Tuesday, October 08, 2019

Wisdom Hill မူကြိုကျောင်းမှ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ကို ဒေါ်စုဒါလီအောင်က နိုင်လွတ်လုံဖြင့် ပြန်လည် အမှုဖွင့်မည် Wisdom Hill မူကြိုကျောင်းမှ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ကို ဒေါ်စုဒါလီအောင်က နိုင်လွတ်လုံဖြင့် ပြန်လည် အမှုဖွင့်မည်

Wisdom Hill မူကြိုကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ကို တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က နိုင်လွတ်လုံ ဥပဒေဖြင့် ပြန်လည်တရားစွဲဆို အမှုဖွင့်မည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ ဒေါ်စုဒါလီအောင်ကို ကျောင်းကြီးကြပ်ရေးမှူးက ကလေးသူငယ်ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားပြီး အောက်တိုဘာ ၇ ရက်က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် ပါဝါတင်ပြီးဖြစ်ကြောင်း၊ နောက်ထပ် ရုံးချိန်းကို အောက်တိုဘာ ၂၁ ရက်က ပြုလုပ်မည်ဖြစ်ကာ ဒေါ်ဥမ္မာလှိုင်ကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
"ဒေါ်စုဒါလီအောင်ကို ပထမဆုံးရဲစခန်းမှာ အမှုဖွင့်ခံရတာ နိုင်ငံသားများရဲ့ လွတ်လပ်ခွင့်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံရေးဥပဒေအရ အမှုဖွင့်ခံရပြီးတော့မှ ဥပဒေရုံးအကြံပေးချက်အရ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရပြောင်းသွားတာ အဲ့တော့နိုင်လွတ်လုံတရားစွဲလို့ဆိုရင် ဖမ်းခံရမှာ အဲ့လို တိုင်ချက်ဖွင့်ခံရခြင်းသည် ဒေါ်စုဒါလီအောင်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုကို ထိခိုက်သွားပြီ အဲ့အချက်ကိုလည်း ကျွန်တော်တို့အရေးယူဆောင်ရွက်မယ် ဥပဒေကြောင်းအရလည်း ဖြေရှင်းမယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရေဆုံး ရေဖျား ဥပဒေကြောင်းအရ အကုန်ဆက်သွားမယ်။"ဟု ဒေါ်စုဒါလီအောင်၏ ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
ယင်းသို့တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က သားများအတွက် အမှန်တရားများကို တရားရုံးမှတဆင့်ချပြသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တရားရုံးသို့ ရောက်ရှိနေသော အမှုဖြစ်သောကြောင့် မပြောလိုသေးကြောင်း ဒေါ်ဥမ္မာလှိုင်က ပြောသည်။
“ကျွန်တော်တို့က ရှေ့နေအလုပ်ကို ရှေ့နေလုပ်တာဗျ။ ကျွန်တော်တို့ရဲ့ဟာက တရားခံရဲ့အခွင့်အရေးကို ကာကွယ်တယ်။ ဒေါ်စုဒါလီအောင်လည်း အဲ့လိုလုပ်တာပဲ၊ သူ့အလုပ်ကို သူလုပ်တာပဲ။ သူ့အလုပ်ကို သူလုပ်တဲ့ နေရာမှာ ဒီလို တရားစွဲခံရတာပါ။ ဒါပဲ ကျွန်တော်ပြောချင်ပါတယ်။ နိုင်ငံသားအခွင့်အရေးဆိုတာ အကုန်လုံး အခွင့်အရေးရှိပါတယ်။ ဗစ်တိုးရီးယားလေးမှာလည်း နိုင်ငံသားအခွင့်အရေးရှိပါတယ်။ အဲ့ဒီတော့ ဗစ်တိုးရီးယားလေးရဲ့ အခွင့်အရေးကို ဖော်ထုတ်ကာကွယ်ရင်းကနေဖြစ်တဲ့ ကိစ္စဖြစ်ပါတယ်။” ဟု ဒေါ်စုဒါလီအောင်ကို ရှေ့နေလိုက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
ဗစ်တိုးရီးယားအမှုသည် နေပြည်တော်၊ သပြေကုန်းရပ်ကွက်ရှိ Wisdom Hill မူကြိုကျောင်းတွင် ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်၌ ကလေးငယ်ဗစ်တိုးရီးယားကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
“ဆရာဦးသိန်းသန်းဦးကတော့ အဲ့လိုပြောတယ်။ ဒါပေမဲ့ ကျွန်မနဲ့ကတော့ အသေးစိတ်မတိုင်ပင်ရသေးဘူး။ ကျွန်မဆရာတွေနဲ့ ပြန်တိုင်ပင်ရဦးမှာ တိုင်ပင်ပြီးမှပြောလို့ရမှာပါ။”ဟု တရားစွဲခံထားရသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောသည်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏခရိုင်တရားရုံးတွင် စစ်ဆေးနေသည်မှာ Wisdom Hill မူကြိုကျောင်း၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် ကလေးငယ်ဗစ်တိုးရီးယားအမှု ၇ ကြိမ်မြောက်ရုံးချိန်းအထိရှိပြီ ဖြစ်သည်။
တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို ကလေးသူငယ်ဥပဒေဆိုင်ရာ ပုဒ်မ ၁၀၁(က)၊ (၂) တို့ဖြင့် ဒေါ်ဥမ္မာလှိုင်က စက်တင်ဘာလ ၂၅ ရက်က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း၊ ထိုနေ့တွင် ပုဗ္ဗသီရိမြို့နယ်တရားရုံးက ဒေါ်စုဒါလီအောင်ကို ကျပ်သိန်းတစ်ရာဖြင့် အာမခံပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List