Thursday, February 21, 2013

နိုင်ငံခြားသား ခရီးသွားဧည့်များ အတွက် လုံခြုံရေး အားနည်းနေ


ခရီးသွားဧည့်သည် အများဆုံး ဖြစ်သော ပုဂံဒေသတွင် နိုင်ငံခြားသားများ၏ ငွေ၊ ပစ္စည်းများ လုယက်မှု ဖြစ်ပွားလာ နေသော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၏ တာဝန်ယူ ဖြေရှင်းပေးမှု အားနည်းနေသေးကြောင်း သိရသည်။

နိုင်ငံခြားသား ခရီးသွားများ၏ ပစ္စည်းများကို လုယက်မှု ဖြစ်ပွားလာခြင်းသည် နိုင်ငံ့ဂုဏ်သိက္ခာနှင့် စီးပွားရေးကို ထိခိုက်စေနိုင် သဖြင့် ရဲတပ်ဖွဲ့များက ထိရောက်စွာ အရေးရေးယူရန်နှင့် မပေါ့ဆသင့်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ များက ဆိုသည်။“အခုတလော နိုင်ငံခြားသား ခရီးသွားတွေကို လုယက်မှုတွေ၊ လိမ်ညာမှုတွေ များလာတယ်။ အဲဒါကို ကာကွယ်ဖို့၊ မပေါ့ဆဖို့ တော့လိုမယ်။ ဒီလို လုယက်တာတွေ လုပ်ဖို့လွယ်မယ်၊ အရေး မယူဘူးဆိုရင် လုယက်သူတွေ များလာ နိုင်တယ်” ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ၁ ဦးတင်ထွန်းအောင်က ဧရာဝတီသို့ ပြောသည်။ပုဂံဟိုတယ်ဇုန်တွင် နိုင်ငံခြား ခရီးသွားများ အတွက် သီးသန့် ရဲတပ်ဖွဲ့များ ခန့်ထားကြောင်း၊ ယင်းတို့ကို “ကူညီပါရစေ” ဟူသော ဆိုင်းဘုတ်အရ လိုအပ်သည်များကို ဖုန်းဆက် မေးမြန်းသည့်အခါ စိတ်ရှည်လက်ရှည် ဖော်ရွေစွာ ဖြေကြား ပေးသင့်ကြောင်း၊ အများပြည်သူ ခရီးသွားများ၏ ယုံကြည်မှု ရရှိစေရန် ဖော်ဆောင် သင့်ကြောင်း၊ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု မထိခိုက်စေရန်နှင့် ပိုမို ၀င်ရောက်လာစေရန် အဘက်ဘက်မှ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်သင့်ကြောင်း ဦးတင်ထွန်းအောင်က ဆက်ပြောသည်။ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပုဂံနှင့် ညောင်ဦးအကြား လမ်းမဟောင်းတွင် အင်္ဂလိပ် အမျိုးသမီးနှစ်ဦးကို အသက် ၂၀ အရွယ် မြန်မာအမျိုးသား နှစ်ဦးက လုယက်ခဲ့ပြီး ငွေနှင့် တယ်လီဖုန်းများ ယူဆောင်သွားခဲ့ကြောင်း၊ အလားတူ ဖေဖော်ဝါရီ ၁၄ ရက် နေ့တွင်လည်း အလိုတော်ပြည့် ဘုရားအနီးတွင် တရုတ် ကမ္ဘာလှည့် ခရီးသည် အမျိုးသမီးအား လုယက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ခရီးသွားများအား ဆိုင်ကယ်ဖြင့် လုယက်မှု ရှိနေသော်လည်း ရဲများ ဖော်ထုတ်ပေး နိုင်ခြင်း မရှိကြောင်း ဧည့်လမ်းညွှန်များက ဆိုသည်။“ပုဂံဒေသ တခုတည်း မဟုတ်ဘူး။ တခြား ဒေသတွေမှာလည်း ဖြစ်တယ်။ ဒါပေမယ့် ပုဂံမှာက နိုင်ငံခြားသား သွားလည်တာ ပိုများတယ်လေ။ အဲဒါကြောင့် ပုဂံမှာ လုယက်မှုတွေ များလာတယ်။ ဒါပေမယ့် တရားခံတော့ တခါမှ ဖမ်းမမိဘူး” ဟု ဂျပန် ဘာသာ ဧည့်လမ်းညွန် အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။ပုဂံဒေသသည် နိုင်ငံခြားသား ခရီးသွားများ၏ စိတ်ဝင်စားသည့်နေရာ ဖြစ်သည့်အလျောက် ခရီးသွား လာရောက်သူ များပြား ကြောင်း၊ သို့ရာတွင် ပုဂံတွင် တချို့နေရာများ၌ လမ်းမီး မရှိခြင်းကြောင့် လုယက်သူများကို အားပေးသကဲ့သို့ ဖြစ်နေကြောင်း၊ ထို့ကြောင့် လမ်းမီးတိုင်များ လင်းနေစေရန် ထွန်းပေးထားသင့်ပြီး ညပိုင်းတွင်လည်း လုံခြုံရေးရဲများက ပိုမို တာဝန်ယူ သင့်ကြောင်း ဧည့်လမ်းညွှန်များက ဆိုသည်။“အများဆုံး ဖြစ်တာက မှောင်ရိပ်ခိုပြီး ခရီးသွားတွေကို လုယက်မှုတွေပါ။ ပြီးတော့ အဲဒီ ခရီးသွားတွေက ဧည့်လမ်းညွှန် မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် သွားကြတာ။ ပြီးတော့ ရဲနဲ့ နိုင်ငံခြားသား ခရီးသွားတွေ ဘာသာစကား နားလည်မှု မရှိကြတာလည်း ပါတယ်” ဟု အင်္ဂလိပ် ဘာသာ ဧည့်လမ်းညွှန် တဦးဖြစ်သည့် ဦးမျိုးမင်းဇော်က ဧရာဝတီသို့ ပြောသည်။မြန်မာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားများ ပိုမို များပြားလာသော်လည်း ခရီးသွား များ၏ လုံခြုံရေးအစီအစဉ် တိုးမြှင့် ဆောင်ရွက်ခြင်း မရှိသေးကြောင်း၊ လုယက်မှု များလာသည့်အတွက် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ခရီးသွားဧည့်လမ်းညွှန်များက ပြောသည်။၂၀၁၁ ခုနှစ်တွင်လည်း ယင်းဒေသတွင် ဆိုင်ကယ် တက္ကစီ သမားတဦးက ဂျပန် ကမ္ဘာလှည့် ခရီးသည် တဦးကို မတရားကျင့် ပြီး သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့သည်။နိုင်ငံခြားသားများ လုယက်ခံရမှု များနှင့်ပတ်သတ်ပြီး သက်ဆိုင်ရာ ရဲစခန်းသို့ ဧရာဝတီသတင်းဌာနမှ ဆက်သွယ် မေးမြန်းရာ ရဲစခန်းမှ ဖြေကြားခြင်းမရှိပေ။မြန်မာ တပြည်လုံးတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၁ သိန်းကျော်ရှိပြီး ရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းဆောင်ရွက်မှု မရှိပါက ရဲဌာနချုပ်သို့ တရားဝင် တိုင်ကြားနိုင်ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက် အရ သိရသည်။နိုင်ငံခြားသား ဧည့်ဝင်ရောက်မှုမှာ ၂၀၁၁ ခုနစ်တွင် ၄၁၀၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၂ ခုနစ်ကုန်ပိုင်းတွင် ၆၀၀၀၀၀ ကျော်ခန့် ရှိကြောင်း လက်ရှိတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက် တခုတည်း မှ ပြည်ပ ဧည့် ၀င်ရောက် နှုန်းမှာ တနေ့ လျှင် ဦးရေ ၁၀၀၀ နှင့် ၁၅၀၀ ခန့် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။ဧရာဝတီ

No comments:

Post a Comment

My Blog List