Tuesday, August 06, 2013

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အတွင်းရှိ ရပ်ကွက်အချို့ နှစ်လဆက်တိုက် အိမ်ခြံမြေ အဝယ်လိုက်နေ

Tuesday, August 06, 2013
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ဆိတ်ငြိမ်ရပ်ကွက် အဖြစ် တည်ရှိနေသည့် ရပ်ကွက်ကြီး အချို့တွင် နှစ်လဆက်တိုက် အိမ်ခြံမြေ အဝယ်လိုက်နေပြီး ဈေးနှုန်းလည်း မြင့်တက်လာခဲ့ကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မှ ဝါရင့် အိမ်ခြံမြေ အကျိုးဆောင်များ က ပြောကြား ခဲ့သည်။
အဓိကအားဖြင့် ဒဂုံမြို့သစ် (မြောက် ပိုင်း) မြို့နယ်ရှိ ဆိတ်ငြိမ်ရပ်ကွက်ကြီးများ ဖြစ်သည့် (၃၄၊ ၃၅၊ ၃၆) ရပ်ကွက်များတွင် မြေကွက်နှင့် လုံးချင်းအိမ်ရာများမှာ နှစ်လဆက်တိုက် အဝယ်လိုက်ခဲ့ပြီး ခေါ်ဈေးဖြင့်ပင် ဝယ်ယူမှုများ ရှိခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် နှစ်လ ခန့်က ခေါ်ဈေး ငွေကျပ် သိန်း တစ်ထောင်ဝန်းကျင် လုံးချင်းအိမ်များသည် ငွေကျပ် သိန်း သုံးထောင်အထိ မြင့်တက်ခဲ့ပြီး ယင်း ဈေးဖြင့်ပင် အရောင်း အဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။ ''မြောက်ဒဂုံက (၃၄၊ ၃၅၊ ၃၆) ရပ်ကွက်တွေက ဒုတိယ ဝင်ဒါမီယာလို့ ပြောကုန်ကြပြီလေ။ သိတဲ့အတိုင်းပဲ ရွှေတောင်ကြားတို့၊ ဘိုးစိန် လမ်းတို့ အင်းလျားမြိုင်လမ်းတို့ ဆိုတာက အခုနိုင်ငံခြားသားတွေ အတွက် သီးသန့်ရပ်ကွက်လို ဖြစ်နေပြီ။ မြောက်ဒဂုံက သွားရေး လာရေး ကောင်းလာတဲ့ အတွက် မြို့လယ်ကောင်ကနေ အိမ်ရောင်းပြီး မြို့နယ်တွေကို ပြောင်းလိုသူတွေက ဒီဘက်ကို ရွေးချယ်မှု များလာတဲ့အတွက် ဒီနှစ်လထဲမှာ အရောင်းအဝယ် တက်လာပြီးတော့ ဈေးနှုန်းလည်း မြင့်လာခဲ့တယ်'' ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ အိမ်ခြံမြေ ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းသို့ စက်သုံးဆီ အရောင်းဆိုင် များ၊ ဈေးဝယ် စင်တာကြီးများနှင့် အိမ်ရာစီမံကိန်းများ ရောက်ရှိလာခြင်း၊ တချို့ကုမ္ပဏီကြီးများ ပြောင်းရွှေ့လာကာ ရုံးချုပ်များ ဖွင့်လှစ် လာခြင်းနှင့်လည်း သက်ဆိုင်မှု ရှိကြောင်း မြို့ခံတစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

မြ၀တီ

No comments:

Post a Comment

My Blog List