Tuesday, October 08, 2019

သားနှစ်ယောက်အတွက် အမှန်တရား တရားရုံးတွင် အကုန်ချပြသွားမည်


Image may contain: 3 people, outdoor
ဗစ်တိုးရီးယားအမှုတွင် သံသယတရားခံ အောင်ကြီးအနေဖြင့် ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ တရားရုံးက အဖြေ ထုတ်လိမ့်မည်ဟု Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်း ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ပြော ကြားသည်။

အောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင်ကို တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ အောက်တိုဘာ ၇ ရက်က ပုဗ္ဗသီရိမြို့နယ်တရားရုံးသို့ လာရောက်သည့် ၎င်းက မီဒီယာများ၏မေးမြန်းမှုအပေါ် ယင်းကဲ့သို့ ဖြေကြား ခဲ့ခြင်းဖြစ်သည်။

'အမှန်တရားဖြစ်ရမှာပါ။ သူကျူးလွန်လား၊ မကျူးလွန်လား၊ ဒါတွေက တရားရုံးက အကုန်လုံး အဖြေ ထုတ်မှာချည်းပဲလေ'ဟု ဒေါ်ဥမ္မာလှိုင်က ပြောဆိုသည်။

ထို့ပြင် သားနှစ်ယောက်အတွက် အမှန်တရား ကိုလည်း တရားရုံးတွင် အကုန်ချပြသွားမည်ဖြစ်သော ကြောင့် တရားရုံး၏ အဖြေကိုသာ စောင့်ကြည့်ကြရန် ၎င်းက ပြောဆိုသည်။

'တရားရုံးရောက်ရင် အကုန်ချပြမှာပါ။ ဒီဟာက တရားရုံးရောက်ရင် လိုအပ်တဲ့ဟာမှန်သမျှ သိနေရတာ။ တရားရုံးက အဖြေကိုပဲ စောင့်ကြည့်ပါ'ဟု ဒေါ်ဥမ္မာလှိုင်က ပြောဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်၍ ၎င်းအနေဖြင့် သတင်းမီဒီယာ များအား တရားစွဲဆိုမည်ဆိုသည့်သတင်းများသည် မဟုတ်မှန်ဘဲ ကောလာဟလသာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဒေါ်စုဒါလီအောင်အပေါ် စွဲဆိုထားသည့် အမှု ရုံးချိန်းကို လာမည့်အောက်တိုဘာ ၂၁ ရက်သို့ ချိန်းဆို ထားပြီး ပထမဆုံးအနေဖြင့် တရားလိုဖြစ်သည့် ဒေါ်ဥမ္မာလှိုင်ကိုစတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်ဥမ္မာလှိုင်အနေဖြင့် ဗစ်တိုးရီးယားအမှု၏ တရားခွင်ထွက်ဆိုချက်များအား မီဒီယာများကို ပြန်လည်ဖြေကြားရာတွင် သားနှစ်ဦး၏ ဂုဏ်သိက္ခာ ကို ထိခိုက်စေခြင်းကြောင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ - မင်းမင်းထွန်း
The Standard Time Daily











No comments:

Post a Comment

My Blog List