Thursday, January 07, 2016

လက်ရှိအစိုးရနှင့် ညှိနှိုင်းမှုများတွင် အခက်အခဲမရှိကြောင်းနှင့် သတင်းဌာနများ ပါးစပ်ပိတ်ထားရန် ရည်ညွှန်းသည့် ပြောဆိုမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် ပြောကြားခဲ့


လက်ရှိအစိုးရနှင့် ညှိနှိုင်းမှုများတွင် အခက်အခဲမရှိကြောင်းနှင့် သတင်းဋ္ဌာန များ ပါးစပ်ပိတ်ထားရန် ရည်ညွှန်းသည့် ပြောဆိုမှုများကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က RFA သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။
ဇန်န၀ါရီ ၅ ရက်က ထုတ်လွှင်ခဲ့သော RFA သတင်းဋ္ဌာနနှင့် အင်တာဗျူးတွင် NLD ပါတီ အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်သော မေးခွန်းများကို မေးမြန်းရာ၌ ဦးဝင်းထိန်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
တာဝန်လွှဲပြောင်းရေးနှင့် ပတ်သက်ပြီး အစိုးရပိုင်းနှင့် လတ်တလောညှိနှိုင်း မှုများတွင် အဓိကအခက်အခဲကိစ္စကို RFA သတင်းဌာနက မေးမြန်းရာ၌ “ဘာမှ အခက်အခဲမရှိဘူး” ဟု ဦးဝင်းထိန်က ပြောကြားခဲ့သည်။
သို့သော် NLD အစိုးရအဖွဲ့တွင် မည်သူများ ပါဝင်မည်၊ မည်သူများဖြင့် ဖွဲ့စည်းမည်ဆိုခြင်းအား မကြေညာနိုင်သေးသည့်အပေါ် မေးမြန်းမှုအား မေးခွန်းမထုတ်ရန်နှင့် သတင်းဌာနများ ပါးစပ်ပိတ်ထားရန် ရည်ညွှန်းသည့် ပြောဆိုသည့် စကားရပ်များအား ဦးဝင်းထိန်က ပြောကြားပါသည်။
RFA သတင်းဋ္ဌာနက “NLD ရဲ့ အစိုးရအဖွဲ့ထဲမှာ ဘယ်သူတွေပါမယ်၊ ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ်ဆိုတာ မကြေငြာနိုင်သေးတဲ့အပေါ်မှာ တစ်ချို့လည်း မေးခွန်းတွေ ထုတ်နေကြတာတွေ့ရပါတယ်ခင်ဗျ။ တကယ်ပဲ အန်ကယ်တို့ဘက်က အချိန်စောနေသေးတယ်ဆိုပြီးတော့ ထုတ်မကြေညာသေးတာလား။ အဆင်သင့် မဖြစ်သေးတာလား သိပါရစေလားခင်ဗျ” ဟု မေးမြန်းခဲ့သော မေးခွန်းအား ဦးဝင်းထိန်က“အဲဒီမေးခွန်းထုတ်တဲ့ သူတွေရော၊ ခင်ဗျားတို့ သတင်းဋ္ဌာနတွေရော သိစေချင်တာက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရေစီအစိုးရ ဖြစ်ဖို့ဆိုတာ နှစ်ပေါင်း ၂၇ နှစ်၊ ၂၈ နှစ် ဘ၀တွေနဲ့ ရင်းပြီးတော့ ရုန်းကန်လို့ရတဲ့ ရလဒ်၊ အဲဒီရလဒ်ကို ခင်ဗျားတို့ သတင်းဋ္ဌာနက ငါးမိနစ်၊ ဆယ်မိနစ်စာလေးနဲ့ အပြောလေးနဲ့ ကျွန်တော်တို့ ကိစ္စတွေ ရှုပ်ရှပ် အဖြစ်မခံချင်ဘူး။ မလိုအပ်ဘဲနဲ့ ဝေဖန်တာတွေ၊ ထင်မြင်ချက်တွေ၊ သတင်းဆောင်းပါးတွေရေးတာ ကျွန်တော်မဖြစ်စေချင်ဘူး။ ဒါကြောင့်မလို့ လိုအပ်လို့ ကျွန်တော်တို့ လျို့ဝှက်ထားတာ။ မလိုအပ်ရင် မလုပ်ဘူး။ အဲဒီတော့ တရားဝင်ကြေညာတဲ့ အချိန်အထိ ခင်ဗျားတို့ သီးခံပြီးစောင့်” ဟု ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် NLD အစိုးရအဖွဲ့နှင့် ပတ်သက်ပြီး ကြေညာနိုင်မည့် အချိန်ကို အကြမ်းဖျင်းပြောနိုင်ရန် RFA က ဆက်လက်မေးမြန်းခဲ့ရာတွင်လည်း ထိုမေးခွန်းကို “လွန်သွားပြီ”ဟု ဦးဝင်းထိန်က တုံ့ပြန် ပြောကြားပါသည်။
“အဲဒီမေးခွန်းက လွန်သွားပြီ။ ခုနကတည်းက အပြတ်ပြောပြီးပြီလေ။ ပြောရင်တော့ ပြောသင့်တဲ့အချိန် ပြောမှာပေါ့။ မပြောသင့်တဲ့အချိန် မပြောသေးဘူးလေ။ ကျွန်တော်တို့ တရားဝင် ကြေညာပြီဆိုလည်း ခင်ဗျားတို့ကပြောမှာပဲ။ ပြောဖို့အတွက်လည်း အပြောခံရဖို့လည်း မကြောက်ဘူး”ဟု ဦးဝင်းထိန်က ဆိုပါသည်။
“နောက်တစ်ခုက မနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည် အလေးထားပြီးတော့ ထပ်ပြောသွားတာ တွေ့ရပါတယ်ခင်ဗျ။ NLD ရဲ့ အစိုးရအဖွဲ့ထဲမှာ ၀န်ကြီး ဖြစ်ချင်လို့ ၀န်ကြီးနေရာပေးပါ ဆိုပြီးတော့ တောင်းတဲ့ ပါတီဝင်တွေ ရှိတယ်ဆိုတာပေါ့လေ”ဟု RFA က ဆက်လက်မေးမြန်းခဲ့ရာ “အဲဒီတောင်းတာက ပါတီဝင်တွေရော၊ အပြင်ကလူတွေရော လျှောက်လွှာတွေ ကျွန်တော့်ဆီမှာ တစ်ပုံကြီး။ ဘယ်လောက် စိတ်ပျက်စရာကောင်းလဲ။ ဒီမိုကရေစီလှုပ်ရှားမှုတုန်းကတော့ လက်ကလေးတောင်မှ တစ်ချက်မမြှောက်တဲ့ သူတွေကအခု ဖြစ်ချင်တဲ့အခါကျတော့ ကျွန်တော်တို့က ရယ်ရခက်၊ ငိုရခက် ဖြစ်နေတာပေါ့ဗျာ”ဟု ဦးဝင်းထိန်က ဖြေကြားပါသည်။
NLD ပါတီ၏ ပြောရေးဆိုခွင့်အပိုင်း အားနည်းချက်များနှင့် ပတ်သက်ပြီး ထောက်ပြသော မေးခွန်းတစ်ရပ်ဖြစ်သည့် “နောက်တစ်ခုက အခုဆိုရင် NLD ပါတီထဲက အမတ်တွေ တော်တော်များများကလည်း မပြောရဲ၊ မဆိုရဲ ဖြစ်နေကြတာတွေ့ရပါတယ်။ ပါတီထိပ်ပိုင်းမှာဆိုရင် အန်ကယ်တို့ နှစ်ယောက်၊ သုံးယောက်လောက်ကပဲ ပြောနိုင်တယ်ဆိုပြီးပေါ့လေ။ သူတို့ ပြောကြတာရှိပါတယ်”ဟူသောမေးခွန်းကို RFA က မေးမြန်းရာတွင် ပါတီဝင်များကို မပြောရန် တားမြစ်ထားသည်ဟု ဦးဝင်းထိန်က ပြောပါသည်။
“မပြောရဲမဆိုရဲ ဖြစ်တာမဟုတ်ဘူး။ ပြောချင်ကြတာ။ ကျုပ်တို့က မပြောနဲ့လို့ တားထားတာ။ အကြောင်းတွေ ရှိတယ်ဗျ။ ခင်ဗျား ၁၉၉၀ ရွေးကောက်ပွဲဝင်တုန်းက ဦးကြည်မောင်ပြောတဲ့ စကားတစ်ခွန်းကို အထအနကောက်ပြီးတော့ ဗိုလ်ချုပ်ခင်ညွန့်ကနေ လူ ၂၀၀ လောက် ထောင်ထဲ ပို့ပစ်တာလေ။ နောက်ပြီး အဲတာကိုအကြောင်းပြုပြီး အာဏာမလွှဲဘူး၊ ဘာညာပေါက်ကရ လျှောက်လုပ်တာ။ အဲတာမျိုးတွေက ကျွန်တော်တို့က ခံခဲ့ရပေါင်းများပြီ။ ခဲမှန်ဖူးတဲ့ စာသူငယ်မဟုတ်ဘူး”ဟု ဦးဝင်းထိန်က ဆိုပါသည်။
အင်တာဗျူး အစီအစဉ်အပြီး “ဟုတ်ကဲ့ အန်ကယ်ဦးဝင်းထိန်။ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ” ဟု RFA က ပြောဆိုခဲ့မှုကိုလည်း ဦးဝင်းထိန်က “ကျေးဇူးတင်မနေနဲ့။ ခင်ဗျားတို့မေးတဲ့ မေးခွန်းတွေ စဉ်းစဉ်းစားစားမေးကြ”ဟူ၍ တုံ့ပြန်ပြီး သတိပေးမှု ပြုလုပ်ခဲ့သည်။
NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်၏ မီဒီယာအပေါ် ပြောကြားချက်များသည် လူကြီးလူကောင်းမဆန်သည့်အပြင် ဒေါသစွက်သော လေသံများဖြင့် ခွန်းတုံ့ပြန် ပြောဆိုမှုများဖြစ်နေပြီး ပါတီတစ်ခု၏ ပြောရေးဆိုခွင့်ရသူ (spokesperson) အင်္ဂါရပ်နှင့် မလျော်ညီသဖြင့် NLD ပါတီ၏ ပုံရိပ်ကိုပါ ကျဆင်းစေသည်ဟူသော ဝေဖန်မှုများ ထွက်ပေါ်စေခဲ့ပါသည်။
“မီဒီယာတခုခုကို ကြိုက်လို့ရတယ်။ မုန်းလို့လည်း ရတယ်။ မီဒီယာအားလုံးကို မုန်းလို့လည်း ရတယ်။ ဂျာနယ်လစ်အားလုံးကို မဆက်ဆံချင်လည်း ရတယ်။ စကားမပြောချင်လည်း မပြောနဲ့။ ပြောပြီဆိုရင်တော့ ဒီဘာမဟုတ်တဲ့ ကောင်တွေ။ အဖက်လုပ်စရာမလိုတဲ့ သူတွေလို့ ထင်နေတဲ့ လူတွေကို ပြောလိုက်တာမဟုတ်ဘူး။ မီဒီယာကိုဖြေကြားတဲ့ စကားဟာ လူထုကိုပြောလိုက်တာပဲဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုပါတယ်” Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။
“၁၉၉၀ ပြည့်နှစ်နဲ့ ၂၀၁၆ ခုနှစ်က မတူနိုင်ဘူး။ အခုချိန်မှာ အာဏာလွှဲပြောင်းရေးကိစ္စ ဘာမှ မဖြစ်စရာမရှိဘူး။ ၁၉၉၀ ပြည့်နှစ်တုန်းက ဦးကြည်မောင် မီဒီယာကိုပြောတဲ့စကားကြောင့် အာဏာမလွှဲခဲ့တာလည်း မဟုတ်ဘူး။ အဲဒီတုန်းက စစ်အစိုးရရဲ့ ကတိမတည်မှု၊ အာဏာကို ဆုပ်ကိုင်လိုမှု၊ ဥပဒေအားနည်းချက်တွေ၊ ညှိနှိုင်းမှုတွေကို သေချာမလုပ်ခဲ့လို့ NLD ရဲ့ အားနည်းချက်ကြောင့် ဖြစ်ခဲ့တာလည်း ပါတယ်။ ဒီအချိန်မှာသေသွားတဲ့ ဦးကြည်မောင်ကို ဆွဲထည့်ပြီး မီဒီယာနဲ့ချိတ်ဆက် ပြောစရာမလိုပါဘူး။ နောက်တစ်ခုက ၂၇ နှစ်ကြာ ကြိုးပမ်းပြီး ဖြစ်လာတဲ့ အပြောင်းအလဲရလဒ်ဟာ NLD တစ်ခုတည်းကြောင့် မဟုတ်ဘူး။ ဒီအသီးအပွင့်ကို တစ်စုံတစ်ယောက် တစ်ပါတီထဲက legitimacy ကို hijack လုပ်တာ လက်မခံဘူး။ အားလုံးသူ့ အခန်းကဏ္ဍကသူ ပါဝင်ခဲ့တာချည်းပဲ။ NLD ပါတီတစ်ခုတည်းက စွမ်းဆောင်ခဲ့လို့ ရခဲ့တယ်ဆိုတဲ့ ပုံစံမျိုးကို ဘယ်တော့မှ မပြောပါနဲ့။ အခုအခြေအနေမှာတော့ NLD မှာ spokesperson အရည်အသွေးရှိသူလိုနေပြီ။ အသက် ၃၅ နှစ်နဲ့ ၄၅ ကြားရှိတဲ့ spokesperson ထားရတော့မယ်။ လက်ရှိ sporkesperson တွေက အသက်လည်း ကြီးနေပြီ။ အတိုက်အခံကာလမှာ မျက်နှာသာပေးခံရသူတွေလို နေခဲ့ရပေမယ့် အစိုးရဖြစ်လာရင် ဒီလိုပြောဆိုမှုမျိုးကို လူထုက လက်သင့်ခံမှာမဟုတ်ဘူး”ဟု ဒေါက်တာသန်းထွဋ်အောင်က ဆက်လက် ပြောကြားခဲ့သည်။
“ဒီမိုကရေစီလှုပ်ရှားမှုတုန်းကတော့ လက်ကလေးတောင်မှ တစ်ချက်မမြှောက်တဲ့သူတွေက အခုဖြစ်ချင်နေကျတဲ့ အခါကျတော့ ကျွန်တော်တို့ ရယ်ရခက်၊ ငိုရခက် ဖြစ်နေတာပေါ့ဆိုပြီး ဦးဝင်းထိန် ပြောခဲ့တာကိုလည်း သဘောမကျဘူး။ ၂၇ နှစ်ကြာ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ လက်ကလေးတောင်မှ တစ်ချက်မမြှောက်ခဲ့ပေမယ့် အခုချိန်မှာ ပါလို့ရပါတယ်။ ပြည်သူလူထုအပေါ်မှာ နှစ်ရှည်ကာလများစွာ ယုတ်မာကြံစည် ရက်စက်ခဲ့ကြတဲ့ အာဏာရှင် အစိုးရကလူတွေနဲ့တောင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်အောက်မှာ လက်ဆွဲနှုတ်ဆက်နိုင်သေးတာပဲ။ ပြည်သူလူထုရဲ့ သယံဇာတ၊ အိုးအိမ် ပိုင်ဆိုင်မှုတွေကို ဂုတ်သွေးစုပ်ခဲ့တဲ့ ခရိုနီတွေနဲ့တောင် လည်ပင်းဖက် ပေါင်းနိုင်သေးတာပဲ။ လက်တစ်ချက် မမြှောက်ခဲ့သူတွေနဲ့ လက်တွဲမလုပ်နိုင်စရာ ဘာမှမရှိဘူး”ဟု ဒေါက်တာသန်းထွဋ်အောင်က ဆိုပါသည်။
RFA သတင်းဌာနသို့ ဦးဝင်းထိန် ပြောကြားခဲ့သည့် စကားများသည် မီဒီယာအပေါ် NLD ၏ သဘောထား ဟုတ်၊ မဟုတ်ကို ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သော ဦးဥာဏ်ဝင်းအား မေးမြန်းခဲ့ရာ ဦးဝင်းထိန်ကိုသာ မေးမြန်းရန် ဖြေကြားခဲ့ပါသည်။
“ကျွန်တော်လည်း အဲဒါဘယ်ပြောလို့ရမလဲ။ ဆရာဦးဝင်းထိန်ပဲ မေးလိုက်ပါ။ ကျွန်တော်လည်း မပြောသေးဘူး။ သူဘယ်လိုပြောခဲ့တယ်ဆိုတာလည်း အမှန်တကယ် ကျွန်တော် မသိဘူး။ သူ့ကိုသာ မေးလိုက်ပါ”ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။
ထို့ကြောင့် ဦးဝင်းထိန်အား ထပ်မံဆက်သွယ် မေးမြန်းရာတွင် ဆက်သွယ်မှု မရခဲ့သဖြင့် လွှတ်တော်၌ စောင့်ဆိုင်းရာတွင်လည်း ဦးဝင်းထိန်ကို မတွေ့ခဲ့ဘဲ ခွင့်ယူထားသည်ဟု NLD လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကပြောကြားခဲ့ပါသည်။
မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကမူ ဦးဝင်းထိန်၏ ဖြေကြားမှုများသည် ဒီမိုကရေစီစံနှုန်းနှင့် ကင်းလွတ်နေကြောင်း ပြောကြားခဲ့ပါသည်။
“လာမယ့် လပိုင်းအတွင်းမှာ အစိုးရဖွဲ့စည်းတော့မယ့် ပါတီကြီးတစ်ခုရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦး၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေနဲ့ လတ်တလော သတင်းမီဒီယာတွေကို ဖြေကြားခဲ့တဲ့ပုံကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီ စံချိန်စံညွှန်းတွေ ကင်းလွတ်ပြီးတော့ အာဏာရှင်ဆန်တဲ့ စစ်ရိပ်စစ်ငွေ့သန်းတဲ့ ပုံစံမျိုးတွေတွေ့ရတာဟာ မြန်မာပြည်အနာဂတ်နိုင်ငံရေးအတွက် စိုးရိမ်စရာအနေအထားတစ်ခုလို့ မြင်တယ်။ ဒါပေမဲ့ ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်တစ်ဦးရဲ့ဖြေကြားချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ ပြန်လည်ဖြေရှင်းမှု လိုအပ်သလို၊လိုအပ်တဲ့အရေးယူမှု ဆောင်ရွက်မှုတွေလည်းလုပ်ဖို့ မဖြစ်မနေ လိုအပ်တယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက ဆိုပါသည်။
လက်ရှိအချိန်တွင် NLD ပါတီနှင့် ပတ်သက်သောအကြောင်းအရာများကို ဦးဝင်းထိန် တစ်ဦးတည်းက အများဆုံး ပြန်လည်ဖြေကြားပေးနေပြီး သတင်းဋ္ဌာနများအပေါ် ဦးဝင်းထိန်၏ ယခုကဲ့သို့ တုံ့ပြန် ပြောဆိုမှုမှာလည်း တစ်ကြိမ်မက ပေါ်ပေါက်ခဲ့ပြီး ဖြစ်သောကြောင့် အရေအသွေးရှိသည့် ပြောရေးဆိုခွင့်ရသူတစ်ဦး အမြန်ဆုံး လိုအပ်နေကြောင်း ထောက်ပြမှုများ ရှိပါသည်။
နိုင်ငံရေးပါတီ (သို့မဟုတ်) အဖွဲ့အစည်းတစ်ရပ်တွင် ပြောရေးဆိုခွင့်ရသူ (spokesperson) တစ်ဦးသည် မည်သည့် အကြောင်းအရာကိစ္စတွင် မဆိုမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရန် တာဝန်ရှိပြီး ထိုသို့ ဖြေကြားရာတွင်လည်း ပုဂ္ဂိုလ်ရေးအာဃာတနှင့် ပုဂ္ဂိလခံစားချက်များကို ဘေးဖယ်၍ မေးမြန်းလာသော မေးခွန်းများနှင့် ပတ်သက်၍ ဖြစ်စေ၊ သတင်းထုတ်ပြန်လိုသော အခြေအနေတွင်ဖြစ်စေ မိမိပေးလိုသော အချက်အလက်များကို အထိရောက်ဆုံးပေးနိုင်ရန်နှင့် မလိုလားသော အချက်အလက်များကြောင့် ထိခိုက်နိုင်မှုကို အတတ်နိုင်ဆုံး လျှော့ချ လုပ်ဆောင်ရန် တာဝန်ရှိသူများ ဖြစ်ပါသည်။
ထိုကဲ့သို့ ပြောရေးဆိုခွင့်ရသူသည် မိမိကိုယ်ပိုင် ထင်မြင်ချက် သို့မဟုတ် ကိုယ်ပိုင် ထောက်ခံ အတည်ပြုချက်ကိုပေးသူနှင့် မတူဘဲ (မေးမြန်းလာသော အကြောင်းအရာများသည် မိမိကိုယ်ပိုင် ထင်မြင်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့်တိုင်) သက်ဆိုင်ရာအဖွဲ့အစည်း၏ အနေအထားများအတွက် သစ္စာရှိစွာဖြင့် ကိုယ်စားပြုမှုနှင့် ထောက်ခံအကြံပြုမှုကို ပေးရသူဖြစ်သည့်အပြင် အဖွဲ့အစည်း၏ မူဝါဒများနှင့် ပတ်သက်၍ လည်းကောင်း၊ သက်ဆိုင်ရာအကြောင်းအရာအပေါ် အမြင်များနှင့် ပတ်သက်၍ လည်းကောင်း၊ ပြဿနာဖြစ်နေသော မေးခွန်းများ၌ အဖွဲ့အစည်း၏ တရားဝင် ရပ်တည်ချက်နှင့် ပတ်သက်၍ လည်းကောင်း ရှင်းပြနိုင်သူများ ဖြစ်ရပါသည်။

Eleven Media Group


No comments:

Post a Comment

My Blog List