ဗင်နီဇွဲလား သမ္မတ ဟူဂိုချားဗတ်ဇ်သည် မြို့တော် ကာရာကစ်ရှိ
စစ်ဘက်ဆေးရုံတွင် ဓာတ်ကင်မှုကို စတင်ပြုလုပ်နေရပြီဖြစ်ကြောင်း ဒုတိယသမ္မတ
နီကိုလတ်စ်မန်ဒူရိုက ပထမဆုံးအကြိမ်အဖြစ်မတ် ၁ ရက် ညပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ သမ္မတသည် အသက်ရှင်သန်နိုင်ရေးအတွက် တိုက်ပွဲဝင်နေ ရကြောင်း လည်း ပြောကြားခဲ့သည်။ချားဗတ်ဇ်ကို ထောက်ခံသူများက ချားဗတ်ဇ် တက်ရောက်နေသော ကားလို့စ်အာဗီလို ဆေးရုံရှေ့တွင် မတ် ၁ ရက်က စုဝေးခဲ့ပြီး ချားဗတ်ဇ်၏ ကျန်းမာရေး အခြေအနေ အပြည့် အ၀ ပြန်လည်ကောင်းမွန်လာစေရန် ဆုတောင်းခဲ့ကြကာ ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သော ချားဗတ်ဇ်နှင့် သူ၏သမီးများ တွေ့ဆုံနေသည့် ဓာတ်ပုံများကို ကိုင်ဆောင်ထားကြကြောင်းနိုင်ငံပိုင် သတင်းဌာန AVN က ထုတ်လွှင့်ခဲ့သည်။
ကျောင်းသားများကလည်း သီးခြားစုဝေးခဲ့ကြပြီး ချားဗတ်ဇ် ကျန်းမာရေးအခြေအနေကို ပြည့်ပြည့်စုံစုံ မထုတ်ပြန်သော အစိုးရအား ပြစ်တင်ဝေဖန်ခဲ့သလို ချားဗတ်ဇ်နှင့် ပတ်သက်သော ကောလာဟလ ထုတ်လွှင့်နေမှုများကိုလည်း ဝေဖန်ခဲ့သည်။
စုဝေးမှုတွင် ပါဝင်ခဲ့သူ ကျောင်းသားတစ်ဦးက ချားဗတ်ဇ် ဘယ်ရောက်နေသနည်းဟု မေးခွန်းထုတ်ခဲ့သည်။ အခြားတစ်ဦးကမူ ချားဗတ်ဇ်သည် အသက်ရှင်သလား၊ သေသလား သိချင်သည်ဟုတောင်းဆိုခဲ့သည်။
သို့သော် ဗင်နီဇွဲလားအစိုးရသည် ယခုအချိန်အထိ ချားဗတ်ဇ် မည်သည့်ကင်ဆာ ဖြစ်နေကြောင်းကို ထုတ်ပြန်ခြင်း မရှိသေးပေ။ ပြည်ပသတင်းဌာန အချို့က သတင်းရင်းမြစ် မဖော်ပြသော ရင်းမြစ်များကို ကိုးကားပြီး ချားဗတ်ဇ်၏ အခြေအနေမှာ မန်ဒူရိုပြောကြားခဲ့သည့် အခြေအနေထက် ပိုမိုဆိုး ရွားနေပြီဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။
သမ္မတရွေးကောက်ပွဲတွင် ချားဗတ်ဇ်နှင့် ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သော အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သူ ဟင်းနရစ်ကက်ရိုင်းစ်က အစိုးရသည် လာမည့်ရက်များတွင် သမ္မတနှင့် ပတ်သက်၍ သူတို့လိမ်ခဲ့သမျှကို မည်သို့ဖြေရှင်းမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း Twitter တွင် ရေးသားခဲ့သည်။
ဓာတ်ပုံ - ကာရာကစ်မြို့တွင် စုဝေးမှုတစ်ခု၌ ကျောင်းသားများနှင့် ရဲများ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားနေစဉ် (Photo - AFP)
Ref:CNN
Eleven Media Group
No comments:
Post a Comment