Thursday, August 08, 2013

လယ် ၁၀ ဧကအထက် ပိုင်ဆိုင်သော တောင်သူများသည် ငွေရှင်၊ ကြေးရှင်၊ လယ်ရှင်ကြီးများဖြစ်၍ ဘဏ်များတွင် လယ်ပေါင်ကာ ငွေချေးနိုင်သည့်အတွက် လယ်ရှင်ကြီးများကို စိုက်စရိတ် ထုတ်မချေးဟု လယ်/ဆည် ဒုဝန်ကြီးပြောကြား

ယခင်က ပြည်ထောင်စုဝန်ကြီးမှ တောင်သူများအား ထမင်းတစ်နပ် လျှော့စားကာ အကြွေးဆပ်ရန် ပြောကြားခဲ့ပြီးနောက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်ကလည်း လယ်မြေ ၁၀ ဧကအထက် ပိုင်ဆိုင်သော တောင်သူများသည် ငွေရှင်၊ ကြေးရှင်၊ လယ်ရှင်ကြီးများဖြစ်ပြီး ဘဏ်များတွင် လယ်ပေါင်ကာ ချေးငွေရယူနိုင်သည့်အတွက် လယ်ရှင်ကြီးများကို စိုက်ပျိုးစရိတ် ထုတ်ချေးရန် အစီအစဉ် မရှိကြောင်း ထပ်မံပြောကြားသွားခဲ့သည်။
Z-8-8


သြဂုတ် ၇ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တောင်ဥက္ကလာပမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက သုံးခွမြို့နယ်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ဘဏ်မှ စိုက်ပျိုးစရိတ်များ ထုတ်ချေးခြင်းနှင့် ပတ်သက်သည့် မေးခွန်းများ မေးမြန်းခဲ့ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က ပြန်လည်ဖြေကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။
ဦးအောင်သိန်းလင်းက ထိုသို့မေးခွန်း မေးမြန်းရသည့်အပေါ် ပြန်လည်ပြောကြားရာတွင် တောင်သူများအား စိုက်စရိတ် ထုတ်ချေးရာတွင် ၁၀ ဧကအထိကိုသာ သတ်မှတ်ထုတ်ချေးသည့်အတွက် ၁၀ ဧကအထက် ပိုင်ဆိုင်သည့် တောင်သူများမှာ ချေးငွေအပြည့် ရရှိရန် မိမိပိုင်ဆိုင်သည့် လယ်ယာမြေ ဧရိယာများကို နာမည်အမျိုးမျိုး ခွဲဝေကာ ထုတ်ချေးနေရကြောင်း၊ ထိုသို့ နာမည်ခွဲဝေ ထုတ်ချေးမှုကြောင့် ကုန်ကျစရိတ်များ ရှိလာခြင်းနှင့် နောင်တွင် လယ်ယာမြေပိုင်ဆိုင်မှုအတွက် အငြင်းပွားဖွယ် ပြဿနာများ ရှိလာနိုင်ကြောင်း၊ ထို့အတွက် ၁၀ ဧကအထက် ပိုင်ဆိုင်သည့် တောင်သူများကိုလည်း ဧကရှိသည့်အလိုက် စိုက်စရိတ် ထုတ်ချေးရန် ရှိမရှိ မေးမြန်းခြင်း ဖြစ်သည်။
"ဥပမာ ၁၅ ဧက ပိုင်တဲ့သူက တစ်ဧကတစ်သိန်းနှုန်းကို ၁၀ ဧကအထိပဲ ထုတ်ချေးအတွက် ၁၀ ဧကဖိုးပဲ ချေးခွင့်ရတယ်။ ကျန်တဲ့ ငါးဧက စိုက်စရိတ် မရတော့ဘူး။ ဒီတော့ တောင်သူကလည်း ၁၀ ဧကကို နာမည်တစ်ခု နောက်ထပ်ငါးဧကကို နာမည်တစ်ခုခွဲပြီး ချေးရတယ်။ သားသမီးအမည်နဲ့ ခွဲတာက နောက်ပိုင်းမှာ ပိုင်ဆိုင်မှုအတွက် ပြဿနာ မရှိပေမယ့် ညီအစ်ကိုမောင်နှမချင်း အမည်နဲ့ ခွဲတာပဲဖြစ်ဖြစ်၊ တခြားအမည်နဲ့ ခွဲထားတာတွေပဲဖြစ်ဖြစ် ဒါတွေက တစ်ချိန်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားစရာတွေ ဖြစ်လာနိုင်တယ်။ တောင်သူကလည်း တကယ်လိုနေတဲ့အတွက် ထုတ်ချေးပေးဖို့ ရှိမရှိ မေးရတာပါ" ဟု ဦးအောင်သိန်းလင်းက ပြောကြားသည်။
အဆိုပါ မေးမြန်းချက်အပေါ် ဒုတိယ၀န်ကြီး ဦးခင်ဇော်က ပြန်လည်ဖြေကြားရာတွင် "လယ်ယာမြေ ၁၀ ဧကအထက် ပိုင်ဆိုင်သော ငွေရှင်၊ ကြေးရှင်၊ လယ်ရှင်ကြီးများ အနေဖြင့် ယခင်ချေးငွေ တစ်ဧက ကျပ် ၂၀၀၀၀ နှုန်း ချေးစဉ်က ငွေပမာဏ နည်းသည့်အတွက် ချေးငွေထုတ်ချေးရန် စိတ်ဝင်စားမှု မရှိခဲ့ကြပါဘူး။ ယခု စပါးသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်း ထုတ်ချေးနေပြီဖြစ်ပါ၍ လယ်ပိုင်လယ်ရှင်ကြီးများ အနေဖြင့် ၎င်းတို့၏ ငွေကြေးလှည့်ပတ် သုံးစွဲရန် လိုအပ်ချက်ကို ဇနီးသားသမီးများ၏ အမည်ဖြင့် လယ်အမည်ပေါက်ခွဲခြင်း၊ လူဦးရေစာရင်းခွဲခြင်း စသည့်နည်းလမ်းမျိုးစုံဖြင့် ချေးငွေရရှိရေးအတွက် လယ်ယာမြေ ပိုင်ဆိုင်မှုများကို ခွဲဝေဆောင်ရွက်ကြခြင်း ဖြစ်နိုင်ပါတယ်။ လုပ်ကွက်ကြီးသည့် လယ်ရှင်ကြီးများ အနေဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ရရှိပါက တခြားအစိုးရ အသိအမှတ်ပြု ဘဏ်များတွင်လည်း လယ်ယာမြေဥပဒေအရ ပေါင်နှံခြင်းအားဖြင့် ချေးငွေများကို ရရှိနိုင်မည် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လယ်ယာမြေ ၁၀ ဧကအထက် ပိုင်ဆိုင်ကြသူ လယ်ရှင်ကြီးများကို စိုက်ပျိုးစရိတ် ထုတ်ချေးရန် အစီအစဉ် မရှိပါကြောင်း" ဟု ပြောကြားသွားသည်။
လက်တွေ့တောင်သူများ ဘ၀တွင် နာမည်တစ်ခုတည်းနှင့် ၁၀ ဧကနှင့်အထက် ဧက ၂၀၊ ၃၀၊ ၄၀ စသည်ဖြင့် ပိုင်ဆိုင်သည့် တောင်သူများသည် အမည်မခွဲဘဲ ထုတ်ချေးပါက ၁၀ ဧကအထိသာ ထုတ်ချေးသည့်အတွက် ဧကမည်မျှ ရှိသည်ဖြစ်စေ ငွေကျပ် ၁၀ သိန်းသာရပြီး ကျန်ဧကများ အားလုံးကို မိမိအစီအစဉ်ဖြင့်သာ ငွေတိုးနှုန်းမြင့်မားစွာဖြင့် လည်းကောင်း၊ လယ်ရှုံးသည့် နှစ်များတွင် ကျွဲနွားများပင် ချရောင်း၍ စိုက်စရိတ်ကို ဖြေရှင်းနေရသည့် တောင်သူများ များပြားလျက် ရှိသည်။
ယခင် တစ်ဧက ကျပ် ၂၀၀၀၀ ထုတ်ချေးစဉ်က တောင်သူများ စိတ်မ၀င်စားရသည့် အကြောင်းရင်းမှာ ထိုစဉ်က တစ်ဧက ကျပ်တစ်သိန်းနှင့် စိုက်စရိတ် ကုန်ကျနေသည့် အချိန်တွင် ကျပ် ၂၀၀၀၀ နှုန်းသာ မလောက်မငှ ထုတ်ချေးခြင်းဖြစ်ရာ မဖြစ်မနေ ပြင်ပတွင် အတိုးဖြင့် ရှာဖွေရဦးမည်သာ ဖြစ်သည့်အတွက်လည်း စိတ်မ၀င်စားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ယခုနှစ် မိုးစပါးစိုက်ရာသီတွင်မူ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အချို့ရှိ တောင်သူများမှာလည်း မိုးခေါင်လွန်းသည့်ဒဏ်ကို ခံစားနေရပြီး မိုးကောင်းသောက်အရပ်ရှိ တောင်သူအချို့သည်လည်း ရေကြီးနစ်မြုပ်သည့်ဒဏ်ကို ခံနေရ၍ ရာသီကြောင့် ဆုံးရှုံးမှုများကို ခံစားနေရချိန် ဖြစ်သည်။
တောင်သူများ ရင်ဆိုင်နေရသည့် လက်တွေ့ဘ၀တွင် ၁၀ ဧကအထက် ပိုင်ဆိုင်သည့် တောင်သူများမှာ ငွေရှင်၊ ကြေးရှင်၊ လယ်ရှင်ကြီးများ မဟုတ်ဘဲ စိုက်စရိတ် သံသရာထဲတွင် လုံးလည်လိုက်နေသည့် ဘ၀များသာဖြစ်၍ ဒုတိယ၀န်ကြီး၏ ပြောကြားချက်မှာ လက်တွေ့နှင့် ကိုက်ညီမှု လုံးဝမရှိဟုလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့က ထောက်ပြခဲ့ကြသည်။
၎င်းအပြင် လွှတ်တော်ကိုယ်စားလှယ်များက ၁၀ ဧကအထက် ပိုင်ဆိုင်သော တောင်သူများကို ငွေရှင်ကြေးရှင်ဟု သတ်မှတ်လျှင် ဧကရာထောင်ချီ ရယူလုပ်ကိုင်နေသူများအား မည်သို့သတ်မှတ်မည်နည်းဟု လည်းကောင်း၊ ငွေရှင်ကြေးရှင် ဆိုပါက မည်သူမျှ လာထုတ်ချေးနေမည် မဟုတ်ကြောင်းလည်း သုံးသပ်ပြောကြား ကြသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ယခင်က ဆက်စပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် မြင့်ဇေယျာအမည်ရှိ ကုမ္ပဏီသည် လက်ရှိအချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နှင့် ဒဂုံအရှေ့ မြို့နယ်များအတွင်းရှိ ဧကရာချီသော လယ်မြေများကို အကျိုးတူ လယ်ယာခေါင်းစဉ်ဖြင့် ရယူလုပ်ကိုင်နေဆဲ ဖြစ်သည်။

လယ်/ဆည် ဒုဝန်ကြီး ဖြေကြားချက်အပေါ် တက်ရောက်လာသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက်များ
"၁၀ ဧကအထက်ပိုင်တဲ့ တောင်သူတွေဟာ ငွေရှင်ကြေးရှင်တွေဆိုတာ မဟုတ်ပါဘူး။ လက်တွေ့တောင်သူတွေ လည်ပတ်နေရတဲ့ ပုံစံနဲ့ ၀န်ကြီးဌာနက သတ်မှတ်ထားချက်က မကိုက်ညီပါဘူး"
ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ ပြောကြားချက်

"အရင် ဖဆပလခေတ်က အသုံးအနှုန်းလို မျိုးတွေက အခုခေတ်မှာ မရှိသင့်တော့ပါဘူး။ လယ် ၁၀ ဧကလေး ဆိုတာတောင်မှ တစ်ဦးတည်းပိုင်တာ မဟုတ်တော့ပါဘူး။ အဖေရော၊ သားရော၊ သမီးရော၊ နောက်မြေးတွေ အထိတောင် ပိုင်နေကြပါပြီ။ အဲလို ကုတ်ကတ်လုပ်ပြီး ရွှံ့တောထဲကတောင် မတက်နိုင်တာ။ ဘယ်လိုမှ ငွေရှင်ကြေးရှင် မပြောနဲ့။ လက်ထဲမှာ ဘယ်နှပြား ရှိနိုင်သလဲတောင် စဉ်းစားရမယ်။
ငွေချေးတဲ့ ကိစ္စတောင် ဒုက္ခရောက်နေရလို့ တင်ပြတာဗျာ။ လက်ရှိအခြေအနေမှာ အဲဒီအသုံးအနှုန်းတွေက ခေတ်နဲ့မလျော်ညီတော့တာတွေ ဖြစ်သွားပြီ။ နောက်တစ်ခုက လယ်သမားတွေရဲ့ ဘ၀မြှင့်တင်ဖို့ နိုင်ငံတော် သမ္မတကြီးက ကြိုးစားနေတဲ့ အချိန်မှာ ဘ၀မြှင့်တင်နိုင်မယ့်စကား၊ ဘ၀မြှင့်တင်နိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ လိုပါတယ်။ လယ်သမားက နဂိုကမှ လယ်လေး ၁၀ ဧက၊ ၁၅ ဧက ရှိလည်း ဘာလုပ်လို့ရသလဲ။ အခုရှုံးနေတယ်။ မိုးကြီးလိုက်လို့ ရှုံးသွားပြန်ပြီ။ အခု အထက်ပိုင်းမှာ မိုးခေါင်နေပြန်ပြီ။ ပြီးတော့ ထွက်လာတဲ့ စပါးလေးကလည်း စပါးပေါ်လာတဲ့ အချိန်မှာ ဈေးကကျတယ်။ အဲလိုကြားထဲမှာ ရပ်တည်နေရတဲ့ လယ်သမားတွေဟာ ဘယ်လိုမှ ငွေရှင်ကြေးရှင် မဖြစ်နိုင်ဘူး။ ငွေရှင်ကြေးရှင်လို့သာ ပြောနေမယ်ဆိုရင် လယ်သမားတွေဟာ ဆင်းရဲတွင်းထဲက တစ်သက်လုံး ထွက်လို့ရမှာ မဟုတ်တော့ဘူး။ သူတို့ကို ချမ်းသာတယ်လို့များ နိုင်ငံတော်က သတ်မှတ်လိုက်ရင်တော့ အဲဒါဟာ ဇောက်ထိုးဖြစ်သွားမယ့် အနေအထား ဖြစ်သွားမယ်။ ဆင်းရဲသားကို ချမ်းသာတယ်လို့ပြောရင် နာမည်သာ ချမ်းသာပြီး လူကတကယ့်တကယ် ဆင်းရဲရင် အကူအညီတောင် မရတော့ဘဲ ဒုက္ခရောက်သွားနိုင်တယ်။
တကယ်တော့ တာဝန်ရှိတဲ့သူတွေက အမှတ်တမဲ့ ပြောလိုက်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ခံစားရတဲ့ သူတွေဘက်က တစ်နင့်တစ်ပိုး ခံစားလိုက်ရတာမျိုး ဖြစ်တဲ့အတွက် ဆင်ခြင်ဖို့ လိုပါတယ်"
ဦးခိုင်မောင်ရည် (အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

"၁၀ ဧကအထက်ပိုင်တဲ့ လယ်သမားတွေကို ငွေရှင်ကြေးရှင်လို့ သုံးမယ်ဆိုရင်တော့ ဧကရာချီပိုင်တဲ့ သူတွေကတော့ ခရိုနီတွေ ဖြစ်သွားမှာပေါ့"
ဦးဝင်းမြင့် (ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

"ငွေရှင်ကြေးရှင် ဖြစ်မှတော့ဗျာ။ ဘယ်သူက လယ်စိုက်စားတော့မှာလဲ။ ပိုက်ဆံရှိမှတော့ ဘယ်သူက ဒီလောက်ပင်ပန်းတဲ့အလုပ် လုပ်စားတော့မှာလဲ။ တကယ့်ငွေရှင် ကြေးရှင်ဆိုတာက ဟိုတိုင်းနဲ့ ပြည်နယ်မှာ ဧကဘယ်လောက်။ တခြားတိုင်းနဲ့ ပြည်နယ်မှာ ဧကဘယ်လောက်။ အဲလို ဧကထောင်သောင်းချီပြီး အုံနဲ့သင်းနဲ့ လုပ်တဲ့သူတွေက ပိုက်ဆံရှိပြီးသားလေ။ ၁၀ ဧကအထက် ရှိတဲ့သူတွေက အဲဒီရွာမှာပဲနေပြီး ငွေရှင်ကြေးရှင်ဆိုတာ ဘယ်လိုပုံစံ တိုင်းမှာပဲ။
ဒီလိုမျိုးမပြောသင့်ပါဘူး။ အောက်ခြေကိုဆင်းပြီး တကယ်လည်း လေ့လာကြည့်ပါဦး။ စိုက်ပျိုးရေးဆိုတာ ရာသီဥတုနဲ့ လုပ်ရတာ။ မိုးခေါင်၊ ရေကြီးရင် ရှုံးမှာပဲ။ ၁၀ ဧကအထက် ရှိတဲ့သူက ရှုံးရင် ပိုတောင်များသေးတယ်။ အဲလို လူမျိုးတွေကိုတော့ ငွေရှင်ကြေးရှင်လို့ သတ်မှတ်ဖို့ မသင့်ပါဘူး။
လယ်သမားဆိုတာ ရာသီဥတုနဲ့ လုပ်စားရတာဗျာ။ နှစ်တိုင်းမြတ်မယ်လို့ ဘယ်သူက ပြောလဲ။ ရှုံးတဲ့နှစ်တွေလည်း အများကြီး။ စပါးဈေး မကောင်းလို့ ဒုက္ခရောက်တာလည်း အများကြီး။
ပိုလျှံတယ်ဆိုရင် အစိုးရဆီက ဘယ်ပိုက်ဆံ ချေးတော့မလဲဗျ။ ပိုက်ဆံရှိမှတော့ ဘယ်သူများကို အတိုးပေးချေး မလဲဗျ။  အခုလို ပြောတာကလည်း လောသွားလို့လည်း ဖြစ်မှာပါ။ လေးလေးစားစား လာဖြေတာကိုလည်း ကျေးဇူးတင်ရမှာပါ"
ဦးအောင်သိန်းလင်း  (တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

No comments:

Post a Comment

My Blog List