Friday, July 06, 2012

အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်း ကွယ်လွန်

၂၀၁၀ ဇူလိုင်လဆန်းပိုင်းက ပြည်သူ့ခေတ် ဂျာနယ် မိတ်ဆက်ပွဲ အခမ်းအနားတွင် တွေ့ရသော အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်း (ဓာတ်ပုံ – မိုးမခ)
အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်း (အသက် ၈၆ နှစ်) သည် ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ အာရှတော်ဝင် အထူးကု ဆေး ခန်းတွင် ကွယ်လွန်သွားသည်။
“ဗုဒ္ဓဟူးနေ့က ည ၇ နာရီ ၅၀ လောက်က အာရှတော်ဝင် ကြပ်မတ်ဆောင်မှာ ဆုံးသွားပါတယ်၊ ဆရာကြီးက ပရက်ရှာ(သွေးပေါင်) လည်း ကျတယ်၊ ဆီချိုလည်း တက်တယ်၊ အကောင်းကြီးကနေ ထဖြစ်သွားတာပါ၊ သင်္ဂြိုဟ်မယ့် အစီအစဉ်ကတော့ မသတ်မှတ် ရသေးပါဘူး”ဟု ဦးသက်ထွန်း ၏ သားတပည့် တဦးဖြစ်သူ ကိုခန့်ချောမောင် က ပြောပြသည်။

ဦးသက်ထွန်း ၏ ရုပ်ကလာပ်ကို ထိန်ပင် သုသာန်သို့ ပို့ဆောင် ထားကြောင်း၊ ဈာပန အခမ်းအနား အစီအစဉ်ကိုမူ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင်နေထိုင်သည့် သားအကြီးဖြစ်သူ ရောက်ရှိလာမှ စီစဉ်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ပြည်သူ့ခေတ် ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ ဆရာ မောင်ဝံသက“ဆရာဟာ အသက်ကြီးခါမှ စာပေများ ဖိရေးပြီး လူချွန်လူမွန် မျိုးဆက် လက်ဆင့်ကမ်းသွားတယ်လို့ ကျနော် နှမျောတသစွာ ပြောချင် ပါတယ်”ဟု ပြောသည်။
ဆရာ မောင်ဝံသ ထုတ်ဝေနေသော အတွေးအမြင် စာဆောင်တွင် ဦးသက်ထွန်း ၏ အတ္ထုပ္ပတ္တိကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ဖြင့် လက်ရှိ ဖော်ပြနေဆဲဖြစ်ရာ မပြီးဆုံးခင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း၊ ထို အတ္ထုပ္ပတ္တိကို စာအုပ်အဖြစ် ပုံနှိပ် ထုတ်ဝေမည်ဖြစ်ကြောင်းလည်း ဆရာ မောင်ဝံသ က ဆက်လက် ပြောပြသည်။
ဦးသက်ထွန်းသည် သံအမတ်ကြီးအဖြစ်မှ အငြိမ်းစားယူပြီးနောက် စာပေရေးသားခြင်းကို ဇောက်ချလုပ်ကိုင်ခဲ့ရာ အတွေးအမြင် စာစဉ်၊ ပြည်သူ့ခေတ် ဂျာနယ် စသည့် မြန်မာ စာနယ်ဇင်းများတွင် မကွယ်လွန်ခင်အထိ အဆက်မပြတ်ရေးသားခဲ့ သည်။
ထို့အပြင် သံတမန် အတွေ့အကြုံနှင့် ပတ်သက်သော “သံတို့အမြင်(အင်္ဂလိပ်+မြန်မာ)” ၊ “မြန်မာ တဦး၏ ကမ္ဘာ့အမြင်” စသည့် စာအုပ်များ၊ နိုင်ငံရပ်ခြား အတွေ့အကြုံများ၊ သူတို့ အကြောင်း တစေ့တစောင်း၊ ဟာသ ဟင်းလေးအိုး စသည့် စာအုပ်များစွာကို လည်း ရေးသား ထုတ်ဝေခဲ့သည်။
သံအမတ်ကြီး ဦးသက်ထွန်းသည် ၁၉၇၅ မှ ၁၉၇၈ အထိ ပြင်သစ်၊ ဆွစ်ဇာလန် နှင့် စပိန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး၊ ယူနက်စ်ကို ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေး ကော်မတီ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အဖြစ် ပူးတွဲ တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၇၉ မှ ၁၉၈၆ အထိ ပါရီမြို့ ယူနက်စ်ကို ဌာနချုပ်၌ အာရှနှင့် ပစိဖိတ်ဌာနခွဲ ညွှန်ကြားရေးမှူး အဖြစ်လည်း ထမ်းရွက် ခဲ့သည်။
၁၉၅၁ မှ ၁၉၇၅ အထိ အမျိုးသား စီမံကိန်း ၀န်ကြီးဌာန ဗဟို စာရင်းအင်းနှင့် စီးပွားရေး ဌာနခွဲ၌ ညွှန်ကြားရေးမှူးချုပ် အဆင့်အထိ တာဝန် ထမ်းဆောင်စဉ်ကာလ အတွင်း နိုင်ငံတော်က ချီးမြှင့်သော ၀ဏ္ဏကျော်ထင် ဘွဲ့ကိုလည်း ရရှိခဲ့သည်။
ထွန်းဖောင်ဒေးရှင်း ဘဏ်၌ ဒါရိုက်တာ၊ မြန်မာနိုင်ငံ သမိုင်းအဖွဲ့၌ အချိန်ပိုင်းအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင် ဟောင်းများ အသင်း ၏ ဥက္ကဌ အဖြစ် ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့သည်။
ဦးသက်ထွန်း ကွယ်လွန်ချိန်တွင် လန်ဒန်မြို့၌နေထိုင်သော သားကြီး ကိုစိုးမင်းထွန်း နှင့် ရန်ကုန်မြို့ရှိ သားအငယ် ကိုလင်းဝင်းထွန်း တို့ နှစ်ဦး ကျန်ရှိခဲ့သည်။ ဇနီး ဖြစ်သူ ဒေါ်ခင်ခင်အုန်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ကွယ်လွန်ခဲ့သည်။

ဝဏ္ဏကျော်ထင် ဦးသက်ထွန်း ၏ ကိုယ်ရေး မှတ်စု
၁၉၂၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်၍ မြန်မာ၊ ဂျပန်နှင့် အင်္ဂလန် နိုင်ငံတို့၌ ပညာသင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ်မှ B.A.(Rgn) နှင့် B.sc.(Econ)(Hons) ဘွဲ့တို့ကို ရရှိသည်။
၁၉၅၁ မှ ၁၉၇၅ အထိ အမျိုးသား စီမံကိန်း ၀န်ကြီးဌာန ဗဟို စာရင်းအင်းနှင့် စီးပွားရေး ဌာနခွဲ၌ ညွှန်ကြားရေးမှူးချုပ် အဆင့်အထိ ထမ်းရွက် ခဲ့သည်။ ယင်းကာလအတွင်း ကမ္ဘာ့ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF)၊ အာရှ နှင့် အရှေ့ဖျားဒေသဆိုင်ရာ စီးပွားရေး ကော် မရှင် (ECAFE)၊ ကမ္ဘာ့ဘဏ်(IBRD) တို့၌ တနှစ်ခန့်စီ ထမ်းရွက်ခဲ့သည်။
၁၉၇၅ မှ ၁၉၇၈ အထိ ပြင်သစ် နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ထမ်းဆောင်ခဲ့သည်။ ဆွစ်ဇာလန် နိုင်ငံ နှင့် စပိန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ်လည်းကောင်း၊ ယူနက်စ်ကို ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ လက်နက်ဖျက် သိမ်းရေး ကော်မတီ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အဖြစ်လည်းကောင်း ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သည်။
၎င်းနောက် ၁၉၇၉ မှ ၁၉၈၆ အထိ ပါရီမြို့ ယူနက်စ်ကို ဌာနချုပ်၌ အာရှနှင့် ပစိဖိတ်ဌာနခွဲ ညွှန်ကြားရေးမှူး အဖြစ် ထမ်းရွက် ခဲ့ သည်။
ယခုအခါ ထွန်းဖောင်ဒေးရှင်း ဘဏ်၌ ဒါရိုက်တာ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ သမိုင်းအဖွဲ့၌ အချိန်ပိုင်းအဖွဲ့ဝင် အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းများ အသင်း၏ ဥက္ကဌ အဖြစ်လည်းကောင်း၊ ဆောင်ရွက်လျက်ရှိသည်။
၁၉၉၈ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် အမျိုးသားစာပေ(စာပဒေသာ) ဆုရ “ကင်းဝန်ခြေရာ လိုက်၍သာ(In the Footsteps of Kinwin)” ကို ရေးသားခဲ့သည်။
၁၉၉၇ ခုနှစ်တွင် မြန်မာဘာသာဖြင့် “ကမ္ဘာထဲက မြန်မာ”ကို ရေးသားသည်။
၁၉၉၉ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် “သံတို့ အမြင်”ကို လည်းကောင်း၊ ၂၀၀၂ ခုနှစ်တွင်“မျက်မှောက်ခေတ် မြန်မာ” ကို လည်းကောင်း ရေးသား ထုတ်ဝေသည်။
ဟာသ စာပေများအဖြစ် မြန်မာ ဘာသာဖြင့် “အနောက်တိုင်း ဟာသ” ကိုလည်းကောင်း၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့်“သူတို့ အဆို၊ သူတို့ ဟာသ”၊ “အနောက်တိုင်း နှုတ်သီးကောင်း လျှာပါးတို့၏ အဆိုများ”၊ “ဥရောပ လူမျိုးအချင်းချင်း မျက်နှာ အိုးမည်း သုတ်ခြင်း” တို့ကို ထုတ်ဝေခဲ့သည်။
ဘာသာပြန် စာပေအဖြစ် ဦးမြဟန် ၏ “ဗိုလ်ချုပ်အောင်ဆန်း ၏ စာပေ လက်ရာများ”ကို “The Writings of General Aung San” ဟူ၍ အင်္ဂလိပ်ဘာသာ ပြန်ဆို ခဲ့သည်။
သမိုင်းစာပေအဖြစ် Selected Writings of Retired Ambassador U Thet Tun ကို ထုတ်ဝေ ခဲ့သည်။

ဧရာဝတီ(org)

No comments:

Post a Comment

My Blog List