Thursday, July 05, 2012

ဟိန္ဒားချောင်း ရေလျှံမှု ဒေသခံများရေဘေးကြုံ



တနင်္သာရီတိုင်း၊ ထားဝယ်မြို့အရှေ့ဘက် မိုင် ၃၀ လောက်အကွာမှာရှိတဲ့ မေတ္တာမြို့နယ်ထဲက ဟိန္ဒားချောင်း ရေလျှံနေတဲ့ အတွက်ကြောင့်ချောင်းအနီးမှာရှိတဲ့ မြောင်းပြိုရွာ အပါအဝင်ချောင်းအနီး တစ်လျှောက် ရွာတွေမှာ ဒီလ ၂ ရက်နေ့ကစပြီး ရေဘေးကြုံနေရပါတယ်။


ရုတ်တရက် တိုးဝင်လာတဲ့ချောင်းရေတွေကြောင့် လူအသေအပျောက် မရှိပေမယ့်ချောင်းအနီးမှာနေထိုင်ကြတဲ့ ရွာခံတွေဟာ အိမ်တွင်းပစ္စည်းတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ရေထဲမျောပါဆုံးရှုံးခဲ့ရပါတယ်။ ဒေသခံများမှာ
ကုန်းမြင့်ပေါ်မှာရှိတဲ့ စာသင် ကျောင်းနဲ့ အခြားအဆောက်အအုံများမှာခိုလှုံနေကြရပါတယ်။



ရေဘေး ဒုက္ခသည်များကိုလည်း သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက ဘေးလွတ်ရာကို ပြောင်းရွှေ့
နေထိုင် ကြဖို့ ညွှန်ကြားရုံမှ တစ်ပါးစားဝတ်နေရေး အကူအညီဘာမှပေးတာမရှိပါဘူး။

ဒေသခံတွေကတော့ ဒီချောင်းဟာ အစဉ်အဆက်နေလာခဲ့တာရေဘေး ဒုက္ခကြုံတွေ့ရခြင်းမရှိပေမယ့် ချောင်းရဲ့ အထက်ဖက်မှာ ၁၉၉၈ ခုနှစ် ကတည်းက စတင်လုပ်ကိုင်နေတဲ့ MPC (မြန်မာပွန်ပီပက်) ဟိန္ဒား ခဲမဖြူ
သတ္ထုတွင်းမြေဇာတွေ ချောင်းထဲ စွန့်ပစ် နေမှုကြောင့် ၂၀၁၀ ခုနှစ်ကနေစပြီး ဟိန္ဒားချောင်း တိမ်ကောလာပြီးနောက် နှစ်စဉ်မိုးကာလ အချိန်များမှာ ရေကြီးမှုနဲ့ ကြုံနေရတယ်လို့ဆိုကြပါတယ်။

အခုရေကြီးမှုနဲ့ ကြုံနေရတဲ့ ရွာတွေကိုလည်း MPC ကုမ္ပဏီက အစိုးရအဖွဲ့တွေလိုပဲ ဘာအကူအညီမှ မပေးပါဘူး။ ကုမ္ပဏီမန်နေဂျာ ဦးဂင်စွမ် ကရေတက်တဲ့ အချိန်ဘေးလွတ်ရာမှာရှောင်နေကြပြီး၊ ရေကျချိန်မှ အိမ်ပြန်လာဖို့
ရေဘေး ဒုက္ခသည်တွေကို လာရောက် ပြောဆိုခဲ့ပါတယ်။


MPC သတ္ထုတွင်းက စွန့်ပစ်မြေဇာတွေနဲ့ အညစ်အကြေးရေတွေကို ပိတ်ထားတဲ့ တာတမံကလည်း ရေတိုက်စား တာကြောင့် ကျိုးပျက်သွားခဲ့ပြီး ချောင်းရေနဲ့အတူစိုက်ခင်းတွေနဲ့ ရွာတွေထဲကို စီးဝင်လာပြီး နှုံးတွေ ဖုံးလွှမ်းကုန်တဲ့ အတွက် စိုက်ခင်တွေပျက်စီးခဲ့သလိုရွာထဲမှာလည်း နှုံးတွေပို့ကုန်ပါတယ်။


ဒီလိုသတ္ထုတွင်းက စွန့်ပစ်မြေများကို စည်းကမ်းမဲ့ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံတွေရဲ့စီးပွားရေးလုပ်ငန်းနဲ့ ကျန်းမာရေး အတွက် စိုးရိမ်စရာအချက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက တားမြစ်ပြောဆိုတာတွေ မပြုလုပ်ကြတဲ့အတွက် ဒေသခံတွေအတွက်စိုးရိမ်စရာဖြစ်နေပါတယ်။

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List