Friday, February 22, 2013

နွေအတွက် လျှပ်စစ်မီးလိုအပ်ချက် မဂ္ဂါဝပ် ၅၀၀ ကျော်ရှိဟု ဝန်ကြီးပြော

ပြီးခဲ့သည့်နှစ် မေလတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဖယောင်းတိုင်မီးဖြင့် ဆန္ဒပြသူများ

လာမည့် နွေရာသီတွင် နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၂၀၆၀ မဂ္ဂါဝပ်အထိ ရှိမည် ဖြစ်သော်လည်း လက်ရှိ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်မှုမှာ မေလအထိ ၁၅၅၀ မဂ္ဂါဝပ်ခန့်သာရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး က ပြောလိုက် သည်။
၁၉ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုသွားခြင်း ဖြစ်သည်။

လတ်တလော နွေရာသီ အဝင် ကာလတွင်ပင် ရန်ကုန်မြို့လယ်ရှိ မြို့နယ်တချို့တွင် လျှပ်စစ်မီး ပုံမှန် ရရှိသော်လည်း မြို့စွန်ပိုင်းရှိ မြို့နယ် အများစု၌ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်လျှက်ရှိကြောင်း၊ လျှပ်စစ်မီး ဖြတ်တောက်မည်ကို ပြည်သူများထံ ကြိုတင် အသိပေးထားခြင်း မရှိသောကြောင့် အခက်အခဲ များနှင့် ကြုံနေရကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
“မီးဖြတ်မယ့် အချိန်ကို ကြိုမပြောဘဲ ဖြတ်ချင်သလို ဖြတ်နေတော့ ကျနော်တို့လို တပိုင်တနိုင် စီးပွားရေး လုပ်ငန်း လုပ်သူတွေ ဒုက္ခရောက်ရတယ်။ တကယ်လို့သာ ဘယ်အချိန်တွေ မီးဖြတ်မယ် ဆိုတာ သိရရင် ကိုယ်က ကြိုတင် ပြင်ထားလို့ ရတယ်လေ” ဟု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ရှိ ကွန်ပျူတာ စာစီစာရိုက် လုပ်ငန်း လုပ်ကိုင်သူတဦးက ဆိုသည်။
လျှပ်စစ်မီး ပြတ်တောက်ခြင်းကို ရန်ကုန်မြို့စွန်နှင့် မြို့နယ်အများစုရှိ လျှပ်စစ် ဓာတ်အားပေးရေး ရုံးများမှ တာဝန်ရှိသူများက ဓာတ်အား မလုံလောက်သောကြောင့် မီးဖြတ်တောက်ရခြင်း သာ ဖြစ်သည် ဟု ပြောကြပြီး သန်လျင်မြို့နယ်ရှိ လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ကမူ သန်လျင်မြို့နယ်အတွင်း ဒီဂျစ်တယ် မီတာများ ပြောင်းလဲ တပ်ဆင်နေခြင်းကြောင့် ယခုကဲ့သို့ မီးပြတ်ရခြင်း ဖြစ်သည်ဟု ဧရာဝတီ ကို ပြောသည်။
“ဒီဂျစ်တယ် မီတာ ပြောင်းတပ်နေလို့ မီးပြတ်တယ်လို့ ပြောတဲ့ အချိန်က တနေကုန်ပြတ်တာ။ အခုလည်း ဒီဂျစ်တယ်မီတာ တပ်နေလို့ ပြတ်တယ် ပြောပြန်ပြီ၊ ဒါပေမယ့် အခုက ညပိုင်းတွေ ပိုဖြတ်တာ များတယ်။ မီးက အခုလို ပြတ်ချင်တဲ့ အချိန်ပြတ်နေတော့ အိမ်ရှင်မတွေ အတွက်လည်း ဒုက္ခရောက်ရတယ်။ မီးပြတ်မယ့် အချိန်ကို ကြိုမသိတော့ ရေတင်လျက် တန်းလန်းတို့၊ ထမင်း၊ ဟင်း ချက်ရင် တန်းလန်း တို့ ဖြစ်ကုန်ရော” ဟု သန်လျင်မြို့နယ်တွင် နေထိုင်သူ အမျိုးသမီး တဦးက ဆိုသည်။
ထို့အပြင် နိုင်ငံပိုင် စက်ရုံများ၊ တပ်မတော် စက်ရုံများ၊ စက်မှု လုပ်ငန်းများကို ညနေ ၅ နာရီမှ ည ၁၁ နာရီ အထိ မီးဖြတ်မည်ဟု ကြေညာ ထားသော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ဘဲ နေခင်း မီးပေးရမည့် အချိန်များ၊ မနက်ခင်း များတွင်လည်း မီးပြတ်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
“မီးက ပြတ်ချင် တဲ့အချိန် ပြတ်နေတဲ့အတွက် မီးစက်တွေ သုံးရတယ်။ ဒီတော့ မလိုအပ်တဲ့ အပိုကုန်ကျငွေက ထွက်လာရော။ ဒါ့အပြင် မီးပြတ်တဲ့ အချိန်မှာ လုပ်လက်စ အလုပ်တွေက ဂျမ်းဖြစ် ကုန်တာပေါ့” ဟု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် စက်မှုဇုန် (၃) တွင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်းရှင် ဦးတင်အောင်လှိုင်က ဆိုသည်။
လျှပ်စစ်မီး ပြတ်တောက်ရခြင်းသည် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများကြောင့် ဖြစ်ကြောင်း သက်ဆိုင် ရာ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။
လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ရေအားလျှပ်စစ်အတွက် ရေများကို စုဆောင်းနေရကာ အတတ်နိုင်ဆုံး ညဥ့်နက်ပိုင်း များတွင်သာ အများဆုံး မီးဖြတ်နေရခြင်းဖြစ်ကြောင်း သာကေတမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။
“မီးပြတ်တာက ဓာတ်အားခွဲ ရုံကနေ ဓာတ်အားမနိုင်လို့ ဖြစ်တာပါ။ ဒီအတွက် ပြည်သူတွေကို အတိအကျ အကြောင်းကြား ထားတာတော့ မရှိဘူး။ ကျနော်တို့ သိတာက အထက်က မီးဖြတ်ဖို့ အမိန့်ပေး ရင် ဖြတ်မယ်၊ စက်တွေပျက်ရင် ပြင်မယ်၊ လိုအပ်တာတွေကို လုပ်ပေးမယ်ဆိုတာပဲ သိပါတယ်” ဟု တာမွေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။
လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ယခုလတ်တလော ကာလတွင် မီးဖြတ်တောက်မှု များ ပြုလုပ်နေ ရသော်လည်း နွေရာသီအတွက် မီးစက်များ၊ ဂတ်စ်တာဘိုင်များဖြင့် လျှပ်စစ်မီး လုံလောက်စွာ ရရှိနိုင်စေရန် မိမိတို့ အနေဖြင့် ကြိုးစား ဆောင်ရွက်နေကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတဦးက ဆက်လက်ပြောသည်။
ဓာတ်အား မလုံလောက်မှုကြောင့် လျှပ်စစ်မီး ပြတ်တောက်ခြင်း များသည် ယခုအချိန်က တည်းက ဖြစ်နေ လျက် ရှိသောကြောင့် လာမည့် နွေရာသီ ကာလများတွင် ယခုကဲ့သို့ အခြေအနေ ဆိုးသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့ရမည်ကို ပြည်သူအများစုက စိုးရိမ် နေကြသည်။
နွေရာသီတွင် လျှပ်စစ်မီး ဖြတ်တောက်မှု လျှော့ချနိုင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် စီစဉ်ဆောင်ရွက် ထားကြောင်း၊ ထို့အပြင် ဖေဖဝါရီလ အထိ အချိန်ပြည့် လျှပ်စစ်မီး ပေးနိုင်ရန် ဆောင်ရွက်ထားကြောင်း၊ ရဲရွာ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံနှင့် ပေါင်းလောင်း ဓာတ်အားပေး စက်ရုံတို့ကို လည်း နွေရာသီ တွင် ရေမပြတ်စေရန် ရေကို ထိန်း၍ ဆောင်ရွက်နေကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး၏ ပြောကြားချက်အရ သိရသည်။

No comments:

Post a Comment

My Blog List