Thursday, January 07, 2016

မဲခေါင် လက်နက်မူးယစ်ကုန်သွယ်မှု၊ တရုတ်ရပ်တည်ချက်နှင့် မြန်မာ့ ငြိမ်းချမ်းရေး လားရာ


နှစ်ပေါင်း ၂၅ အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်သံအမတ် မစ္စတာ ဟုန်လျှံဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် တစ်ယောက်အနေနဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးကို ရန်ကုန်မြို့မှာ ရှိတဲ့ ကိုးမိုင်က သူ့ရဲ့ နေအိမ်မှာ ဒီဇင်ဘာလ နောက်ဆုံးအပတ်က သွားရောက် တွေ့ဆုံခဲ့ပါတယ်။ 
အဲဒီတွေ့ဆုံမှုမှာ ဆွေးနွေးတဲ့ အကြောင်းရာတွေကတော့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စ ၊ တရုတ်နဲ့ မိုင်ပေါင်းများစွာ နယ်နိမိတ် ထိစပ်နေတဲ့ ရှမ်းပြည်နယ် ဖွံ့ဖြိုးရေးနဲ့ တရုတ်နယ်စပ် တည်ငြိမ်ရေး ၊ လတ်တလော နိုင်ငံရေးအခြေအနေတွေ စသဖြင့် ကဏ္ဍတစ်ခုနဲ့ တစ်ခုဆက်စပ်နေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေ ထုတ်ပြန်ခဲ့ကြတာ တွေ့ရပါတယ်။ ထူးခြားချက် တစ်ရပ်အနေ နဲ့က မဲခေါင်မြစ်ဝှမ်း ကနေ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ရှမ်းပြည်နယ်ထဲ လက်နက်ကုန်သွယ်မှုတွေ ရှိနေပြီး အပြန်အလှန် မူးယစ်ဆေးဝါး ကုန်သွယ် နေတဲ့ ကိစ္စတွေဟာ နောက်ပိုင်း နှစ်တွေထဲမှာ မြန်မာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာနေတဲ့ ကိစ္စဖြစ်တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ကြပ်မတ် ကူညီ ဖြေရှင်းပေးဖို့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးက တရုတ်သံတမန်ဆီကို တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

သဘောကတော့ မဲခေါင်မြစ်ဝှမ်း ရွှေတြိဂံဒေသအတွင်း လက်နက်နဲ့ မူးယစ်မှောင်ခို ကုန်သွယ် မှုတွေကြောင့် လက်နက်တွေ အဆက်မပြတ် မြန်မာပြည်ထဲ စီးဝင်နေပြီး ပြည်တွင်း စစ်က တာရှည်လာ၊ ငြိမ်းချမ်းရေးရဖို့ ခက်လာနိုင်တယ်ဆိုပြီး ဦးခွန်ထွန်းဦးက ထောက်ပြ ပြောဆိုခဲ့တဲ့ သဘောပါ။ တိုင်းရင်းသားအရေးအတွက် တောက်လျှောက် ရပ်ခံတောင်းဆိုလာခဲ့တဲ့ ဦးခွန်ထွန်းဦးအနေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားအရေး အတွက် ပိုမိုထောက် ခံအားပေးမှုတွေ လုပ်လာခဲ့တဲ့ တရုတ်နိုင်ငံအပေါ် မဲခေါင် မြစ်ဝှမ်း လက်နက်နဲ့ မူးယစ်ကုန်သွယ်မှုတွေကို ကြပ်မတ်ပေးဖို့ လုပ်လာခဲ့ တယ်ဆိုတာ ကြည့်ရအောင်ပါ။

* စာရေးသူရဲ့ ကွင်းဆင်းလေ့လာမှု အတွေ့အကြုံအရ *

စာရေးသူရဲ့ လေးနှစ်သက်တမ်းရှိပြီဖြစ်တဲ့ သတင်းထောက်လုပ်သက် သက်တမ်း တစ်လျှောက် အပစ်ခတ်ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်တွေ ၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ အရေးကိစ္စ တွေကို အမြဲမပြတ် လေ့လာ ဖြစ်ခဲ့ပြီး ကိုယ်တိုင်လည်း ရုပ်သံသတင်း ထောက် ၊ နိုင်ငံတကာ သတင်းဌာနတွေ အတွက် ခရီးစဉ်စီစဉ်ပေးသူ၊ ဘာသာပြန် ၊ ပြည်တွင်းဂျာနယ်နဲ့ သတင်းစာတွေအတွက် သတင်းထောက် စတဲ့ သတင်းမီဒီယာ အသွင်သဏ္ဍာန် မျိုးစုံနဲ့ စစ်ပွဲနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကို သွားရောက်ခဲ့ဖူးပါတယ်။

ဒီလေးနှစ်အတွင်း စာရေးသူ သတိထားမိလာတာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တစ်နှစ်ထက်တစ်နှစ် တပ်ဖွဲ့ဝင် ဦးရေ ပိုများလာတယ်။ ပြောက်ကျားတိုက်ပွဲတွေ ဆင်နွှဲဖို့အတွက် သေနတ်တွေ လက်ပစ်ဗုံးတွေ ပခုံးထမ်းလောင်ချာတွေ တစ်နှစ် ထက် တစ်နှစ်ပိုမို ပေါများလာတယ် ဆိုတာပါပဲ။ ဥပမာအားဖြင့် စာရေးသူရဲ့ ဇာတိမြို့နဲ့ သိပ် အလှမ်းကွာတဲ့ ဒေသမှာ လှုပ်ရှားနေတဲ့ SSPP / SSA ရှမ်းတပ်မတော် မြောက်ပိုင်းဆိုရင် နယ်ခြားစောင့်တပ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘဲ စတင်ခွဲထွက်လာတုန်းက တပ်မဟာ ၁ ခု လူအင်အား နှစ်ထောင်ကျော်
လောက်သာ ရှိခဲ့တာပါ။ အခုဆိုရင်ပဲ ရှမ်းတပ်မတော်မြောက်ပိုင်းအဖြစ် ဆက်လက် ရပ်တည်နေတဲ့ အဖွဲ့မှာ တပ်မဟာ ၈ ခုလောက်အထိကို ဖွဲ့စည်းပုံမှာ များပြားလာ ခဲ့ပါပြီ။

၂၀၁၁ ခုနစ်လောက်မှ ပြန်လည် ဖွဲ့စည်းလိုက်တဲ့ တအာင်းပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဆိုရင်လည်း ဒီအတိုင်းပါပဲ။ အခုဆိုရင် ခန့်မှန်းခြေ အင်အား ငါးထောင်လောက် ရောက်လာနေပါပြီ။ စာရေးသူ ရောက်ဖူးခဲ့တဲ့ “၀” တို့ မိုင်းလားတို့လို နယ်မြေတွေမှာ ဆိုရင်တော့ မပြောတော့ပါဘူး။ “၀” ပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့ရဲ့ ရဲတစ်ယောက် ဟာ မြန်မာအစိုးရ အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင် တွေထက် လက်နက်ကျည်ဆံ ၊ လက်ပစ်ဗုံးကအစ ပိုမိုကိုင်ဆောင်နိုင်တဲ့ အနေ အထားမှာရှိပါတယ်။ “၀” ရဲ တစ်ယောက်ကို ကျည်ခုနစ်ကတ်လောက်နဲ့ သေနတ်တစ်လက် ၊ လက်ပစ်ဗုံး အနည်းဆုံး သုံးလုံးလောက်ကို ဆင်ထားပေးတာပါ။

* မဲခေါင်မြစ်ဝှမ်းရွှေတြိဂံ *

စစ်ရေးလေ့လာသူအချို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆိုအရတော့ လက်နက်မှောင်ခိုမှုဟာ တကယ်လည်း မဲခေါင်မြစ်ဝှမ်း ပေါ်မှာ ကြီးကြီးမားမားကို ဖြစ်နေတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း အဲဒီဈေးကွက်ကနေပဲ ၀ယ်ယူနေရတယ်၊ လာအိုဘက်ကနေ လာတာလို့ တိုင်းရင်း
သား လက်နက်ကိုင်အဖွဲ့မှ တာဝန်ရှိသူအချို့နဲ့ နယ်စပ်အရေး လေ့လာသူအချို့က စာရေးသူကို အတည်ပြု ပြောဆိုကြပါတယ်။ တချို့ကဆိုရင် အရင်က “၀” နယ်စပ် တရုတ်နယ်ထဲကနေမှ လာအိုဘက်ကို ပြောင်းသွားတာလို့ ဆိုကြပါတယ်။

အဲဒီအချက်တွေက ဘယ်လောက် မှန်မလဲတော့ အဲဒီလက်နက် ဈေးကွက်နေရာ တွေကို ကိုယ်တိုင် မရောက်ဖူးတဲ့အတွက် ကျွန်တော် မသိပါဘူး။ မြန်မာပိုင်နက်ထဲ ရှိပေမယ့် အစိုးရ အာဏာသက်ရောက်ခြင်း မရှိတဲ့ “၀” တို့ ၊ မိုင်းလားတို့နယ်ကနေ မဲခေါင်မြစ်ဝှမ်းကို သွားချင်ရင်တော့ ခဏလေးပါပဲ။ ဖုန်ကြားရှင်း ရဲ့ သမက်ဖြစ်သူ ဦးစိုင်းလင်း အုပ်ချုပ်နေတဲ့ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA မိုင်းလား ထိန်းချုပ်ထားတဲ့ နယ်မြေက မဲခေါင်မြစ်နဲ့လည်း ထိစပ်နေပြီး ဆွပ်လွေ
ဆိုတဲ့ ရွာကနေ မဲခေါင်မြစ်ကို ကူးလိုက်ရင်ပဲ လာအိုနိုင်ငံကို ရောက်ပါပြီ။ တချို့ ဆိုရင် သေနတ် တစ်လက်ဝယ်ရင် ကျည်ဆံ ငါးဘူးလောက် အလကားရတယ်လို့ တောင် ဆိုကြပါတယ်။ ( တရုတ်နဲ့ ကွန်မြူနစ်စနစ် ချင်းတူပြီး အိမ်နီးချင်းလည်း ဖြစ်နေတဲ့ လာအိုအနေနဲ့လည်း တရုတ်နယ်စပ် က ပြသ၁နာတွေမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးနေဟန်လည်း ရှိပါတယ်လို့ လေ့လာသူအချို့ကလည်း ဆိုကြပါတယ်။ )

ပြီးခဲ့တဲ့ သုံးနှစ်လောက်က လာအိုဘက်ကနေ ရဟတ်ယာဉ်တွေကို မဲခေါင်မြစ်ကို ဖြတ်လို့ “၀” နယ်ထဲအထိ သွင်းခဲ့ဖူးတယ်လို့ အမေရိကန်နိုင်ငံ အခြေစိုက် Janes Defence မဂ္ဂဇင်းက ဖော်ပြဖူးပါတယ်။ စာရေးသူ “၀” နယ်ထဲကို ရောက်သွားချိန်မှာတော့ အဲဒီ ရဟတ်ယာဉ်တွေက အဟောင်း တွေသာ ဖြစ်တယ် ၊ “၀” နယ်က ကလေး တွေ မမြင်ဖူးတဲ့အတွက် မြင်ဖူးအောင် “၀” တပ်ဖွဲ့က သူတို့ မြို့သစ်တည်နေတဲ့ နမ့်တစ်မြို့က ပန်းခြံထဲမှာ ပြသထားတယ်ဆိုပြီး စာရေးသူတို့ကို “၀” တပ်ဖွဲ့
တာဝန်ရှိသူတွေက လိုက်လံပြသဖူးပါတယ်။

ထူးဆန်းတာကတော့ ကိုးကန့် ၊ တအာင်းပလောင် ၊ ရှမ်းမြောက်ပိုင်း SSPP/SSA ၊ KIA ၊ ရက္ခိုင့်တပ်မတော် စတဲ့အဖွဲ့တွေနဲ့ “၀” က သာမန် စစ်သားတွေ ကိုင်ဆောင်တဲ့ လက်နက်ငယ်တွေ လက်ပစ်ဗုံးတွေဟာ ပုံစံတူတွေ ဖြစ်နေတာပါပဲ။ ရှမ်းပြည်နယ် ထဲမှာ သြဇာတြိက္ကမကြီးတဲ့ ဦးခွန်ထွန်းဦးကလည်း ဒီလိုကိစ္စတွေကို အောက်ခြေက တင်ပြမှုတွေက တစ်ဆင့် အလွယ်တကူ သိနိုင်တဲ့အတွက် တရုတ်သံတမန်ကို
တောင်းဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေးမရရင် ဒီမိုကရေစီ မရနိုင်ဘူးလို့ ပြောဖူးတဲ့ ဦးခွန်ထွန်းဦးအနေနဲ့ တစ်ဖက်က တိုင်းရင်းသား အရေးရှိပေမယ့် ရှမ်းပြည်နယ်ထဲကို လက်နက်တွေ ဖြတ်ဝင်စီးဆင်းမှု များပြားလာတဲ့အပေါ် အမှန်တကယ်လည်း စိုးရိမ်ဟန်ရှိပါတယ်။ တစ်ဖက်မှာလည်း မူးယစ်ဆေးကိစ္စက စိုးရိမ်စရာပါ။

* မူးယစ်ပြသ၁နာ *

မူးယစ်ဆေးဝါးကတော့ ပဋိပက္ခဒေသတွေမှာ သာမက ရန်ကုန်လို နေရာမှာတောင် မြင်မကောင်း ရှုမကောင်းအောင် ဖမ်းဆီးရမိမှုတွေ ဖြစ်နေတာ အားလုံးအသိပါပဲ။ ခေတ်အဆက်ဆက်ကို ပြန်လေ့လာကြည့် မယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့အတွက်လည်း ငွေဖြစ် လွယ်တဲ့ မူးယစ်ဆေးဝါးဟာ သူတို့ရပ်တည်ဖို့အတွက် အသက်သွေးကြော သမျှ အရေးကြီးခဲ့ဖူးသလို တပ်မတော်အတွက် အားကိုးစရာ ပြည်သူ့စစ်လို အဖွဲ့တွေ အတွက်ကလည်း ဒီလိုလုပ်ငန်းတွေနဲ့ ပတ်သက်နေခဲ့တယ် ဆိုတာ DEA စာရင်းမှာကို ပြည်သု့စစ် ခေါင်းဆောင်တွေ တော်တော်များများ ပါခဲ့ ဖူးတာ၊ ပါနေတာကို ကြည့်ရင် တွေ့နိုင်ပါတယ်။ အောက်ခြေ အာဏာပိုင် တွေရဲ့ ပတ်သက်မှုကတော့ ဘယ်လိုရှိမယ်ဆိုတာ မပြောလိုတော့ပါဘူး။
သေချာတာကတော့ ပြည်တွင်းစစ်မှာ မှောင်ခိုလုပ်ငန်းတွေ ၊ မူးယစ်လုပ်ငန်း တွေ နဲ့ အကျိုးရှိနေတဲ့ အုပ်စုတွေလည်း ရှိနေတာကတော့ အသေချာပါပဲ။ အစိုးရရုံးတွေ အခြေစိုက်ပြီး တိုင်းရင်းသား လက်နက်ကိုင်ထက် အစိုးရတပ်နဲ့ ပြည်သူ့စစ်တွေ အနီးနား ပတ်ဝန်းကျင်မှာ ရှိနေတဲ့ စာရေးသူရဲ့ ဇာတိမြို့ နယ်မှာတောင် ၀မ်းစာ အတွက် ဘိန်းစိုက်ပျိုးရေးအပြင် စိတ်ကြွဆေးပြား ပြသ၁နာကလည်း ကြီးထွားလာ နေတာပါ။ တလောကပဲ ဇာတိမြို့က အိမ်နီးနားချင်း တစ်ဦးဖြစ်တဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ တွေ့တော့ သူလည်း ရံဖန်ရံခါ မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေမှာ ပါနေတဲ့အတွက် အခြေနေကို မေးကြည့်ရာမှာ လက်လီဈေးကွက်မှာ ယာမနှစ်ပြားကို
၁,၅၀၀ နဲ့ နှစ်ထောင်ကျပ်ဈေးနှုန်းသာ ကျသင့်တဲ့အကြောင်း သူက ပြောပါတယ်။

တချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဘိန်းတိုက်ဖျက်ရေး မူးယစ်
တိုက်ဖျက်ရေးတွေ လုပ်နေပေမယ့် ရပ်တည်ရေးအရ အောက်ခြေတပ်တွေ မှာ မူးယစ် ဆေးဝါး လုံးဝကင်းရှင်းတယ်လို့ ဆိုနိုင်မယ်တော့ မထင်ပါဘူး။

* တရုတ်ရပ်တည်မှုကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကိုအားသာ စေခဲ့ *

တရုတ်အနေနဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေး အေးခဲလာခဲ့ပြီး မြန်မာမှာရှိတဲ့ သူ့ရဲ့ စီမံကိန်းတွေ ကန့်ကွက်ခံရမှုတွေ အလွန်အကျွံ ကြုံတွေ့လာရတဲ့ နောက် ၊ မြန်မာကို အနောက်အုပ်စု လက်ထဲ မပါဖို့ရာအတွက် ၂၀၁၂ နောက်ပိုင်း မြန်မာ့ အတိုက်အခံ တွေ ပြည်သူတွေနဲ့ ပိုမိုနီးစပ်အောင် ကြိုးစားလာခဲ့ပါတယ်။ သဘောက အနောက် အုပ်စုနဲ့ လုံးဝနီးသွားပြီး သူ့ရဲ့ အကျိုးစီးပွား ထိခိုက်သွားမှာ စိုးတာကို တန်ပြန်တဲ့ အနေနဲ့ အနိုင်ဖဲတွေ အမြောက်အမြား ကိုင်ဖို့ ကြိုးစားလာခြင်းလည်း ဖြစ်ကောင်း
ဖြစ်နိုင်ပါတယ်။ အဲဒီထဲမှာမှ တရုတ်မြန်မာ နယ်စပ်တစ်လျှောက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပတ်သက်လို့ သူ့ရဲ့ မူဝါဒအချို့ ပြောင်းလာခြင်းကလည်း တိုင်းရင်းသား အခွင့်ရေးအတွက် မရေရာသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေအဖို့ ရပ်တည်ရေးအရ အားတက်စရာ အခြေအနေပါ။ ယူနန်တက္ကသိုလ်က မြန်မာ့အရေး လေ့လာသူ မစ္စတာ လီချန်ယန်းရေးသားတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ စာတမ်းတစ်စောင်မှာ နှစ်နိုင်ငံနယ်စပ် တစ်လျှောက် မျိုးနွယ်စုတူ တိုင်းရင်းသားတွေ ရှိနေတဲ့ အနေအထားမှာ ဆစ်ဆောင်ပဏား ၊ တယ်ဟုန် ပြည်နယ်ခွဲတို့လို ကိုယ်ပိုင် အုပ်ချုပ်ရေးအဆင့်တန်းမရမချင်း မြန်မာဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ခေါင်းဆောင်တွေကို တရုတ်ဘက်က တိုင်းရင်းသား ခေါင်းဆောင်အနေနဲ့ ပတ်သက်တယ် ဆိုတာမျိုးလည်း ဖတ်ဖူးပါတယ်။ စာရေးသူရဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ တရုတ်ခရီးစဉ်မှာလည်း လက်ရှိသမ္မတ
ရှီကျင့်ဖျင်ရဲ့ သူငယ်ချင်းဖြစ်သူ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အရေးပါသူ လည်း ဖြစ်တဲ့ တရုတ်မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနဲ့ ညစာအတူစား ခွင့်ရခဲ့ပြီး တချို့အကြောင်းအရာတွေကိုလည်း ဆွေးနွေးခွင့်ရခဲ့ပါတယ်။ သူပြောခဲ့တာက ယူနန်ပြည်နယ်မှာရှိတဲ့ မျိုးနွယ်စု ၂၇ မျိုးအနက် မြန်မာမှာ လည်း တော်တော်များများ ရှိတဲ့အကြောင်း မြန်မာကို သမီးပေးထားသလို သဘောထားပြီး ၊ သမီးကို ကောင်းကောင်း ကျွေးမွေးပြုစု စောင့်ရှောက်ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်ဆိုရင် တရုတ်အနေနဲ့ ၀မ်းမြောက် ကြိုဆိုမှာ ဖြစ်ပေမယ့် သမီးကို သမက်က ရိုက်နှက်နှိပ်စက် နေတယ်ဆိုရင် သည်းခံမှာ မဟုတ်တဲ့အကြောင်း စာရေးသူတို့ကို တရုတ်အစိုးရရဲ့ မူဝါဒနဲ့ နီးစပ်ဖွယ်ရှိတဲ့ သဘောထားတွေကို ပြောပြခဲ့ပါတယ်။ ဒါက တစ်ဖက်မှာ လည်း တိုင်းရင်းသား လက်နက်ကိုင်တွေ အတွက် အားဖြစ်သလို အကုန်လုံး ခြုံကြည့်မယ်ဆိုရင် ရေရှည်အတွက် သတိထား ရမယ့် အချက်လည်း ဖြစ်ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ လက်ထက်က အတွေ့ အကြုံလည်း ရှိခဲ့ဖူးတယ် မဟုတ်ပါလား။

တကယ်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲ အန်စီအေ လက်မှတ်ထိုးဖို့ ကျန်နေတဲ့ အဖွဲ့တွေအများစုက မြန်မာပြည် မြောက်ပိုင်းမှာ အခြေချနေတာပါ။ တောင်ပိုင်းမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ၊ မွန်ပြည်သစ်တို့ လောက်သာ ရှိပါတယ်။ လက်မှတ်ထိုးဖို့ အသင့်မဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ အားလုံး ပါဝင်ရေးဆိုတဲ့ မူကြောင့်လည်း ပါဝင်ပါတယ်။ “၀” ၊ မိုင်းလားတို့ကတော့ လက်မှတ် မထိုးဘူး ၊ နိုင်ငံရေး ဆွေးနွေးမယ် ဆိုထားပေမယ့် မြောက်ပိုင်း ပဋိပက္ခမှာ ပါဝင် ပတ်သက်နေ တဲ့ အဖွဲ့အားလုံးက နယ်မြေချင်းအရရော မဟာမိတ် သဘောတရား
ရေးရာ အရပါ မကွာတဲ့အတွက် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ အဖွဲ့အများစုရဲ့ သဘောထားက ကွာဟနိုင်မယ် မထင်ပါဘူး။

* Failed State ကျဆုံးတိုင်းပြည်မဖြစ်စေဖို့ *

ကိုးကန့် ၊ ရခိုင် အေအေ တို့ကို တပ်မတော်ဘက်က လက်မခံသလို တအာင်း
ပလောင် အဖွဲ့ကိုကျတော့ တစ်ဖွဲ့ချင်းစီ အလိုက် ဆွေးနွေးပြီးမှ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု စာချုပ်ထဲ လက်မှတ်ပေးထိုးမယ်ဆိုတဲ့ အနေအထားပါ။
တကယ်လည်း မနှစ်က ဖြစ်ပွားခဲ့တဲ့ ကိုးကန့်စစ်ပွဲက တရုတ်မြန်မာ နှစ်နိုင်ငံ
ဆက်ဆံရေးကိုပါ ထိခိုက်စေခဲ့ရသလို တပ်မတော်ဘက်ကလည်း အထိနာ ခဲ့ပါတယ်။ ဒါ့အပြင် ပထ၀ီနိုင်ငံရေး ပြသ၁နာအဖြစ် တပ်မတော်ဘက်က ရှုမြင်ချင်ပုံလည်း ရပါတယ်။ တရုတ်အတွက် ကျတော့ ကိုးကန့်ဟာ မျိုးနွယ် စုတူ ပြသ၁နာရပ်ဖြစ်နေပြီး နယ်စပ်တည်ငြိမ်မှု အတွက်လည်း အရေးပါတဲ့ အခြေအနေပါ။ ကိုးကန့်စစ်ပွဲအပြီး နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲ တွေကို သေချာ လေ့လာကြည့် မယ်ဆိုရင် တပ်မတော်အနေနဲ့ လေကြောင်း ပစ်ကူ တွေ ပိုမို သုံးစွဲလာရ သလို တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကလည်း ယုံကြည်မှု ပိုမြင့် လာပြီး ခြေလျင်တပ်ချင်းဆိုရင် မကြောက်ဆိုတဲ့ အနေထားမျိုးတွေ
အထိ မြင်လာရပါတယ်။ ဒါဟာ တကယ်တော့ ရေရှည်ငြိမ်းချမ်းရေးအတွက်
မကောင်းပါဘူး။ တကယ်တော့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးမှာ လက်မှတ် ရေးထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေ တော်တော်များများက မဟာမိတ် ဆက်ဆံရေး အဆင့်ရှိပြီး အများစုက အဖွဲ့အချင်းချင်းအကြား စစ်ရေး ၊ စီးပွားရေးအရပါ ဆက်ဆံမှုတွေ ရှိတဲ့အဖွဲ့တွေ ဖြစ်နေပါတယ်။

လတ်တလော အခြေအနေအရ လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့တွေ အပစ်ခတ် ရပ်စဲမှုမှာ ပါဝင်လာရေးဆိုတာက စစ်မှန်တဲ့ ငြိမ်းချမ်းရေးတံခါး ပွင့်ဖို့အတွက် မဖြစ်မနေ လှမ်းရမယ့်ခြေလှမ်းပါပဲ။ အဖွဲ့တွေ ရွေးပြီးချန်ထားခဲ့ရင်လည်း ပြသ၁နာက ပြီးမယ်မထင်ပါဘူး။ သဘောက ကျန်နေတဲ့အဖွဲ့တွေကို အိမ်နီးချင်းနိုင်ငံတွေကနေ ပုံစံမျိုးစုံနဲ့ များများပြားပြား လုပ်လာခဲ့ရင်ဆိုတာ ဆက်စပ်စဉ်းစားရမယ့် အခြေအနေ
ပါ။ နောက်တက်လာမယ့် အန်အယ်လ်ဒီ အစိုးရအတွက်လည်း
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား အခွင့်အရေး ပြသ၁နာတွေက အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် သေချာပေါက် ရှိလာဦးမှာပါ။ အန်အယ်လ်ဒီ အစိုးရမို့လို့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က တိုက်ရင် နိုင်ငံတကာရဲ့ အသိမှတ်ပြုမှု နည်းနိုင်ပေမယ့် လွတ်လပ်ရေးရပြီးစ ပါလီမန်ခေတ်ကာလမှာ သမ္မတ တိုင်းရင်းသား ၊ စစ်ဦးစီးချုပ် တိုင်းရင်းသား ဖြစ်နေတဲ့အချိန်မှာတောင် ပြည်တွင်းစစ်မီး မငြိမ်းတာ သတိပြုစရာပါ။ သေချာတာကတော့ တိုင်းရင်းသား အခွင့်ရေးနဲ့ ချိန်ထိုးဆက်စပ်
တွေးခေါ် ဆုံးဖြတ်ရမယ့် အချိန်ကျရောက်လို့ နေပါပြီ။အားလုံးတန်းတူလည်း ဖြစ်မှ အဆင်ပြေမယ့် အခြေအနေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ပဋိပက္ခနဲ့ တိုက်ပွဲ တွေ အတွက် လက်နက်တွေ ပိုမိုများပြားလာတာ ၊ လက်မှတ်ရေးထိုးဖို့ ကျန်တဲ့အဖွဲ့တွေအကြား စစ်ရေးအရ ဆက်ဆံမှု များပြားလာတာ ၊ ပြည်တွင်းစစ်နဲ့အတူ မူးယစ်ဆေးဝါး ပြသ၁နာ ပိုမိုဆိုးရွားလာနေတာ ၊ မြန်မာ့ အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် မှာ ပထ၀ီနိုင်ငံရေးအရ ကစားမှုတွေ များလာတာ ( တစ်ဖက်က တရုတ် ၊ တစ်ဖက် က အမေရိကန်နဲ့ အနောက်အုပ်စု ( အစိုးရ နဲ့ ကေအန်ယူအပါဝင် လက်နက်ကိုင် အဖွဲ့ အချို့ ဘက်က စသဖြင့် ) တွေက အကိုင်အတွယ် မတတ်ရင် နဂိုကတည်းက
မဖွံ့ဖြိုးတဲ့ တိုင်းပြည်က Fail State ကျဆုံးနိုင်ငံအဖြစ် ရောက်ရှိသွားမယ့် လက္ခဏာ တွေပါပဲ။ ပနားမား အရေးခင်းလို ကိစ္စတွေက အစကြည့်လိုက်ရင် အမေရိကန်လို နိုင်ငံတွေကအစ ပထ၀ီနိုင်ငံရေးအရ အိမ်နီးချင်းနိုင်ငံတွေရဲ့ အရေးတွေမှာပါ ၀င်ကစားတတ်တာ အခန့်မသင့်ရင် ကျူးကျော် တတ်တာတွေက နိုင်ငံကြီးတွေရဲ့ သဘာဝပဲမို့ တိုင်းသူပြည်သား အားလုံးရဲ့ ရေရှည်အကျိုးကိုမျှော်ကိုးပြီး စိတ်ကောင်း စေတနာမှန်နဲ့ ဖြေရှင်းပါမှ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးက ငြှိမ်းသတ်နိုင်မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး မရဘဲနဲ့လည်း ဒီမိုကရေစီ မရနိုင်ဘူးဆိုတာ သတိချပ် စေချင်ပါတယ်။

Ref; Wiki- Panama civil War
; Professor - Li Cheng Yang (Centre for East Asia Policy Studies,
China- Myanmar Relation)
; Jane’s defence Magazine
စိုင်းထွန်းအောင်လွင်
The Ladies News Journal

No comments:

Post a Comment

My Blog List