မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယား လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။မြောက်ကိုရီးယား အစိုးရက ရေအောက်မှာ ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီလို့ ကြေညာပြီးတဲ့နောက် ကုလသမဂ္ဂက အခုလို ပြောဆို ခဲ့တာပါ။
မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ စိတ်မကောင်းစရာ ဖြစ်သလို ဒေသတွင်း လုံခြုံရေးကိုပါ ထိခိုက်စေနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။
ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောပေမယ့် ကျွမ်းကျပညာရှင်တွေနဲ့ အစိုးရတချို့ကတော့ မဖြစ်နိုင်ဘူးလို့ ပြောဆိုနေကြပါတယ်။
ဟိုက်ဒရိုဂျင်ဗုံးကို တီထွင်နိုင်ပြီလို့ မြောက်ကိုရီးယားက ထုတ်ပြောခဲ့တုန်း ကလည်း ယုံကြည်သူတွေ နည်းပါးခဲ့ပါတယ်။
နျူကလီးယား စမ်းသပ်တဲ့ ဒေသအနားမှာ ပြင်းအား ၅.၁ ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက် မြောက်ကိုရီးယား သတင်းက ဟိုင်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ပြီ ဆိုတဲ့ သတင်းကြေညာခဲ့တာ ဖြစ်ပါတယ်။
သတင်းမှာ ကြေညာချက်အရ မြောက်ကိုရီးယားအနေနဲ့ ပြည်တွင်းက ဥာဏ်ပညာနဲ့ နည်းပညာတွေနဲ့ပဲ ၁၀၀% လုပ်ဆောင်နိုင်စွမ်းရှိတဲ့အကြောင်း ပါရှိပါတယ်။
ပြောတဲ့အတိုင်း မြောက်ကိုရီးယားကသာ လုပ်ခဲ့ရင်တော့ အဲဒီ နျူကလီးယား စမ်းသပ်တဲ့ နေရာမှာပဲ ဒါဟာ စတုတ္တမြောက် စမ်းသပ်မှုပဲ ဖြစ်ပါတယ်။
တကယ်စမ်းသပ်သလား ဆိုတာကို စုံစမ်းနေကြဆဲ ဖြစ်တဲ့အတွက် အချိန်ယူရဦးမှာ ဖြစ်ပါတယ်။
ဟိုက်ဒရိုဂျင်ဗုံးဟာ အန္တရာယ်များတယ်ဆိုတဲ့ Atomic ဗုံးထက် ပိုပြီး အန္တရာယ်များတဲ့ လက်နက် ဖြစ်ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်တယ်ဆိုတဲ့ ကိစ္စကို တုန့်ပြန်တဲ့အခါမှာ တရုတ်နိုင်ငံရဲ့ တုန့်ပြန်မှုက အရေးကြီးတယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘိရှော့ပ်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ မိတ်ဆွေကောင်း ဖြစ်တာကြောင့် နျူကလီးယား လက်နက်တွေကို မြောက်ကိုရီးယား ထုတ်လုပ်မှု ရပ်တန့်ဖို့ ဖိအားပေးတာမျိုးတွေ လုပ်သင့်တယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂကတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံလုပ်ဖို့ ပြင်ဆင်နေပေမယ့် တရုတ်ကပါ ပါဝင်သင့်တယ်လို့ ပြောဆိုနေကြပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ဟိုက်ဒရိုဂျင်ဗုံး တီထွင်စမ်းသပ်နိုင်ခဲ့သလား ဆိုတာထက် မြေငလျင် အင်အား ၅.၁ လောက်ရှိတဲ့ လက်နက် တခုခုကို စမ်းသပ်တယ် ဆိုကတည်းက သတိထားစရာ ကိစ္စ ဖြစ်နေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ပ်က ပြောပါတယ်။
abc
No comments:
Post a Comment