Monday, July 02, 2012

၄၅ သန်းရဲ့ ပြဿနာအကြောင်း ကိုကိုကြီးပြော



တိုင်းပြည်လူဦးရေရဲ့ ၇၀ % အကြောင်း ပြောနေတဲ့ ကိုကိုကြီး ( ဓာတ်ပုံများ-သန့်စင်ငြိမ်းချမ်း )

နိုင်ငံတ၀ှမ်း အနှံ့အပြားဖြစ်ပွားနေသော လယ်ယာမြေပြဿနာများအား အချိန်မီ မဖြေရှင်းနိုင်ပါက နိုင်ငံ၏တည်ငြိမ်မှုကို ထိခိုက်လာနိုင်သည်ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ပြောဆိုလိုက်သည်။

လယ်ယာမြေ အဓမ္မသိမ်းယူခံရမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ယမန်နေ့ကပြုလုပ်သော လယ်သမားများ၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့နိုင်ငံမှာ အများစု ငွေကြေးဥစ္စာက လူသောင်းဂဏန်းလောက်မှာပဲ သွားစုနေပြီး ကျန်လူသန်း ၆၀ က ဆင်းရဲတွင်း နက်သထက် နက်လာလို့ရှိရင် ငါ့ဝမ်းပူဆာ မနေသာတဲ့ ပြဿနာ၊ လူမှုရေး မတည်ငြိမ်မှုတွေကို ဦးတည်လာမယ့်ပြဿနာဟာ နိုင်ငံရေးအရ စီမံခန့်ခွဲမှုကို ဦးဆောင်နေသူတွေကို တိုက်ရိုက်ခြိမ်းခြောက်ပါလိမ့်မယ်”ဟု ကိုကိုကြီးက ပြောသည်။

လူမှုအဖွဲ့အစည်းနှင့် နိုင်ငံသားအခွင့်အရေး လှုံ့ဆော်သည့်အဖွဲ့ (Civil and Political Rights Campaign Group - CPRCG) က ဦးဆောင်ကျင်းပသည့် ယင်းသတင်းစာ ရှင်းလင်းပွဲသို့ ရန်ကုန်၊ ပဲခူး၊ ဇီးကုန်း၊ ပန်းတောင်း၊ လှိုင်းဘွဲ့စသဖြင့် မြို့နယ်ပေါင်း ၂၁ မြို့နယ်မှ မြေယာများ သိမ်းယူခံခဲ့ရသည့် တောင်သူ လယ်သမားပေါင်း ၁၆၉ ဦး တက်ရောက်ခဲ့ကြပြီး မြေယာအဓမ္မ သိမ်းယူခံခဲ့ရပုံများကို ရှင်းလင်းပြောပြကြသည်။

အာဏာသိမ်းစစ်အစိုးရ အုပ်ချုပ်ခဲ့စဉ်ကာလအတွင်း ဒေသ အခြေစိုက် စစ်တပ်နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများက သိမ်းယူခဲ့ကြသည့် လယ်ယာ ဥယျာဉ်ခြံမြေများအား သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် လယ်သမားများက နိုင်ငံတော် သမ္မတနှင့် ဒေသဆိုင်ရာ အာဏာပိုင်များထံ စာပေးပို့ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းတို့ဖြင့် ဆုံးရှုံးခဲ့ရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး ကြိုးပမ်းလာခဲ့ကြသည်။

လယ်သမားတို့၏ ဆန္ဒသဘောထား ထုတ်ဖော်ပြောဆိုမှုများကို ဆူပူမှု၊ မငြိမ်သက်မှုဟု ရှုမြင်ပါက နိုင်ငံ၏ ပကတိအခြေအနေမှန်ကို မျက်ကွယ်ပြုခြင်းသာဖြစ်ကြောင်း ကိုကိုကြီးက ဆိုသည်။

လက်ရှိတွင် ၈၈ မျိုးဆက်ကျောင်သားအဖွဲ့ရုံးခန်းသို့ မြေယာသိမ်းဆည်းမှုပေါင်းများစွာ လာရောက်တိုင်တန်းနေကြပြီး ပညာဗဟုသုတနည်းပါးသူ အောက်ခြေပြည်သူများအပေါ် တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များပူးပေါင်းကာ မတရားလုပ်ဆောင်နေမှုများ မြင်တွေ့ နေရကြောင်း သူက ဆက်ပြောသည်။

အစိုးရအနေဖြင့် နိုင်ငံအနှံ့တွင် ပေါ်ပေါက်နေသည့် လယ်ယာမြေ ပြဿနာများအား တခုချင်းစီ လက်သိပ်ထိုးဖြေရှင်းခြင်းဖြင့် ပြေလည်မည် မဟုတ်ကြောင်းနှင့် မြေယာများ ပြန်ပေးရေး တောင်းဆိုသူ လယ်သမားများကို နှိပ်ကွပ်ခြင်းအားဖြင့် ငြိမ်သက်သွားမည်မဟုတ်ကြောင်း လယ်သမားအရေး လှုပ်ရှားသူ CPRCG အဖွဲ့ခေါင်းဆောင် ကိုရဲထင်ကျော်က ပြောသည်။

“ဒီပြဿနာက တနိုင်ငံလုံး အတိုင်းအတာ ဖြစ်တဲ့အတွက် နိုင်ငံတော်အဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ကနေ မြန်မာ့လယ်ယာမြေပြဿနာကို ဖြေရှင်းမယ့် ခိုင်မာပြီးတရားမျှတမယ့် ပေါ်လစီမျိုးချပြီးတော့ ဖြေရှင်းမှသာလျှင် အကောင်အထည်ပေါ် ပြေလည် နိုင်မယ်လို့ ယူဆတယ်”ဟု သူက ပြောသည်။

ထိုသို့ ဖြေရှင်းနေဆဲကာလတွင် လယ်သမားများ စားဝတ်နေရေးပြေလည်စေရန် လယ်ယာမြေများအား ပြန်လည်လုပ်ကိုင်ခွင့်ပြုသင့်သည်ဟု ကိုရဲထင်ကျော်က ဆိုသည်။

လယ်ယာမြေဆိုင်ရာဥပဒေကို သမ္မတ ဦးသိန်းစိန်အစိုးရက ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ပြဌာန်းလိုက်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ယခုလို မြေယာပြဿနာများ ဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ ဆင်းရဲနွမ်းပါးသည့် တောင်သူငယ်များ၏ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုကို အစိုးရက လုံလောက်စွာ အားပေးကူညီခြင်း မရှိဘဲ ချမ်းသာကြွယ်ဝသည့် တောင်သူကြီးများ၏ အနေအထားအပေါ် မူတည်ကာ ချမှတ်နေသည့် မူဝါဒများကြောင့်ဟု ပြောဆိုနိုင်ကြောင်း စီးပွားရေး ပညာရှင် ဦးဝင်းမျိုးသူက ထောက်ပြ ပြောဆိုသည်။

“လက်ရှိဖြစ်နေတဲ့ မြေယာကိစ္စတွေဟာ ဥပဒေအကြောင်းအရ အားနည်းတာလည်း ပါတယ်။ ဥပဒေကို ကိုင်တွယ်ကျင့်သုံးနေတဲ့လူတွေရဲ့ အားနည်းချက်တွေလည်း ပါတယ်”ဟု သူက ပြောသည်။


ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List