Thursday, August 08, 2013

ရွှေတူးသူများအပေါ် သတ္တုတွင်းဝန်ကြီးဌာန၏ ကြိုတင်ရွှေသွင်းခိုင်းမှုမှာ ဆက်ကြေးကောက်သကဲ့သို့ ဖြစ်နေပြီး အစိုးရကို လုပ်ငန်းရှင်မှ လိမ်လည်ခိုင်းသလို ဖြစ်နေဟု လွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်း ပြောကြား

ရွှေတူးဖော်သူ လုပ်ငန်းရှင်များအပေါ် သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်အရ နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေများကို ရွှေမတူးရသေးမီ အချိန်၌ပင် ကြိုတင်ပေးသွင်းခိုင်းသည့် စနစ်မှာ ဆက်ကြေးကောက်သကဲ့သို့ ဖြစ်နေသည်ဟု သြဂုတ် ၆ ရက်ကကျင်းပ သည့် ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်းက ပြောကြားခဲ့သည်။
ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်ပါ စည်းကမ်းချက်များတွင်လည်း ၀န်ကြီးဌာန အနေဖြင့် လုပ်ငန်းရှင်များ လိုက်နာနိုင်မှု ရှိမရှိ ဆန်းစစ်မှုမရှိဘဲ ၀န်ကြီးဌာနမှ အထက်စီးရယူ ချုပ်ဆိုထားခြင်း ဖြစ် သည်ဟုလည်း ပြောကြားခဲ့သည်။ရွှေမထွက်မီ၊ ရွှေတူးပင်မတူးရသေးမီ ရွှေကြိုတင်ပေးသွင်းရန် သတ်မှတ် ထားသည့် အချက်များ၊ ရွှေမည်မျှ ထွက်မည်မသိဘဲ ပုတ်ပြတ်ဖြင့် တစ်ဧက မည်မျှပေးသွင်းရမည်ဟု သတ်မှတ်ထားချက်များကဲ့သို့ လုပ်ငန်းရှင် လိုက်နာရန်ခက်ခဲသည့် စည်းကမ်းများသည်လည်း ကိုယ့်အစိုးရကို ကိုယ်တိုင်ပြန်၍ မလိမ်လိမ်အောင် တွန်းအားပေးသကဲ့သို့ ဖြစ်နေသည်ဟု ထောက်ပြခဲ့ သည်။

ရှမ်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနေ၀င်းထွန်းက အကြီးစားနှင့် အသေးစား ရွှေထုတ်လုပ်မှု နှစ်မျိုးစလုံးတွင် နိုင်ငံတော်က ငွေကြေးအရင်းအနှီး လုံးဝ ထည့်ဝင်ခြင်း မရှိဘဲ လုပ်ငန်းရှင်ကသာ မြေငှားခ၊ သစ်တောအတွင်း ကျရောက်လျှင် သစ်တော အား ပေးရသည့် နှစ်စဉ်ကြေးများ ပေးရကြောင်း၊ အကြီးစားများ အနေဖြင့် ဓာတ်သတ္တုခွန် ငါးရာခိုင်နှုန်းနှင့် အရင်းငွေကြေးမစိုက်သည့် သတ္တုတွင်း ၀န်ကြီးဌာနသို့ ၄၀ မှ ၅၀ ရာခိုင်နှုန်း၊ အသေးစားများ အနေဖြင့် ဓာတ်သတ္တုခွန် ငါးရာခိုင်နှုန်းနှင့် နိုင်ငံတော်အချိုး ၃၀ ရာခိုင်နှုန်းကို လုပ်ငန်းရှင်က တစ်ဖက်သတ် ကျခံနေရကြောင်း ပြောကြားသည်။
အသေးစား ရွှေထုတ်လုပ်သူများဆိုလျှင် အခွန်အပါအ၀င် နိုင်ငံတော်သို့ ပေးသွင်းရမည့် ၃၅ ရာခိုင်နှုန်း အတွက် ကျသင့်ရွှေပမာဏကို လုပ်ကွက်အတွင်း မ၀င်ရသေးမီ အချိန်၌ပင် ကြိုတင်ပေးသွင်း ရကြောင်း၊ ရွှေမတွေ့ ရွှေမထွက်ခင် အချိန်ကပင် ပေးသွင်းရန် သတ်မှတ်ထားမှုမှာ ဆက်ကြေးကောက်သ ကဲ့သို့ ဖြစ်နေကြောင်း ထောက်ပြသွားသည်။
ယခုရွှေကြွေးပေးသွင်းရန်ကျန်သည့် ပြဿနာများ ဖြစ်ပေါ်ရခြင်းမှာ သတ္တုတွင်း ၀န်ကြီးဌာန၏ တစ်ဖက် သတ် အသာစီးရယူ ချုပ်ဆိုထားသည့် စာချုပ်များကြောင့်လည်းကောင်း၊ ၀န်ကြီးဌာန အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်၍ ယခင်အစိုးရ လက်ထက်ကတည်းက ဒဏ်ကြေးပေးဆောင် ပြီးပြတ်ခဲ့မှု အား ပြန်လည်၍ နောက်တစ်ကြိမ် တောင်းခံသည့် လုပ်ရပ်များကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် လုပ်ငန်းရှင်များမှ ပေးသွင်းရန် ကျန်သည့်ကြွေးကျန် ရွှေကြမ်းပမာဏမှာ ကျပ်သား ၆၀၀၀ ကျော်အထိ ရှိကြောင်း၊ ငွေကြေးအရင်းအနှီး မထည့်ဘဲ လုပ်ငန်းရှင်များမှ တစ်ဖက်သတ် ထည့်ဝင်ပေးနေရသည့် စာချုပ်များအရ လုပ်ငန်းရှင်များဘက်မှ လိုက်နာနိုင်ခြင်း မရှိသည့်အတွက် အစိုးရသစ်လက်ထက် ပထမဆုံး ဘဏ္ဍာနှစ်အတွင်း ရွှေလုပ်ကွက် အကြီးစားတစ်ကွက်နှင့် အသေးစား ၁၃၆၅ ကွက်ရှိရာမှ ၅၈၇ ကွက်အထိ မလုပ်ဘဲ ပြန်လည်အပ်နှံ ခဲ့သည်အထိ ရှိသည်ဟု သိရသည်။

No comments:

Post a Comment

My Blog List