Monday, August 05, 2013

အရေးပေါ် လူနာတင်ယာဉ် ဖုန်းနံပါတ်များ ခေါ်ရလွယ်သည့် နံပါတ် ပြောင်းမည်ဟုဆို

Monday, August 05, 2013
မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ တောင်းဆိုချက်အရ အရေးပေါ် လူနာတင်ယာဉ်ကို ဆက်သွယ် ခေါ်ယူနိုင်မည့် ဖုန်း နံပါတ်များ၏ ဂဏန်း အရေအတွက်ကို ခေါ်ရလွယ်သည့် နံပါတ် သုံးလုံး သို့မဟုတ် လေးလုံး ထိ လျှော့ချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသောင်းတင် က ပြောကြားသည်။
အသက် အန္တရာယ်နှင့် ကြုံတွေ့ချိန်တွင် အရေးပေါ် လူနာတင်ယာဉ်ကို ဆက်သွယ် ခေါ်ယူရမည့် ဖုန်းနံပါတ် ဂဏန်း အရေအတွက် များပြားနေ၍ အလွယ်တကူ သိရှိ ခေါ်ယူရန် ခက်ခဲခြင်းကြောင့် ဂဏန်း အရေအတွက် လျှော့ချရန် မြန်မာနိုင်ငံ ဆရာဝန် အသင်းက တောင်းဆို ထားကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားသည်။ လက်ရှိ မြန်မာနိုင်ငံ ဆေးရုံ၊ ဆေးခန်းနှင့် အသင်းအဖွဲ့ အသီးသီးတွင် အသုံးပြုနေသည့် အရေးပေါ် လူနာတင် ယာဉ်များအတွက် ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ ဂဏန်း ခြောက်လုံးအထိ သတ်မှတ်ထားခြင်း ဖြစ်သည်။
“ဒီနေ့ပဲ ရန်ကုန်က အင်ဂျင်နီယာချုပ်ကို ဆရာဝန် အသင်းကို လွှတ်ထားပါ တယ်။ နည်းပညာပိုင်း ဆိုင်ရာတွေ ဖြေရှင်းပြီးရင် ဂဏန်း သုံးလုံး သို့မဟုတ် လေးလုံး ဖြစ်မှာပါ” ဟု ဦးသောင်းတင်က ဆိုသည်။
ဇူလိုင်လ ၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း မြန်မာနိုင်ငံ ဆရာဝန်များအသင်းသို့ လာရောက်စဉ် အရေးပေါ် လူနာတင်ယာဉ်အတွက် Hotline နံပါတ် နှစ်ခု ပေးမည်ဟု ပြောကြား ခဲ့ကြောင်း မြန်မာနိုင်ငံ ဆရာဝန်များအသင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မြင့်သောင်းက ပြောကြားသည်။
“ဆက်သွယ်ရေး အင်ဂျင်နီယာချုပ်က နံပါတ်ပေးမယ် ဆိုတာပဲ ပြောသွား တယ်။ အသေးစိတ်တော့ ဘာမှ မသိရသေးပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံ ဆရာဝန် အသင်းတွင် လက်ရှိ အရေးပေါ် လူနာတင်ယာဉ် ငါးစီး ရှိနေပြီး အခြား ပုဂ္ဂလိက ဆေးရုံနှင့် လူမှု ကူညီရေး အသင်းများတွင် အရေးပေါ် လူနာတင်ယာဉ်များ များစွာ ရှိနေသော်လည်း ယင်းတို့ထံ ဆက်သွယ်ရန်မှာ ဖုန်းနံပါတ်များသည် သီးခြားစီ ဖြစ်နေကြောင်း ၎င်း၏ အဆိုအရ သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာနက ရေးဆွဲနေသည့် Emergency Law အတည်ပြု ပြဋ္ဌာန်းပြီးနောက်တွင်သာ အရေးပေါ် လူနာတင်ယာဉ်များ အတွက် Hotline နံပါတ်ကို အတည်ပြု ရရှိနိုင်မည်ဖြစ်ပြီး ယင်းဥပဒေ ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် SEA GAMES မတိုင်မီ ပြဋ္ဌာန်းနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်းထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment

My Blog List