

မေး ။ ။ နှစ်ဦး နှစ်ဘက် အကြီးအကဲတွေ ဆွေးနွေးမှုကော် ရှိပါသလား ။

ဖြေ ။ ။ ၁၀ ရက်နေ့ကျရင် သျှမ်းပြည်တောင်ပိုင်း ခိုလမ်မှာပြည်နယ်အဆင့် JMC ဖွဲ့စည်းဖို့ ရှိတယ် ။ ဒီကိစ္စ အဲဒီမှာထည့်ပြီးဆွေးနွေးမယ် ။ 

မေး ။ ။ ပြည်နယ်အဆင့် JMC မှာ ဘယ်လိုပါဝင်မှုရှိပါသလဲ ။

ဖြေ ။ ။ သျှမ်းပြည်နယ်ဆိုရင် အစိုးရဘက်ကပါမယ် ။ ကျနော်တို့ RCSS/SSA လည်း ပါဝင်မယ် ။ PNLO လည်းပါဝင်မယ် ။ လူထုလည်းပါဝင်မယ် ။ 

မေး ။ ။ တဖက်ဘယ်နှစ်ယောက်လဲ ။ 

ဖြေ ။ ။ တဖက် ၇ ယောက် ။ 

မေး ။ ။ အပစ်စရပ်တုန်းက အပစ်ရပ်စောင့်ကြည့်ရေးကော်မတီ ကို RCSS ဘက်က တခါဖွဲ့ဖူးတယ်နော် ။ 

ဖြေ ။ ။ ဟုတ်တယ် ကျနော်တို့ဘဲ ဖွဲ့ထားတာ ။ အစိုးရဘက်က အဆင်သင့် မဖြစ်သေးတော့ ကျနော်တို့ အလုပ်မလုပ်ရသေးဘဲ ရပ်ထားလိုက်ရတယ် ။ အခုတော့ အပစ်ရပ်လက်မှတ် ထိုးပြီးပြီ ။ NCA စာချုပ်မှာပါတဲ့အတိုင်း ဖွဲ့ရမယ်ဆိုတော့လည်း မဖြစ်မနေလုပ်ရ တော့မယ် ။ ပြည်ထောင်စု အဆင့်တော့ ဖွဲ့စည်းပြီးပြီ ။ ပြည်နယ်အဆင့် ထပ်ဖွဲ့ဖို့ပါ ။ 

မေး ။ ။ ဂျန္နဝါရီလလယ်မှာ ငြိမ်းချမ်းရေးညီလာခံပြီးရင် နိုင်ငံရေးဆွေးနွေး ပွဲကြီး ဆက်တိုက် ကျင်းပမယ်ဆိုတော့ RCSS ဘက်က သျှမ်းအမျိုးသားရေး အတွက် နိုင်ငံရေးဆွေးနွေးဖို့ အဆင်သင့် ဖြစ်ပြီလား ။

ဖြေ ။ ။ တော်လှန်ရေး လုပ်ရတဲ့ရည်ရွယ်ချက်ကလည်း နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးရေး လုပ်ဖို့အတွက်ဘဲဆိုတော့ အခုအချိန်ရောက်လာပြီ ။ ကျနော်တို့လည်း အဆင်သင့်ဖြစ်ပြီ ။ ကျနော်တို့ဘက်က နိုင်ငံရေးဆွေးနွေးဖို့ ကိုယ်စားလှယ် ၁၉ ယောက်ရွေးချယ် ဖွဲ့စည်းထား တာရှိတယ် ။ မဟာမိတ် အဖွဲ့နဲ့ရော ပါတီဘက်ကရော လူထုဘက်ကရော လူမှုအဖွဲ့အစည်း နဲ့ပါ ကျနော်တို့ ဆွေးနွေးပြီးပါပြီ ။ 

မေး ။ ။ လတ်တလောRCSS လိုချင်တာက ဘာလဲ ။

ဖြေ ။ ။ လူထုတောင်းဆိုမှုအရ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ၊ နိုင်ငံရေးဆွေးနွေးဖို့ ၊ တရားမျှတမှုရှိဖို့ပါဘဲ ။ 

မေး ။ ။ တိုင်းရင်းသားတွေက ဒုတိယ ပင်လုံညီလာခံ လိုလားတယ် ။ ရွေးကောက်ပွဲ အောင်နိုင်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲလိုပြောဖူး တယ် ။ အခုကျတော့ ၁၉၄၇ တုန်းကလို ပင်လုံညီလာခံ လိုမဟုတ်တော့ဘဲ နေပြည်တော်မှာသွားလုပ်မယ်ဆိုတော့ တိုင်းရင်းသားအခွင့်အရေး တောင်း ဆိုမှုအတွက် စိန်ခေါ်မှုတရပ်လိုဖြစ်နေတယ် ။ ကိုယ့်ဒေသမှာမဟုတ်တဲ့ အတွက်ပေါ့နော် ။ အဲတာ ဘယ်လိုမြင်ပါသလဲ ။ 

ဖြေ ။ ။ ဒါက အခွင့်အရေးတခုပါဘဲ ။ အချိန်ယူကြိုးစားသွားရမှာပေါ့ ။ အခုတကြိမ် ငြိမ်း ချမ်းရေးဆွေးနွေးပွဲက NCA စာချုပ်ထဲမှာ ပါတဲ့အတိုင်း လျှောက်ရမှာပါဘဲ ။ ဒေါ်အောင်ဆန်း စုကြည်အစိုးရတက်လာရင်လည်း ဒီလမ်းဘဲသွားမယ်လို့ ပြောတယ် ။ ဒါမယ့်အပြောင်း အလဲ ရှိမှာပေါ့ ။ အချိန်ယူပြီး ဆွေးနွေးရမယ် ။ အခု တံခါးလေးပွင့်လာတော့ ကျနော်တို့ တိုးကြည့် တဲ့ သဘောပါ ။ ကျနော်တို့ဘက်က အရည်အချင်းရှိရင်တော့ အဲ့ဒီတံခါး ဖွင့်နိုင်မှာပါ ။ 

မေး ။ ။ တပ်မတော်ဘက်ကတော့ DDR ဘဲလုပ်မယ် ။ SSR လုပ်မယ် ပြောထားတော့ လက်နက်ဆက်လက်စွဲကိုင်ရေးကိစ္စက ။ 

ဖြေ ။ ။ နိုင်ငံရေးသဘောတူညီမှုရပြီးမှ ကျနော်တို့ တပ်တွေ ဘယ်လိုပြန်ချ မယ်ဆိုတာ စီစဉ်မှာ ။ NCA ထဲမှာအတည့်အလင်းပါတာကလည်း အဲဒီဟာတွေလုပ်ဖို့က နှစ်ဦး နှစ်ဘက် သဘောတူညီမှသာ ဆွေးနွေးနိုင်မယ်ဆိုတော့ အကောင်အထည်ဖော်ဖို့ကတော့အဝေးကြီး လိုပါသေး တယ် ။ 

မေး ။ ။ RCSS/SSA တပ် ကော ဘယ်လိုဖြစ်စေချင်သလဲ ။ 

ဖြေ ။ ။ ကျနော်တို့ ချထားတဲ့ မူအရ ပေါ်လစီအရ ကျနော်တို့ SSA ဟာ ကျနော်တို့ သျှမ်းပြည် သျှမ်းလူထုကို အကာအကွယ် ပေးနိုင်ဖို့ လူထုဘက်ရပ်တည်တဲ့ တပ်အနေနဲ့ပဲ ဆက်သွားရမှာဖြစ်ပါတယ် ။ 

မေး ။ ။ နိုင်ငံရေးဆွေးနွေးပွဲမှာ ကိုယ်စားလှယ် ၇၀၀ တောင်ပါတယ်ဆို ပေမယ့် ညောင်နှစ်ပင်ညီလာခံနဲ့ သိပ်မကွာဘူးလို့ ခေါင်းဆောင်တချို့က ပြောနေကြတယ် ။ 

ဖြေ ။ ။ ဒါက ခုနကျနော်ပြောသလိုဘဲပေါ့လေ ။ ကျနော်တို့လုပ်နိုင်မယ့် အရည်အချင်း ပေါ်မှာမူတည်တယ် ။ တွေ့ဆုံဆွေးနွေးအဖြေရှာရမယ် ။ တဖက်ကကိုယ်စားလှယ်တွေ ပိုများတယ် ၊ မှန်တယ် ။ ဒါပေမယ့် ကိုယ့်ဘက်ပါလာ အောင် ကိုယ့်ဘက်ထောက်ခံ လာအောင် လုပ်တတ်ဖို့ပဲ ။ အရည်အချင်း ပေါ်မှာဘဲမူတည်ပါ တယ် ။ 

မေး ။ ။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေလည်း ပါဝင်လာအောင် ဆိုတဲ့ခံယူချက် ဘယ်လိုရှိ သလဲ ။

ဖြေ ။ ။ ပါသင့်ပါတယ် ။ ၁၂ ရက်နေ့မှာလုပ်မယ့်ဟာလည်း အထူးဧည့်သည် အနေနဲ့ ဖိတ် မယ် လို့အစိုးရကပြောတယ် ။ ဆိုတော့ လက်မှတ်မထိုးရသေး တဲ့တိုင်းရင်းသား အဖွဲ့တွေ လည်း နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လာဖို့ အရေးကြီးပါတယ် ။ ပါဝင်လာမှသာ ကျနော်တို့ တိုင်းရင်းသား စည်းလုံးညီ ညွတ်မှု ပြနိုင်မယ် ။ အင်အားလည်းတောင့်တင်းမယ် - ပါဝင်လာ စေလိုပါ တယ် ။ 

မေး ။ ။ နှစ်သစ်မှာ သျှမ်းပြည်လူထုကို ဘယ်လို ထပ်ပြောချင်ပါသလဲ ။ 

ဖြေ ။ ။ ကျနော်တို့တပ်ဖွဲ့ မျှော်လင့်တဲ့အတိုင်း နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ဖြစ်လာတော့ မယ် ။ ဒါကြောင့်ရလာတဲ့အခွင့်အရေးကိုကျနော်တို့ သျှမ်းပြည်တပ်မတော်အနေနဲ့ အမိ အရ ဆုတ်ကိုင်ပြီးတော့ လူထုမျှော်လင့် ချက်အတိုင်း လုပ်ဆောင်သွားမယ်လို့ သံဓိဌာန် ချထားပါတယ် ။ ကျနော်တို့ ပေါ်လစီအတိုင်း အမျိုးသားရင်ကြားစေ့ရေး တိုင်းရင်းသား စည်းလုံးညီညွတ် ရေးဆိုတဲ့အတိုင်း - ဒီနှစ်သစ်မှာ ဒီအတွက် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ် ။ 

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

Panglong(Burmese)

No comments:

Post a Comment

My Blog List