Wednesday, August 07, 2013

ခြောက်လအတွင်း ပြည်သူ့နစ်နာမှုပေါင်း ၃၄၀ ကျော် တိုင်ကြား

Wednesday, August 07, 2013
ပြည်သူ့နစ်နာမှုများ တိုင်ကြားနိုင်သည့် ဖုန်းများကို ပြည်ထဲရေးဝန်ကြီးဌာန တွင် အစိုးရက တပ်ဆင်ပေးထားရာ ထိုဖုန်းများသို့ ဆက်သွယ်တိုင်ကြားမှု သည် စတင်လုပ်ဆောင်သည်မှ ယနေ့အထိ ခြောက်လတာ ကာလအတွင်း အမှုပေါင်း ၃၄၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒု-ရဲမှူး ကျော်မင်းသူ က မဇ္ဈိမကိုပြောသည်။
ထိုတိုင်ကြားမှုများတွင် ရဲများ၏လုပ်ဆောင်မှုများကို မကျေနပ်သဖြင့် တိုင်ကြားမှုများလည်း ပါဝင်ကြောင်း တိုင်ကြားချက် လက်ခံဆောင်ရွက်ပေးသည့်ဌာနတွင် တာဝန်ထမ်းဆောင်နေသူလည်းဖြစ် သည့် အဆိုပါ ဒု-ရဲမှူး ကျော်မင်းသူက ဆက်ပြောသည်။

“ချဲထီ၊ နှစ်လုံးထီတို့ အနှိပ်ခန်း၊ မာဆတ်တွေ လုပ်ကိုင်နေတာစတဲ့ မှုခင်းနဲ့ ဆက်စပ်တဲ့ တိုင်ကြားချက်တွေလည်း ပါပါတယ်” ဟု လည်း ၎င်းက ဆိုသည်။
တိုင်ကြားမှုစုစုပေါင်း ၃၄၁ မှုရှိသည့် အနက် ၂၄၁ မှုကို စိစစ်ဆောင် ရွက်ပြီးစီးသွားပြီဖြစ်ပြီး အမှု ၁၀၀ မှာမူ ဆောင်ရွက်ဆဲ ဖြစ်သည်ဟုလည်း သူကဆိုသည်။
တိုင်တန်းလာသဖြင့် စိစစ်ခဲ့သည့်အမှု ၂၄၀ ကျော်တွင် ၉၆ မှုမှာ မှန်ကန်စွာ တိုင်တန်းလာခြင်းဖြစ်သဖြင့် အရေးယူမည့် ဌာနသို့ လွှဲပြောင်းပေးပြီး ဆက်လက် ဆောင်ရွက်ခဲ့သည်ဟုလည်း ၎င်းဒု-ရဲမှူးက ရှင်းပြသည်။
အမှုတစ်ခု ဖုန်းဆက်တိုင်တန်းလာလျှင် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းတို့ရှိ ရဲတပ်ဖွဲ့ မှူးရုံးများသို့ အမှု နှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ရန် ညွှန်ကြားပြီး ဆောင်ရွက်မှု အခြေအနေကိုလည်း ရက်သတ္တတစ် ပတ်အတွင်း ပြန်လည်တင်ပြရသည်ဟု ဆိုသည်။
“ပြည်သူကို ငေါက်ငမ်းမိလို့ မြို့နယ်ရဲမှူးတစ်ဦးကိုလည်း သတိပေး အရေးယူထားမှုလည်း ရှိပါတယ်” ဟု ဒု-ရဲမှူးက ပြောသည်။
ခြောက်လအတွင်း တိုင်တန်းလာသည့် အမှုများအနက် အမှု ၉၀ ကျော်မှာ မမှန်ကန်ကြောင်းလည်း တွေ့ရှိ ရသည်ဟု ဒု-ရဲမှူး ကျော်မင်းသူက မဇ္ဈိမကို ပြောသည်။
ထိုကိစ္စများနှင့် ပတ်သက်၍ “မမှန်မကန် တိုင်ကြားမှုဆိုတာက တိုင်ကြားခံရသူက နှစ်လုံးထီ ရောင်းချင် ရောင်းမယ်၊ မရောင်းချင် မရောင်းဘူး၊ ဒါပေမဲ့ တိုင်လို့ သွားစစ်ဆေးရင် သက်သေခံ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရလို့ပါ။ နောက်ပြီး အမှုသည်တွေက သူတို့အမှုကို ဆောင်ရွက်ပေးခြင်းမရှိလို့ တရားရုံး မရောက်ဘူးလို့ တိုင်တယ်။ သွားစစ်လိုက်တော့ ရဲက သူ့လုပ်ငန်းစဉ် မပြီးသေးလို့ တရားရုံး မတင်ရသေးတာကို တွေ့ရှိရတယ်” ဟု အခြေအနေကို ဆက်ရှင်းပြသည်။
ထို့ပြင် လမ်းပျက်ခြင်း၊ လမ်းမီးတိုင်ပျက်ခြင်း၊ မီးပွိုင့်ပျက်နေခြင်း စသော ပြစ်မှုနှင့်မဆိုင်သည့် တိုင်ကြားမှုများ ရှိလာလျှင်လည်း မှတ်တမ်းတင်ပြီး ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။
မိမိ၏ နစ်နာချက်များကို တိုင်တန်းလိုသည့် ပြည်သူများသည့် ဖုန်း- ၀၆၇ ၄၁၂၂၂၂ နှင့် ၀၆၇ ၄၁၂၄၄၄ တို့ကို ဆက်သွယ်နိုင်ပြီး ထိုဖုန်းတွင် တာဝန်ခံအရာ ရှိ ဒု-ရဲမှူးဦးစီးသော အဖွဲ့နှစ်ဖွဲ့ကို တာဝန်ပေးထားရာ အရာရှိများ ကိုယ်တိုင် တိုင်ကြားချက်များ၊စုံစမ်းမေးမြန်းမှုများ၊ ရဲလုပ်ငန်းစဉ်နှင့် ဥပေဒေရေးရာ အကြံဉဏ် တောင်းခံမှုများကို အသေးစိတ်ရှင်းပြ ကူညီလျက်ရှိသည်ဟုလည်း သြဂုတ် ၆ ရက်က နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
အခြားတစ်ဖက်တွင်မူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အရေးပေါ် ဖုန်းနံပါတ်ဖြစ်သော ၁၉၉ ကို ဆက်သွယ်လျှင် ဖုန်းမအားခြင်း၊ ကိုင်မည့်သူ မရှိခြင်း၊ မချေမငံ ပြန်လည်ပြောဆိုမှုများရှိနေသည်ဟု ပြည်သူများအကြား ဝေဖန်မှု များ ရှိနေပြီး ထိုအရေးနှင့်ပတ်သက်၍ အစိုးရ၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့ထံ ပြည်သူများက မေးမြန်းထားသည်ကိုလည်း သြဂုတ် ၆ ရက်တွင် ပြန်ကြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
သို့သော် ထိုကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ ၀န်ဆောင်မှုလုပ်ငန်း စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ကမည်သို့ ဆောင်ရွက်နေသည်ကိုမူ တိကျသေချာစွာ ဖြေရှင်းထားသည်ကိုမူ မတွေ့ရပေ။

Mizzima News

No comments:

Post a Comment

My Blog List