Thursday, July 05, 2012

ကြေညာချက် သို့မဟုတ် အမောများ

တယ်လီဖုန်း သုံးနေသော ရန်ကုန်သားတဦး။
လက်ကိုင်ဖုန်း သုံးနိုင်တယ်ကွ လူမြင်ကွင်းထွက်ပြီး ကြွားလိုက်အုံးမှ ဆိုတဲ့သဘောနဲ့ လမ်းဘေးမှာ ဆက်နေခြင်း မဟုတ်ပါ။ အိမ်ထဲ ဆိုင်ထဲမှာ ဆက်ရင် အသံ ပိုဆိုးလို့၊ မကြည်လို့ အပြင်ထွက် ဆက်ရတာပါ။ (ဓာတ်ပုံ - ဧရာဝတီ)

တစ်ချိန်က လက်ကိုင်ဖုန်းက မဲစနစ်လို့ ဆိုသလို၊ အစိုးရဆိုင်ရာ အရာရှိ၊ အရာခံ ရာထူးအလိုက် အထူး အခွင့် အရေးလို့ပင် ဆိုရမလိုလို၊ အာဏာပိုင် အဖွဲ့အစည်းအတွက် အတိုင်း အတာ တစ်ခုအထိ စားပွဲအောက်က ညှိနှိုင်း လုပ်ကိုင်ခွင့်လေးလို့ပဲ ဆိုရမလိုလို…………….. စသဖြင့် ဆိုရမလိုလိုများ ဖြစ်ခဲ့ပါသည်။

မှတ်မှတ်ရရ ထိုစဉ်က လက်ကိုင်ဖုန်းလေးများသည် ဆက်သွယ်ရေး အတွက် အရေးပါသော ကုန်ပစ္စည်း တစ်ရပ်အဖြစ် မဟုတ်ဘဲ စိန်နားကပ်လို အဆောင်အယောင် တစ် ခု ဖြစ်ခဲ့သည်မှာ အလွန်သေချာပါသည်။ နိုင်ငံတော်က တရားဝင် ငှားရမ်းသည့် ဈေးက ကျပ်ငါးသိန်း ဖြစ်သော်ငြားလည်း ကျပ် သိန်းငါးဆယ် နီးပါး ဈေးပေါက် ရောင်းဝယ်ခဲ့သည်မှာ အမှန်ပင်။ ထိုအချိန်က အစပြုပြီး လက်ကိုင်ဖုန်းများ ပေါက်လျှင် ပြန်ရောင်းပြီး အမြတ်ကလေးရှာ၊ ကိုယ်ပိုင်စာသင်ခန်းလေး ဖွင့်စားတန်ကောင်းရဲ့ဆိုတဲ့ အတွေးနဲ့လျှောက်လိုက်ရတာ အမော။ ခုထိအမည်ပေါက်မရသေးပါ။

ခုတော့ အမည်ပေါက်ရမည့် ဖုန်းက နှစ်သိန်း။ ကိုယ့်လက်ထဲ ကိုင်ထားတဲ့ အမည်မပေါက်ဖုန်းလေးက လေးဆယ့်ငါးသိန်းတန်ဖုန်း။ တိုင်းပြည်က လေးဆယ့်ငါးသိန်းတန်ဖုန်း မချပေးခဲ့ပါ။ သို့ပေမယ့် ဈေးကွက်ထဲမှာတော့ ငါးသိန်းတန်က လေးဆယ့်ငါးသိန်းပေါက်တုန်း ၀ယ်ထားတော့ ကိုယ့်ဖုန်းက ၄၅ သိန်းတန်ဟု ဆိုလျှင် မှားမည်မထင်။

ဒီဖုန်းလေးဝယ်ဖြစ်ပုံက ထိုစဉ်က ကျွန်မက ကိုယ်ပိုင်ကျောင်း ထူထောင်ပြီးခါစ၊ တက္ကသိုလ်လောကက လုပ်ဖော်ကိုင်ဖက်ဆရာ၊ ဆရာမများနဲ့ တွဲ လက် မပျက်သေး။ (ယခုလည်း မပျက်သေးပါ) ထိုထိုသော သူများထဲက တစ်ဦးက ကျွန်မတို့ထက် ရာထူးတစ်ဆင့် မြင့်သူ ဆိုတော့ လက်ကိုင်ဖုန်းရသည်က စပါသည်။ သူ ဖုန်းကျလျှင်ကျခြင်း ကျွန်မ ကျောင်းကို ၀မ်းသာအားရ ဖုန်းဆက်ကာ မမ ဖုန်းပေါက်တယ် အဲဒါ ငါ့ညီမယူလိုက်၊ မမက ဘတ်စ်ကားစီးနေတာ ၊ ဘတ်စ်ကားပေါ် ဖုန်းထမြည်လို့ ရယ်စရာကြီး၊ အဲဒါ နင်ပဲ ယူလိုက်တော့ ….. လို့ဆိုပြီး ကျွန်မ စကားပြန်ကိုပင် လုံးဝ မစောင့်ဘဲ ဖုန်းကို ချသွားသည်။

နောက်နေ့ ကျောင်းကို ရောက်ချလာပြီး လေးဆယ့်ရှစ်သိန်းပေါက်က နင်ယူရင် ၄၅ နဲ့ ပေးမယ်။ ယူစမ်းပါဟာ…… နင်က ကိုင်သင့်နေပြီ။ လူရိုသေ ရှင်ရိုသေ ဆိုတာက ပါသေး။ မမနှယ့် ဖုန်းကိုင်တာများ လူရိုသေ ခံရဦးမှာတဲ့လား ဆိုတော့ ကျွန်မနဲ့ အလုပ်တွဲလုပ်တဲ့ သူက ဆရာမ ကလည်း အဲဒါတွေခက်တာ… ဆရာမကြီးကမှ ခေတ်ကို သဘောပေါက်သေးတယ်တဲ့လေ။ နောက် တော့လည်းသူတို့ကောင်းမှုနဲ့ ၄၅ သိန်းတန်ဖုန်းက လက်ထဲရောက်လာတော့ အရောင်းအ၀ယ် လုပ် သူ လည်း မဟုတ်တော့ တခြားမမများလိုပဲ .. ဘာစားပြီးပြီလဲ၊ အမေ စိတ်ဆိုးနေတာ အိုကေသွား ပြီ လား.. တို့ဘာတို့ပေါ့။ နောက်တော့ လည်း ပိုက်ဆံချေးချင်တဲ့ သူတော်တော်များများ လက်ကိုင်ဖုန်းကို ဆက်လာလေ့ရှိလာကြပါတယ်။

လက်ကိုင်ဖုန်းလေးကို ဆက်လို့မှကိုယ်မကိုင်ရင် ဘယ်သူက ကိုယ့်ဖုန်းကိုကိုင်မှာလဲ ၊ အိမ်ဖုန်းလို မရှိဘူး လို့လည်း ညာမရပါလေ။ သည့်နောက်တော့ ဘယ်သူ အသည်းအသန်ဖြစ်လို့၊ ဘယ်သူကတော့ ဆုံးသွားပြီတို့ ဆိုတဲ့ သတင်းမျိုးတွေ ၀င်လာပါတော့တယ်။

အင်း ... မွေးနေ့ကျပြန်တော့လည်း ဖုန်းတွေက တဂွမ်ဂွမ်နဲ့ ဘာကျွေးမှာလဲပေါ့လေ။ ဒါကတော့ ကျွန်မ ၄၅ သိန်းတန်ဖုန်း ကိုင်လို့ ရလာတဲ့အတွေ့အကြုံပေါ့လေ။

ခုတော့လည်း နှစ်သိန်း ဆိုပါလား။ ဟိုတစ်နေ့က ကြော်ငြာသင်ပုန်းပေးမှာ ကြေညာထားတာက တန်ဖိုးနည်း ဖုန်းကဒ် အမည်ပေါက်ရမည် တဲ့။ တန်ဖိုးနည်းကဒ် …. ဟုတ်ပါ့။ တန်ဖိုးနည်းကဒ်ဆိုတာရှိရင် တန်ဖိုးများကဒ်ဆိုတာလည်း ရှိလို့ပေါ့။ တန်ဖိုးအနည်းအများကွာရင် အသုံးဝင်ပုံအတိုင်းအတာလည်း ကွာရမည် မဟုတ်ပါလား။ ခုတော့ ဒီလိုမဟုတ်ပါ။ အားလုံး မမိတမိ။ မကြားတကြားပါပဲ။ ဒီအတွက် တန်ဖိုးကြီးသမားက ငုတ်တုတ်။ ဂျာနယ်ဖတ်ပေါ့……..။

ဖုန်းတစ်ဖြစ်ကြုံရင်း ကားက စလာပြန်ပါပကော။ ကားလောက ယိမ်းထိုးလာတဲ့ ပေါက်ကွဲသံက မြည်ဟိန်းနေကြဆဲပါ။ တက်စီပေါ် ထိုင်လိုက်တာနဲ့ ကြားလိုက်ရတဲ့အသံက ရွှေငါး။ ရွှေငါး…နဲ့။ ကားနာမည်က မျိုးစုံ။ ဖားပြုပ်၊ ခွေးခေါင်း၊ ဆင်ခေါင်း … ဟော အခုတော့ အာရဖတ်တဲ့။ စက်ရုပ်တဲ့။

တစ်နေ့က တပည့်လေးတစ်ယောက် အိမ်ရောက်လာသည်။ ကျွန်မသမီးကို သူက………….. ကိုကြီးတို့ကတော့ အေးဆေးနော် စက်ရုပ်စီးလာတာ… တက်စီက စက်ရုပ် …….. ဟု ခတ်ရယ်ရယ်ပြောသံကိုကြားလိုက်ရသည်။ တွေးမိသည်က ကားပါမစ်စ တော့ လေးဘီးကားတွေ ဈေးတက်သွားသည်ပဲ။ ဆယ့်ငါးသိန်းက စပြီး ကျွန်မကြားလိုက်သည်မှာ ခုနစ် ဆယ်လောက်ထိ ကျွန်မ တပည့်များပင် ၀ယ်လိုက်သေးသည်မှ ကျွန်မကို အဖော်စပ်လိုက်သေးသည်။ တော်ပါသေးရဲ့ နားမယောင်မိလို့ပေါ့။ ကျွန်မ တပည့်လေးတောင် လေးဘီး ဆင်းဝယ်သည်၊ တက်ဝယ်သည် စသဖြင့်ကြားလိုက်ရသည်။ နောက် မျက်နှာက တစ်ပြုံးပြုံးနဲ့ ဆရာမက ကြောက်နေတာကိုး….. ကျွန်တော်တော့ ခိုင်သွားပြီဟု…။

နောက် သိပ်မကြာလိုက်ပါ။ မျက်နှာက သိပ်မကောင်း ။ ကျွန်တော် နှစ်စီးလောက်ပိုက်မိသွားပြီဟု…………..။

အမွေခွဲလိုက်သော တပည့်လေးက တရုပ်ကားလေး တစ်စီးကို ၁၃၅ သိန်း နှင့် ၀ယ်လိုက်သည်။ အစကတည်းက သူက သူများကားလေးကို အုံနာခပေးပြီး မောင်းသူ...... ။ ခုတော့ ကိုယ်ပိုင်ကားလေးနဲ့မို့ဟန်ကျခါစရှိသေး။ ပါမစ် မလိုတော့ပြန်ဘူး တဲ့။ သူ့အမွေတန်ဖိုးက ထက်ဝက်နီးပါးကျသွားသည်။ ဘာပဲဖြစ်ဖြစ် မရောင်းသရွေ့မရှုံးပါဘူးကွာ ဟုဆိုကာ နှစ်သိမ့်လိုက်ရသော်ငြားလည်း ကိုယ့်ရင်ကတော့ မောသား။

သေချာသည်ကတော့ လေးဘီးပိုင်ကားသမားက ကားလေးကို ၁၅ သိန်း၊ သိန်း၂၀၊ အစိတ် နှင့် ရောင်းခဲ့သည်။ နောက် သူဘာလုပ်မှာပါလိမ့်။ ဒီအတွေးဖြင့် လမ်းထိပ်ကို ထွက်သည်။ ဆိုက်ကားသမားဆီ လျှောက်သွားရင်း …. ချိုတူး ဆိုက်ကားတစ်စီး ဘယ်ဈေးတုံးကွ ဟုမေးလိုက်သည်။ သူ့မျက်နှာက ကြောင်စီစီနှင့်…… ၁၃ သိန်းလောက် ဆရာမ ဟု ရိုရိုသေသေ ဖြေရှာသည်။ လေးဘီးသမားလေး .. ဆိုက်ကားအုံနာဖြစ်ရှာလေသလား။ ဒါမှမဟုတ် သူများ ယာဉ်မောင်းများ ဖြစ်ရှာလေသလား။ ဒါမှမဟုတ် လေးဘီးရောင်းရငွေလေးနဲ့ စပေါ်တင်ပြီး အငှားယာဉ်မောင်းသမားလေးများ ဖြစ်ရှာသလား ….. တွေးရင်းပင် မောလာပါသည်။

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List