Tuesday, January 05, 2016

ကာ/လုံ ဥပဒေကြမ်း အသက်ဝင်တော့မည် မဟုတ်


ဒီဇင်ဘာ ၂၁ရက်က အမျိုးသားလွှတ်တော်တွင် အမတ်များအား ဖြန့်ဝေ လိုက်သည့် ကာ/လုံဟု လူသိများသော "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ" ဥပဒေကြမ်းသည် လွှတ်တော်သို့ တင်ပြသို့ဆွေးနွေး သည့်အဆင့်ပင် ရောက်မည်မဟုတ်ဟု အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ပြောဆိုလိုက်သည်။
အခြေခံဥပဒေအရ မြန်မာ့နိုင်ငံရေးတွင် အရေးအပါဆုံးသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် အဆိုပါ ကာ/လုံ ဥပဒေကြမ်းအား ကြံ့ခိုင်ရေးအမတ်တစ်ဦးက အမျိုးသားလွှတ်တော်သို့ လွန်ခဲ့သည့် (၂)နှစ်ကတည်းက ပေးပို့ထားခြင်းဖြစ်ပြီး လုပ်ငန်းလက်ကျန်အနေဖြင့် အမျိုးသားလွှတ်တော်အမတ်များထံ ဖြန့်ဝေခဲ့ခြင်းသာဖြစ်သည်ဟု ဆိုသည်။

“လုပ်ငန်းလက်ကျန်အနေနဲ့ နောင်လူတွေ လုပ်ချင်ရင်လည်း လုပ်လို့ရအောင်၊ မလုပ်ချင်ရင်လည်း မလုပ်နဲ့ပေါ့။ ဘာမှမလုပ်ဘဲ ထားခဲ့မယ့်ကိစ္စပါ။ မတင်ပါဘူး။ တင်လို့မမှီတော့ဘူး။ အလုပ်လုပ်ဖို့ ၁၉ရက်ပဲ ကျန်တယ်” ဟု ဇန်န၀ါရီ(၅)ရက် အမျိုးသားလွှတ်တော်အစည်း အဝေးအပြီး ဦးခင်အောင်မြင့်က မီဒီယာများကို ပြောသည်။

ပထမအကြိမ် လွှတ်တော်သက်တမ်းသည် ယခုလ(ဇန်န၀ါရီ ၃၀)တွင် ကုန်ဆုံးမည်ဖြစ်သည်။

အဆိုပါ ကာ/လုံ ဥပဒေကြမ်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စစ်ကိုင်းတိုင်းမှ အမျိုးသားလွှတ်တော် အမတ်ဖြစ်သူ ဦးတင်မြက ဥပဒေအဖြစ်ပြဌာန်းပေးရန် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ထံ ပေးပို့ထားခြင်းဖြစ်သည်။ လက်ရှိတွင် ဦးတင်မြမှာလည်း ကျန်းမာရေးအခြေအနေအရ ဆေးခွင့်ဖြင့် ခွင့်ရက်ရှည်ယူထားသည်။

ဥပဒေကြမ်းအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်စီ(ကာ/လုံ)သည် နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲများတွင် အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ သမ္မတထက် အရေးပါမည့် အနေအထားတွင် ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ကာ/လုံကောင်စီတွင် ပါဝင်မည့်သူ ၁၁ဦးတွင် စစ်ဘက်မှ(၆)ဦးပါဝင်ပြီး အရပ်ဘက်မှ (၅)ပါဝင်မည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ရေးဆွဲထားသည်။

စစ်ဘက်မှ (၆)ဦးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့် အပ်သည့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး နှင့် တပ်မတော်သားအမတ်တို့ အဆိုပြုသော ဒုသမ္မတတစ်ဦးတို့ဖြစ်ပြီး အရပ်ဘက်မှ (၅)ဦးမှာ သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသား လွှတ်တော်ဥက္ကဌ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် လွှတ်တော်က ရွေးချယ်သော ဒုသမ္မတတစ်ဦးတို့ ဖြစ်သည်။

ထို့ပြင် ကာ/လုံကောင်စီ၏ အစည်းအဝေးတွင် ဆုံးဖြတ်ချက်များချမှတ်သည့် အခါ သဘောထားကွဲလွဲမှုများရှိပါက မဲခွဲဆုံးဖြတ်ရမည်ဖြစ်ပြီး သမ္မတသည် မဲပေးခွင့်မရှိဘဲ မဲအရေအတွက် တူညီနေမှသာ မဲပေးခွင့်ရရှိမည်ဟုလည်း ဥပဒေကြမ်းတွင် ပါရှိသည်။

“ဒါတွေကလည်း ပြင်လို့ရတဲ့ကိစ္စပဲ” ဟု ဦးခင်အောင်မြင့်က ဥပဒေကြမ်း အပေါ် မှတ်ချက်ပြုသည်။

အဆိုပါ ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းလာပါကလည်း ကန့်ကွက်သွားမည်ဟု အမျိုးသားလွှတ်တော်မှ NLDအမတ်တစ်ဦးက မဇ္ဈိမကို ပြောဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List