Friday, February 22, 2013

ဧရာဝတီ ရွှေကျင်းများကြောင့် ကျေးရွာပျက်စီးမည်ကို ဒေသခံများ စိုးရိမ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ၁၄ မိုင်အကွာရှိ မြစ်ဆုံအောက် ဧရာဝတီမြစ်  အာလာမ်
ကျေးရွာ မြစ်ကမ်းပါးတွင် ရွှေကျင်စက်ကြီးများဖြင့် နေ့ညမရွေး ရွှေတူးဖော်မှုကြောင့် ကမ်ပါးများ ပြိုကျကာ ရွာပျက်စီးသွားမှာကို ဒေသခံများက စိုးရိမ်နေကြသည်။
“အိပ်မရတဲ့ ညပေါင်း မနည်းတော့ဘူး။ ခေါင်းရင်းနားလောက်မှာ ရွှေတူးစက် မြည်သံ နှိပ်စက်တာက တကြောင်း၊ ဘိန်းစားတွေ ဘယ်အချိန် လာခိုးမလဲလို့ ကြောက်နေရတယ်။ ဒီလိုသာ ရွှေဆက်တူးဖော်နေမယ် ဆိုရင်တော့ ဒီနှစ်မိုးတွင်းမှာတော့ ငါတို့ရွာ ရေလွှမ်းတော့မှာဘဲလို့ အမြဲကြောက်နေရတယ်”ဟု အလာမ်ကျေးရွာသား ကိုဒွဲဒွဲ က ဆိုသည်။

အလာမ်ကျေးရွာ ပတ်လည်တွင် ရွှေတူးဖော်စက်များ စုစုပေါင်း ရွှေဆိုင်း ၃၀ ခန့် ရှိပြီး မြစ်ကြီးနားမှ မြစ်ဆုံအထိ ဧရာဝတီမြစ်ရိုးတလျှောက် ရွှေဆိုင်းပေါင်း ၁၀၀ ကျော် ရှိသည်ဟု ဆိုသည်။ ထိုသို့ ရွှေကျင်မှုကြောင့် ဧရာဝတီမြစ် ပျက်စီးသည်သာမက လူမှုရေးပြသနာများနှင့် ရွှေဆိုင်းများ ရွှေစုရာတွင် အသုံးပြုသော ပြဒါးများ၏ အန္တရာယ် များကြောင့် မြစ်ရေကို အသုံးပြုရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
“ကျမတို့ ရွာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက သူခိုးဆိုတာ လုံးဝမရှိဘူး။ အခုတော့ ဒီရွှေမှော်ကြောင့် ကျမတို့ရွာမှာ လူစုံရောက်ပြီး သူခိုးတွေ၊ ဘိန်းစားတွေ၊ ဖခင်မပေါ်တဲ့ ကလေးတွေ၊ အိမ်ထောင် ဖောက်ပြန်တဲ့ မိန်းမတွေလည်း ပိုများလာတယ်။ ပြီးတော့ အခုလို မြစ်ကမ်းဘေးမှာ စည်းကမ်းမဲ့ စက်ကြီး၊ စက်ငယ်တွေက အန္တရာယ်ရှိလှတဲ့ပြဒါသား သုံးပြီး ရွှေကျင်နေတာကလည်း အခုအတွက်ရော၊ အနာဂတ်အတွက်ပါ တကယ်ကို စိုးရိမ်တယ်။ မြစ်ရေကိုတောင် မသုံးရဲ၊ မသောက်ရဲတော့ ဘူး”ဟု ဒေသခံ အမျိုးသမီး တဦးက ဆိုသည်။ ထိုကဲ့သို့ ရွှေကျင်နိုင်ရန် အလာမ်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ရွှေဆိုင်း တဆိုင်းလျှင် ကျပ် ၅ သိန်း၊ ကျေးရွာဖွံ့ဖြိုးရေး ရံပုံငွေ အတွက် ရွှေဆိုင်း တဆိုင်းလျှင် ကျပ် ၃ သိန်း၊ စုစုပေါင်း ကျပ် ၈ သိန်း ပေးရပြီး ရဲသားများနှင့် သစ်တောအရာရှိများကိုလည်း လာရောက်တောင်းခံတိုင်း ငွေပေးရကြောင်း ရွှေဆိုင်း ပိုင်ရှင်တဦးက ပြောပြသည်။

No comments:

Post a Comment

My Blog List