Wednesday, January 09, 2013

ကချင်မြေရောက် ရှမ်းတစ်ယောက်ရဲ့ ရင်ဖွင့်သံ

         ကျွန်တော်သည် ကချင်ပြည်နယ်ဖွား ရှမ်းလူမျိုးတစ်ယောက်ဖြစ်ပါသည်။ တာလောကြီးကျေးရွာ တွင် မွေးဖွားနေထိုင်ခဲ့သူဖြစ်သည်။ ကျွန်တော်တို့၏ တာလောကြီးကျေးရွာသည် ယခုအချိန်တွင် KIA ၏ ကမ်းကုန်အောင် ရက်စက်ယုတ်မာမှုများကြောင့် မြန်မာပြည်သူများ သိရှိခဲ့ရပြီ ဖြစ်ပါသည်။ ငယ်စဉ် ကတည်းက နေထိုင်လာသဖြင့် KIA အဖွဲ့၏ ရက်စက်ယုတ်မာမှုများအား မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရ ပါသည်။
          တာလောကြီးကျေးရွာတွင် ရှမ်းလူမျိုးအများစုနေထိုင်ကြပြီး တောင်ယာအလုပ်ဖြင့် ရိုးသားစွာ အသက်မွေးဝမ်းကြောင်းနေထိုင်ကြပါသည်။ သို့သော် KIA အဖွဲ့မှ လူသစ်စုဆောင်းရန် လိုအပ်လာသည့် အချိန်တိုင်း ရွာထဲရှိ အရွယ်ကောင်း ယောင်္ကျားလေးများအား ရွာမှတစ်ဆင့် ဆင့်ခေါ်၍လည်းကောင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းဖြင့် လည်းကောင်း လူသစ်စုခဲ့ကြပါသည်။ ဆက်ကြေးငွေများကိုလည်း အခြားကချင် ရွာများထက် ပို၍တောင်းခံခဲ့ပါသည်။ အဆိုးဝါးဆုံးလုပ်ရပ်မှာ ရှမ်းသမီးပျိုလေးများအား ဖမ်းဆီးခေါ်ဆောင် သွားပြီး မုဒိန်းကျင့်ခြင်းဖြစ်သည်။ KIA အဖွဲ့မှာ လက်နက်များကိုင်ဆောင်ထားပြီး စည်းကမ်းမဲ့သော အဖွဲ့ဖြစ်သဖြင့် စိတ်မထင်ရင် မထင်သလို သတ်ဖြတ်ခြင်းများကို လည်း ဆောင် ရွက် သဖြင့် မည်သူမျှ မတားရဲခဲ့ပါ။ ၄င်းတို့၏ ရက်စက်ယုတ်မာမှုများအား လည်စင်းခံခဲ့ရသည်။
          လူသစ်စုခံရသူများအားလည်း KIA အဖွဲ့အတွင်း ခွဲခြားဆက်ဆံမှုများရှိသည်။ ရှမ်းလူမျိုးလူသစ်များအား အစာရေစာဝအောင်မကျွေးပဲ ရှေ့တန်းစခန်းများတွင်သာ အသေခံခိုင်းခြင်း၊ မည်သည့်ပြဿနာဖြစ်လာသည် ဖြစ်စေ ရှမ်းလူမျိုးများကိုသာ ပြစ်ဒဏ်ပေးခြင်း၊ အဖွဲ့အတွင်း ကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ရာထူးမပေးခြင်းစသော လူမျိုးရေးခွဲခြားမှုများကိုလည်း ပြုလုပ်ခဲ့သည်။ အစိုးရနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားချိန် နောက်ပိုင်းတွင် KIA အဖွဲ့၏ ရက်စက်ယုတ်မာမှုများ ပိုမိုတိုးပွားလာသည်။ လူသစ်စုရန် ဖမ်းဆီးခေါ်ဆောင်မှုများ ပိုမိုများပြားလာပြီး အသက်မပြည့်သေးသူ အထက်တန်းကျောင်းသားများကိုပါ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။


          KIA ၏ ရှမ်းလူမျိုးများအပေါ် ရက်စက်မှုများမှာ ပြောမကုန်နိုင်အောင်ရှိသည်။ လူသစ်စုရန် ဖမ်းဆီးရာတွင် ယောင်္ကျာလေးများကိုသာမက မိန်းကလေးများကိုပါ ဖမ်းဆီးခေါ်ဆောင်လျက်ရှိသည်။ မိန်းမပျိုလေးများအား စခန်းရှိ KIA အဖွဲ့ဝင်များမှ စိတ်ကြိုက် မုဒိန်းကျင့်ပြီး ဖမ်းဆီးထား သည်။ ငြင်း ဆန်သောသူများအား ရိုက်နှက်ခြင်း၊ သေနတ်ဒင်ဖြင့်ထုခြင်းစသည်ဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့ပါသည်။ စခန်း တစ်ခုလုံး အသုံးချ၍ ကျေနပ်ပြီဆိုပါက အခြားစခန်းများသို့ ပို့ဆောင်၍ ထပ်မံ အသုံးချစေသည်။ ထို့ထက် ပို၍ဆိုးသည်မှာ တရုတ်ပြည်သို့ ပို့ဆောင်ရောင်းချခြင်းပင်ဖြစ်သည်။

          ကျောင်းသားအရွယ်ကလေးများအားလည်း စစ်သင်တန်းပေးပြီး လက်နက်ကိုင်ခိုင်း ကာ ရှေ့တန်း တွင် အသေခံခိုင်းသည်။ KIA အဖွဲ့၏ လူမျိုးရေးခွဲခြားမှုများကြောင့် ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် တပ်ကြပ်ကျော်ဆန်း ဦးဆောင်သော KIA အဖွဲ့ဝင်များ အစိုးရထံ အလင်းဝင်ရောက်ခဲ့သည်။ အလင်း ၀င်ရောက်လာသူများတွင် ရှမ်းလူမျိုးအများစုပါဝင်ပြီး တာလောကြီး ကျေးရွာမှ ၃၄ ဦးပါဝင်ပါသည်။ ၄င်းတို့ အလင်းဝင်ရောက်လာခြင်း မှာလည်း အဖျက်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လိုစိတ်မရှိခြင်း၊ အမျိုး တူ ရှမ်းတိုင်းရင်းသားများအား နှိပ်စက်နေသည်ကို မခံမရပ်နိုင်ခြင်း၊ နိုင်ငံတော်နှင့် အတူ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက် လိုခြင်း စသောအချက်များကြောင့် ဖြစ်သည်။
          တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီမှလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ တည်းက သဘောထားကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ၄င်းသဘောထားကြေငြာချက်တွင် KIA အဖွဲ့မှ စစ်ပွဲကို စတင်ဖန်တီးသည့်အတွက် ကချင်လူမျိုးများနှင့် ရှမ်းလူမျိုးများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြကြောင်း၊ မီးရထားလမ်းများအား မိုင်းထောင်ဖျက်ဆီးခြင်း၊ ရှမ်းနီလူမျိုးများအား မတရားလူသစ်စုဆောင်းခြင်း၊ ရှမ်း မိန်းမပျိုလေးများအား မုဒိန်းကျင့်ခြင်း၊ တပ်မတော်နှင့် ရှမ်းနီလူမျိုးများကြား အထင်အမြင်လွဲမှားစေရန် ရှမ်းရွာများအနီးတွင် မိုင်းထောင်ခြင်း၊ ရှမ်းနီလူမျိုးများထံမှ မတရား ဆက်ကြေးကောက်ခံခြင်း စသော အကြမ်းဖက်လုပ်ရပ်များကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်နှိပ်စက်နေကြသည်။ စစ်ပွဲများဖြစ် ပွားနေပြီး ခေါင်းမာသော KIA ခေါင်းဆောင်များကြောင့် ငြိမ်းချမ်းရေး မရရှိသေးသဖြင့် ဒေသအတွင်းမှ ရှမ်း နီလူမျိုးများသည် KIA အဖွဲ့အား ရွံ့ရှာမုန်းတီးလျက်ရှိကြောင်း၊ အစိုးရမှကမ်းလှမ်းသော ငြိမ်းချမ်းရေးအား အမြန်ဆုံးလက်ခံဆွေးနွေးရန်  စသည့်အချက်များပါဝင်သည်။ ၄င်းအချက်များသည် ဒေသအတွင်းရှိ ရှမ်းနီ လူမျိုးများ၏ ခံစားချက်နှင့် တစ်ထပ်တည်းဖြစ်သည်။
          ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကချင်ပြည်သူများ ဒုက္ခရောက် ခဲ့ရသော် လည်း KIA ခေါင်းဆောင်ပိုင်းများမှာ ပိုမိုချမ်းသာလာကြသည်။ စစ်ပွဲကာလတစ်လျှောက်လုံး KIA အဖွဲ့အနေဖြင့် မတရား ဆက်ကြေးကောက်ခံခြင်း၊ မုဒိန်းကျင့်ခြင်း၊ ယခင်က အငြိုးအတေးရှိသူများအား အစိုးရသတင်းပေးဟု စွပ်စွဲသတ်ဖြတ်နိုင်ခြင်း စသည်ဖြင့် ကချင်ပြည်နယ်တစ်လွှား စိတ်ထင်တိုင်းကြဲ ခဲ့ကြသည်။ ထိုကဲ့သို့ လက်နက်ကိုင်ဆောင်ထားပြီး အာဏာယစ် မူးနေခြင်း၊ ငွေကြေး ချမ်းသာ လာခြင်း တို့ကြောင့် ငြိမ်းချမ်းရေးကို လျစ်လျူရှုနေခြင်းလည်းဖြစ်ပါသည်။
          ယခုအခါ KIA အဖွဲ့သည် အစိုးရတပ်များအား ရင်ဆိုင်နိုင်စွမ်းမရှိသဖြင့် အင်အားနည်းသော ရဲစခန်းများ၊ ပြည်သူ့စစ်စခန်းများအား ၀င်ရောက်စီးနင်း တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ သဖြင့် ကျေးရွာ များ အား ကာကွယ်ရန်အတွက် ပြည်သူ့စစ်သင်တန်းများအား ဖွင့်လှစ်လျက်ရှိပါသည်။ အဆိုပါ စစ်သင်တန်းနှင့် ပတ်သတ်ပြီး တာလောကြီးကျေးရွာ ပြည်သူ့စစ်နာယက ဦးစန်းဝေမှ "ကျွန်တော်တို့က လူငယ်တွေကို မတိုက်မနေရ၊ မဖြစ်မနေ သေနတ်ကိုင်ရမယ်လို့ တာဝန်ပေးခဲ့တာ မဟုတ်ဘူး။ ငါတို့ ၆၂ ခုနှစ်ကစပြီး ဒုက္ခတွေ ခံခဲ့ရတယ်။ မင်းတို့ဘာလုပ်သင့်သလဲ။ မင်းတို့လက်ထဲမှာပဲ ရှိတယ်။ ငါတို့ကတော့ အသက်ကြီးပြီ။ မင်းတို့လက်ထဲမှာပဲရှိတယ်။ မင်းတို့လုပ်သင့်တာကို ဆုံးဖြတ်ပြီးလုပ်ပါ။ အဲလိုမျိုးပြောပြီး ကလေးတွေ ပြည်သူ့စစ်ထဲဝင်ဖို့ ပြောထားတယ်"ဟု ပြောကြားခဲ့ပါသည်။ ယခုအချိန်တွင် ကျွန်တော်တို့ တာလောကြီး ကျေးရွာမှာ ပြည်သူ့စစ်တွေတိုးပွားလာပြီဖြစ်လို့ KIA ရဲ့ ယုတ်မာမှုများကို တားဆီး ကာကွယ်နိုင်တော့မှာ ဖြစ်ပါသည်။

တာလောကြီးရွာသား

No comments:

Post a Comment

My Blog List